မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် စာအုပ်တန်ဖိုးငွေ ၃၅၀၀၀ ကျပ်မှ ၄၀၀၀၀ ကျပ်သို့ ပြောင်းလဲသတ်မှတ်

မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် စာအုပ်တန်ဖိုးငွေ ၃၅၀၀၀ ကျပ်မှ ၄၀၀၀၀ ကျပ်သို့ ပြောင်းလဲသတ်မှတ်
Published 29 August 2024

မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် စက်တင်ဘာ ၁ ရက်ကစတင်၍ စာအုပ်တန်ဖိုးငွေ ၃၅၀၀၀ ကျပ်မှ ၄၀၀၀၀ ကျပ်သို့ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၏ သြဂုတ် ၂၉ ရက်ထုတ်ပြန်မှုအရ သိရသည်။

အဆိုပါထုတ်ပြန်ချက်တွင် ပြည်တွင်းတွင် သာမန်မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားလာမှုနှင့်ပတ်သက်၍ ၁-၉-၂၀၂၄ ရက်မှစ၍ စာအုပ်ဖိုးငွေ ၃၅၀၀၀ ကျပ်မှ ၄၀၀၀၀ ကျပ်သို့ ပြောင်းလဲသတ်မှတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပန်ကြားအပ်ကြောင်း ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့အနေဖြင့် နိုင်ငံကူးလက်မှတ်များအား မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ရန်ကုန်)တွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်မှစ၍လည်းကောင်း၊ နေပြည်တော်၊ မန္တလေး၊ ပုသိမ်၊ ပဲခူးတို့တွင် ယခုနှစ် ဖေဖော်ဝါရီ ၂၆  ရက်မှစ၍လည်းကောင်း Online Appointment System စနစ်ဖြင့် လုပ်ငန်းစဉ်အတိုင်း စိစစ်ထုတ်ပေးလျက်ရှိသည်။

မြစ်ကြီးနား၊ မုံရွာ၊ လားရှိုး၊ တောင်ကြီး၊ ကျိုင်းတုံ၊ စစ်တွေ၊ ဟားခါး၊ ဘားအံ၊ မော်လမြိုင်၊ ထားဝယ်၊ မကွေးတို့တွင် မေလ ၂  ရက်မှစ၍ Online Appointment System ဖြင့် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် KBZPay / MPU Card ဖြင့် စာအုပ်တန်ဖိုးငွေ ၃၅၀၀၀ ကျပ်ပေးသွင်းကာ နံနက်(၉)နာရီမှစ၍ Online မှ Booking တင်၍ Appiontment Date ရယူဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

Online မှ Booking တင်ရာတွင် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့၏ Website ၏ www.passport.gov.mm တွင် ဝင်ရောက်လျှောက်ထားနိုင်ပြီး Online မှ Booking ရရှိပြီးသူများအနေဖြင့် နိုင်ငံကူးလက်မှတ်လာရောက်လျှောက်ထားရာတွင်  လဝကမှ စိစစ်ထားသော UID နံပါတ်များ တစ်ပါတည်း ယူဆောင်လာရမည်ဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားရုံးခွဲနှင့် လားရှိုးရုံးခွဲတို့တွင် နိုင်ငံကူးလက်မှတ်လျှောက်ထားရန် Onlie Appointment ရယူထားသူများ ရန်ကုန်၊မန္တလေးနှင့် တောင်ကြီးတို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများတွင် ဆောင်ရွက်နိုင်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၏ ထုတ်ပြန်မှုအရ သိရသည်။

ထို့ပြင် နေပြည်တော်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲတွင် ရန်ကုန်တိုင်းဒေသကြီးအိမ်ထောင်စုစာရင်းနှင့် Online Booking လျှောက်ထားနိုင်ပြီး ကယားပြည်နယ်အိမ်ထောင်စုစာရင်းဝင်သူများသည် ပြည်နယ်အစိုးရအဖွဲ့ (သို့မဟုတ်) တိုင်းစစ်ဌာနချုပ် ထောက်ခံချက်ဖြင့် တောင်ကြီးရုံးခွဲကို ရွေးချယ် လျှောက်ထားနိုင်ကြောင်း သိရသည်။

Most Read

Most Recent