ထိုင်းနိုင်ငံ ဖူးခက်မြို့တွင် သေနတ်သမားတစ်ဦး ပစ်ခတ်မှုကြောင့် ၁၅ နှစ်အရွယ် မြန်မာမိန်းကလေးတစ်ဦး သေဆုံး

ထိုင်းနိုင်ငံ ဖူးခက်မြို့တွင် သေနတ်သမားတစ်ဦး ပစ်ခတ်မှုကြောင့် ၁၅ နှစ်အရွယ် မြန်မာမိန်းကလေးတစ်ဦး သေဆုံး
Published 20 August 2024

ထိုင်းနိုင်ငံ ဖူးခက်မြို့တွင် သေနတ်သမားတစ်ဦး ပစ်ခတ်မှုကြောင့် ၁၅ နှစ်အရွယ် မြန်မာမိန်းကလေးတစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်းမီဒီယာတစ်ခုဖြစ်သည့် Khaosod English ကသတင်းဖော်ပြထားသည်။

သြဂုတ် ၁၈ ရက် နံနက် ၁ နာရီခွဲခန့်က ကတူးခရိုင် Phra Phuket Kaeo လမ်းပေါ်ရှိ စီကိုလမ်းဆုံသို့ မရောက်မီ မီတာ ၅၀ ခန့်အကွာတွင် ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်စီးလာသည့် သေနတ်သမားက မြန်မာမိန်းကလေးငယ် လိုက်ပါလာသည့် ထရပ်ကားကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ဆိုင်ကယ်စီးလာသည့် သေနတ်သမားက ထရပ်ကားမောင်းနှင်သူ ကစ်တီပေါင်ဆိုသူကို ပစ်ခတ်ခဲ့ရာ ယာဉ်မောင်းဘေးတွင် လိုက်ပါလာသည့် နတ္တဝတ် ဆိုသူ ထိုင်းအမျိုးသားနှင့် ၁၅ နှစ်အရွယ် မနန်းဖောင်ဆိုသည့် အမျိုးသမီးငယ်ကို ထိမှန်ခဲ့ခြင်းဖြစ်သည်။

 မြန်မာအမျိုးသမီးငယ်မှာ ဦးခေါင်းဘယ်ဘက်ခြမ်းကို ကျည်ဆန်ထိမှန်ပြီးနောက် ကယ်ဆယ်ရေးအဖွဲ့ဝင်များက ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်မှုနှင့် ပတ်သက်ပြီး ထိုင်းအာဏာပိုင်များက စုံစမ်းစစ်ဆေးခဲ့ရာ အသက် ၁၉ နှစ်အရွယ် ထိုင်းနိုင်ငံသားသံသယရှိသူကို ဖော်ထုတ်နိုင်ခဲ့ပြီး ၄င်းကို စစ်ဆေးချက်အရ ထရပ်ကားမောင်းသူနှင့် Patong ကုန်းအဆင်းလမ်း ဓာတ်ဆီဆိုင်အနီးတွင် စကားများရန်ဖြစ်ခဲ့ကြောင်း၊ မီးပွိုင့်တွင် ထရပ်ကားခေါင်းခန်းကို ပစ်ခတ်ခဲ့ကြောင်း ဝန်ခံခဲ့သည်။ ပစ်ခတ်ခဲ့သူကို ဖူးခက်ခရိုင်၊ ထလက်ယိုင်ခရိုင်ခွဲရှိ ၄င်းဌားရမ်းနေထိုင်သည့် အိမ်တွင် ဖမ်းဆီးရမိခဲ့ပြီး အသုံးပြုခဲ့သည့် သေနတ်ကို ဖူးခက်မြို့ Wichit ခရိုင်ခွဲရှိ Khao Khad ရှုခင်းတွင် ပင်လယ်ထဲသို့ ပစ်ချခဲ့သည်ဟု ဝန်ခံခဲ့ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် မြန်မာအမျိုးသမီးငယ်မှာ ထိုင်းဖခင်နှင့် မြန်မာမိခင်တို့က မွေးဖွားခဲ့ပြီး ငယ်စဉ်ကတည်းက ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့ကာ အထက်တန်းပညာကို ထပ်မံသင်ယူခြင်းမရှိဘဲ အလုပ်လုပ်ကိုင်နေသူဖြစ်သည်။

Most Read

Most Recent