ရေကြီးမှုကြောင့် သီလဝါရှိ Terminal များ၌ လုပ်ငန်းနှောင့်နှေးမှုများရှိနေပြီး စက်သုံးဆီများ ပြတ်လပ်မှုမဟုတ်ဟု စွမ်းအင်ဝန်ကြီးဌာနဆို

ရေကြီးမှုကြောင့် သီလဝါရှိ Terminal များ၌ လုပ်ငန်းနှောင့်နှေးမှုများရှိနေပြီး စက်သုံးဆီများ ပြတ်လပ်မှုမဟုတ်ဟု စွမ်းအင်ဝန်ကြီးဌာနဆို
Published 1 August 2024

ရေကြီးမှုကြောင့် သီလဝါရှိ Terminal များ၌ လုပ်ငန်းနှောင့်နှေးမှုများရှိနေပြီး စက်သုံးဆီများ ပြတ်လပ်မှုမဟုတ်ဟု စွမ်းအင်ဝန်ကြီးဌာနက ပြောကြားသည်။

ဇူလိုင်လလယ်ခန့်မှစ၍ နိုင်ငံအနှံ့အပြား၌ မိုးအဆက်မပြတ်ရွာသွန်းပြီး နေရာအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေခြင်းကြောင့် သီလဝါဆိပ်ကမ်းဒေသရှိ Terminal များ၌ ပုံမှန်လုပ်ငန်းဆောင်ရွက်မှုများ အနည်းငယ် နှောင့်နှေးကြန့်ကြာခြင်း၊ ဆီတင်ယာဉ်များဖြင့် ဒေသအနှံ့အပြားသို့ ပို့ဆောင်ရာတွင်လည်း အချို့ဒေသများ၏ လမ်းခရီးအခြေအနေများအရ ဆီတင်ယာဉ်ရောက်ရှိရန် အနည်းငယ်နှောင့်နှေးကြန့်ကြာခြင်းတို့ကြောင့် အရောင်းဆိုင်အချို့တွင် ဆီတင်ယာဉ်မရောက်မီ စက်သုံးဆီအမျိုးအစားအချို့အား ယာယီပြတ်လပ်မှုမဖြစ်ပေါ်စေရေး စနစ်တကျ စိစစ်ထိန်းသိမ်းရောင်းချစေလျက်ရှိသည့်အပြင် လိုအပ်ပါက Urgent အစီအစဉ်ဖြင့် ဖြည့်တင်းပေးခြင်း၊ ရေကြီးရေလျှံမှုကြောင့် ယာယီပိတ်သိမ်းထားသော အရောင်းဆိုင်များသို့ ပေးပို့နေသည့် စက်သုံးဆီများအား လိုအပ်သည့် အရောင်းဆိုင်များသို့ ရွှေ့ပြောင်းချယူစေခြင်းများကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ပြောကြားထားသည်။

ထို့ပြင် စက်သုံးဆီ ပြတ်လပ်မည်ဆိုသော ကောလဟလသတင်းများကြောင့် လိုအပ်သည်ထက် ပိုမိုဝယ်ယူခြင်း၊ သိုလှောင်ထားရှိခြင်း မပြုလုပ်ကြရန်နှင့် လက်ရှိအခြေအနေများအရ စက်သုံးဆီပြတ်လပ်မှုမရှိနိုင်ဟု စွမ်းအင်ဝန်ကြီးဌာနမှ ပြောကြားသည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် သီလဝါဆိပ်ကမ်းဒေသရှိ သိုလှောင်ကန်စခန်းများ၌ ၂၀၂၄ ခုနှစ် သြဂုတ်လ ဒုတိယပတ်ကုန်အထိ စက်သုံးဆီ ဖူလုံစွာသုံးစွဲနိုင်ရေး ကြိုတင်သိုလှောင်ဖြန့်ဖြူးလျက်ရှိသည့်အပြင် ပြည်ပမှ စက်သုံးဆီတင်သင်္ဘောများဖြင့်လည်း စဉ်ဆက်မပြတ် ဝင်ရောက်ရန် စီမံဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ပြောကြားသည်။

ပြည်သူများအနေဖြင့် လိုအပ်သည်ထက် ပိုမိုဝယ်ယူခြင်း၊ သိုလှောင်ထားရှိခြင်း၊ စျေးနှုန်းမြှင့်တင်၍ တစ်ဆင့်ပြန်လည်ရောင်းချခြင်းတို့ကို မပြုလုပ်ကြပါရန်၊ သုံးစွဲရန် လိုအပ်သည့်ပမာဏကိုသာ ဝယ်ယူသုံးစွဲကြပါရန်၊ အရောင်းဆိုင်များကိုလည်း စက်သုံးဆီရှိလျက် ရောင်းချမပေးခြင်းမျိုး မပြုလုပ်ကြစေရေး စနစ်တကျစိစစ်ကြပ်မတ်လျက်ရှိပါကြောင်းနှင့် လက်ရှိအခြေအနေများအရ စက်သုံးဆီပြတ်လပ်မှုမရှိနိုင်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ပြောကြားထားသည်။

Most Read

Most Recent