နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများထံ နိုင်ငံတော်အဆင့် အဆောင်အယောင် မော်တော်ယာဉ်များ ဆက်ကပ် အပ်နှံ

နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများထံ နိုင်ငံတော်အဆင့် အဆောင်အယောင် မော်တော်ယာဉ်များ ဆက်ကပ် အပ်နှံ
Published 10 June 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်သံဃမဟာနာယဆရာတော်ကြီးများထံ နိုင်ငံတော်အဆင့်အဆောင်အယောင် မော်တော်ယာဉ်များ ဆက်ကပ်အပ်နှံခြင်း အခမ်းအနားကို ဇွန် ၉ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဝိဇယ မင်္ဂလာဓမ္မသဘင်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဒမ္မဇောတိဓဇ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယအဖွဲ့ အကျိုးဆောင် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဒမ္မဇောတိဓဇ မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တ ဝါသေဋ္ဌာဘိဝံသတို့ အမှူးပြုသည့် နိုင်ငံတော်သံဃမဟာနာယ ဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

နိုင်ငံတော်အစိုးရသည် နှစ်စဉ် ဇန်နဝါရီလ ၄ ရက်၊ လွတ်လပ်ရေးနေ့တွင် ဂန္ထဓုရ၊ ဝိပဿနာဓုရ ဟူသော ဓုရနှစ်ဖြာသာသနာကို တည်တံ့ပြန့်ပွားအောင်၊ ထွန်းလင်းဝေစည်အောင် ကြိုးပမ်းဆောင်ရွက်တော်မူလျက်ရှိ ကြသည့် ပြည်တွင်း/ပြည်ပမှ ဆရာတော်ကြီးများနှင့် သာသနာနွယ်ဝင် သီလရှင် ဆရာကြီးများ၊ ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီးအား ပစ္စည်းလေးပါးတို့ဖြင့် ထူးခြားစွာ အားပေးချီးမြှောက် ထောက်ပံ့လှူဒါန်းလျက်ရှိကြသည့် ပြည်တွင်း/ပြည်ပမှ လူပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို နှစ်စဉ်မပျက် ဆက်ကပ်အပ်နှင်းချီးမြှင့်ခြင်းဖြင့် ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီးကို အားပေးထောက်ပံ့လျက်ရှိပါကြောင်း နစက ဥက္ကဋ္ဌက အခမ်းအနားတွင် လျှောက်ထားတင်ပြသည်။

ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ၏ သြဝါဒတော်များနှင့်အညီ ဗုဒ္ဓသာသနာတော်မြတ်ကြီး ထွန်းလင်းဝေစည်အောင် စဉ်ဆက်မပြတ် ထောက်ပံ့ပူဇော်နိုင်ရန် အားစိုက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ထူးခြားမွန်မြတ်သော ဓမ္မပူဇာကုသိုလ်တော်အဖြစ် ဆဋ္ဌသင်္ဂါ ယနာမူ ပိဋကတ်သုံးပုံပါဠိတော်(မြန်မာ၊ ရိုမန်) အက္ခရာနှစ်မျိုးဖြင့် ပြုစုထားသော ကျမ်းစာအုပ်များကို ပြည်တွင်း/ ပြည်ပရှိ သာသနာ့တက္ကသိုလ်ကြီးများနှင့် ဘုန်းတော် ကြီးကျောင်းများသို့ လှူဒါန်းလျက်ရှိပါကြောင်း နစက ဥက္ကဋ္ဌက လျှောက်ထားတင်ပြသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးသည် သဗ္ဗညုဘုရားရှင် ဟောညွှန်တော်မူခဲ့သည့် ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ ဟုဆိုအပ်သော သာသနာတော်သုံးရပ်၏ လုပ်ငန်းတာဝန်များကို ကြိုးပမ်းစွာထမ်းဆောင်တော်မူကြသည့် သံဃာတော်အားလုံးကို ဦးဆောင်နေရသဖြင့် နိုင်ငံတော်၏ဗုဒ္ဓသာသနာတော်အတွက် တာဝန်ကြီးမားစွာဖြင့် ဦးဆောင်နေရသည့် သံဃာ့အဖွဲ့အစည်းကြီး ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက လျှောက်ထားတင်ပြသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အနေဖြင့် သာသနာတော် သန့်ရှင်း၊ တည်တံ့၊ ပြန့်ပွားရေးအတွက် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ကို ဦးဆောင်တာဝန်ယူဆောင်ရွက်နေသည့်ကာလတွင် သာသနာရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်းသည့် သာသနာ့တာဝန်များကို စိတ်လက်ပေါ့ပါးစွာဖြင့် လွယ်ကူလျင်မြန်စွာ ထမ်းဆောင်တော်မူနိုင်ကြပါစေရန် ရည်သန်လျက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မဟာနာယက ဆရာတော်ကြီးများထံ နိုင်ငံတော်အဆင့် မော်တော်ယာဉ်များကို ဆက်ကပ်အပ်နှံ သွားမည်ဖြစ်ပါကြောင်းနှင့် မဟာနာယကဆရာတော်ကြီးများ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီး၏အကျိုးကို အစဉ်သယ်ပိုး ထမ်းဆောင်နိုင်တော်မူကြပါစေကြောင်း နစက ဥက္ကဋ္ဌက လျှောက်ထားတင်ပြသည်။

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော်ကြီးက သမ္မောဒနီယ ဩဝါဒကထာကို မြွက်ကြားချီးမြှင့်တော်မူခဲ့ကြောင်း သိရသည်။

ယင်းနောက် နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီးနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော်ကြီးတို့ထံသို့ နိုင်ငံတော်အဆင့် အဆောင်အယောင်မော်တော် ယာဉ်များ ဆက်ကပ်အပ်နှံပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများက နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများထံ နိုင်ငံတော်အဆင့် အဆောင်အယောင်မော်တော်ယာဉ်များကို အသီးသီးဆက်ကပ်အပ်နှံကြပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကြောင်းနှင့် အခမ်းအနားတက်ရောက် လာကြသူများကလည်း ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ အသီးသီး ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။

ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်ကြီးများက ဘဝတု သုံးဂါထာနှင့် သဗ္ဗီတိယော မေတ္တာပို့ဂါထာတော်များကို ရွတ်ဆို၍ မေတ္တာပြုချီးမြှင့်တော်မူကြပြီး “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

Most Read

Most Recent