အရှေ့အလယ်ပိုင်းဒေသသို့ စစ်သင်္ဘောများနှင့် တိုက်လေယာဉ်များ ပိုမိုဖြန့်ကြက်ချထားမည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန ပြောကြား

အရှေ့အလယ်ပိုင်းဒေသသို့ စစ်သင်္ဘောများနှင့် တိုက်လေယာဉ်များ ပိုမိုဖြန့်ကြက်ချထားမည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန ပြောကြား
အမေရိကန်၏ USS Theodore Roosevelt လေယာဉ်တင်သင်္ဘောကို တွေ့ရစဉ်(Photo: AFP)
အမေရိကန်၏ USS Theodore Roosevelt လေယာဉ်တင်သင်္ဘောကို တွေ့ရစဉ်(Photo: AFP)
Published 3 August 2024

အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများမြင့်တက်နေချိန်တွင် အစ္စရေးနှင့် ဒေသတွင်း အမေရိကန်အမှုထမ်းများကိို ကာကွယ်ရန် ထိုဒေသသို့ စစ်လေယာဉ်များနှင့် တိုက်လေယာဉ်များ ပိုမိုဖြန့်ကြက်ချထားပြီး အမေရိကန်၏ စစ်အင်အားကို မြှင့်တင်သွားမည်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ် ၂ ရက်တွင် ပြောကြားခဲ့သည်။

အီရန်နိုင်ငံ တီဟီရန်မြို့တော်တွင် ဟားမာ့စ်ခေါင်းဆောင်တစ်ဦးနှင့် လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော်တွင် ဟစ်ဇ်ဘိုလာတပ်မှူးတစ်ဦး သတ်ဖြတ်ခံခဲ့ရသည့် ဖြစ်စဉ်များအတွက် အီရန်နှင့် ၎င်း၏ ဒေသတွင်း မဟာမိတ် များက လက်တုံ့ပြန်မည်ဟု ပြောကြားခဲ့ပြီးနောက် အမေရိကန်၏ ကြေညာချက်ထွက် ပေါ်လာခြင်းဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အီရန် သို့မဟုတ် အီရန်၏ မဟာမိတ်များ၊ လက်အောက်ခံများကြောင့် ဒေသတွင်းတင်းမာမှု မြင့်တက်လာမည့် အလားအလာကို လျှော့ချစေရန် အစီအစဉ်များကို ဆက်လက်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း ပင်တဂွန်၏ လက်ထောက်သတင်းပြန်ကြားရေးအရာရှိ ဆက်ဘရီနာဆင်းက ပြောကြားခဲ့သည်။

“အောက်တိုဘာ ၇ ရက်က အစ္စရေးကို ဟားမာ့စ်အဖွဲ့ရဲ့ ကြောက်မက်ဖွယ်တိုက်ခိုက်မှုဖြစ်ပွားပြီးကတည်းက အမေရိကန်ဟာအစ္စရေးရဲ့ ကာကွယ်ရေးကဏ္ဍအပေါ်ထားရှိတဲ့ ကျွန်မတို့ရဲ့ ကတိကဝတ်အပါအဝင် ဒေသတွင်း ကျွန်မတို့အမှုထမ်းတွေနဲ့ အကျိုး  စီးပွားတွေကို ကာကွယ်သွားမယ့်အကြောင်းကို ကာကွယ်ရေးဝန်ကြီးက ထပ်လောင်းအတည်ပြုခဲ့ပါတယ်”ဟု ဆက်ဘရီနာဆင်းက ပြောကြားခဲ့သည်။

USS Abraham Lincoln ဦးဆောင်သည့် လေယာဉ်တင်သင်္ဘောတိုက်ခိုက်ရေးအုပ်စုသည် ဒေသတွင်း USS Theodore Roosevelt ဦးဆောင်သည့် တိုက်ခိုက်ရေး စစ်သင်္ဘောအုပ်စုနေရာတွင် အစားထိုးတာ ဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ဆင်းကပြောကြားခဲ့သည်။

ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ကလည်း  အမေရိကန်၏ ဥရောပစစ်ဌာချုပ်အောက်ရှိ နေရာဒေသများနှင့် အရှေ့အလယ်ပိုင်းသို့ ပဲ့ထိန်းဒုံးကျည်ကာကွယ်နိုင်သည့်က ရူဇာစစ်သင်္ဘောများနှင့် ဖျက်သင်္ဘောများကို ဖြန့်ကြက်ချထားရန်နှင့်အရှေ့အလယ်ပိုင်းဒေသသို့ တိုက်လေယာဉ်အုပ်စုသစ်စေလွှတ်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။

အစ္စရေးသည် ဇူလိုင် ၃၀ ရက်က လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော်တွင် ဟစ်ဇ်ဘိုလာတပ်မှူး ဖူအက် ရှူကာကိုပစ်မှှတ်ထားပြီး တိုက်ခိုက်ချေမှုန်းခဲ့သည်။နာရီအနည်းငယ်အကြာတွင် အီရန်နိုင်ငံ တီဟီရန်မြို့တော်၌ ဟားမာ့စ်ခေါင်းဆောင် အစ္စမေးဟာနီယာ တိုက်ခိုက်ခံရပြီး သေဆုံးခဲ့ကာ အစ္စရေးက ထိုဖြစ်စဉ်ကို မှတ်ချက်မပေးခဲ့ပေ။

ဇူလိုင် ၃၁ ရက်တွင်မူ အီရန်အရာရှိများသည် တီဟီရန်မြို့တော်တွင်တော်လှန်ရေး မဟာမိတ်များဟု ခေါ်ဆိုသည့် လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး နောက်ထပ်လုပ်ဆောင်မည့် အစီအစဉ်များကိုဆွေးနွေးခဲ့ဟု  ဟစ်ဇ်ဘိုလာအဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့တော်ရှိ အီရန်ကောင်စစ်ဝန်ရုံးကို အစ္စရေးကတိုက်ခိုက်ခဲ့မှုကို တုံ့ပြန်သည့်အနေဖြင့် အီရန်သည် ဧပြီလအတွင်းက အစ္စရေး၏နယ်နိမိတ်ကို ပထမဆုံးအကြိမ် တိုက်ရိုက်တိုက်ခိုက်ခဲ့သည်။

Ref: AFP

Most Read

Most Recent