လားရှိုးရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ)ကို သိမ်းပိုက်ရရှိဟုဆိုကာ MNDAA အဖွဲ့က ဓာတ်ပုံများထုတ်ပြန်လာ

လားရှိုးရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ)ကို သိမ်းပိုက်ရရှိဟုဆိုကာ MNDAA အဖွဲ့က ဓာတ်ပုံများထုတ်ပြန်လာ
ပုံစာ- MNDAA အဖွဲ့က ရမခအား သိမ်းပိုက်ရရှိဟုဆိုကာ ထုတ်ပြန်ထားသည့် ပုံများကိုတွေ့ရစဉ်။
ပုံစာ- MNDAA အဖွဲ့က ရမခအား သိမ်းပိုက်ရရှိဟုဆိုကာ ထုတ်ပြန်ထားသည့် ပုံများကိုတွေ့ရစဉ်။
Published 3 August 2024

လားရှိုးရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ)ကို သိမ်းပိုက်ရရှိဟုဆိုကာ MNDAA အဖွဲ့က ဓာတ်ပုံများထုတ်ပြန်လာသည်ကို တွေ့ရသည်။

လားရှိုးရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ)ကို  သြဂုတ် ၃ ရက် မွန်းလွဲပိုင်းတွင် သိမ်းပိုက်ရရှိကြောင်း MNDAA ကဓာတ်ပုံများ ထုတ်ပြန်လာပြီး Exile မီဒီယာများတွင်လည်း အဆိုပါသတင်းများကို ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြလျက်ရှိသည်။

မြောက်ပိုင်းသုံးဖွဲ့သည် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်က စတင်၍ ၁၀၂၇ စစ်ဆင်ရေးဟု အမည်ပေးထားသည့် စစ်ဆင် ရေးကိုပြုလုပ်ခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လုံခြုံရေးစခန်းများကို တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ကြီးငယ်များဖြစ်ပွားခဲ့ပြီး တရုတ်နိုင်ငံက ရှမ်းမြောက်တိုက်ပွဲများအား နယ်စပ်ဒေသတည် ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းရန်နှင့် အမြန် ဆုံးအပစ်အခတ်ရပ်စဲပြီး နှစ်ဖက်တွေ့ဆုံဆွေး နွေးရန် တိုက်တွန်းခဲ့ပြီးနောက် ၎င်းတို့၏ကြားဝင်ဆောင်ရွက်မှုဖြင့် နစက၏ကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့သည် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး နောက် ၂၀၂၄ ဇန်နဝါရီလအတွင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကာ ၎င်းတို့သိမ်းပိုက်ခဲ့သည့် မြို့များကိုလည်း ထိန်းချုပ်ခဲ့သည်။

ထို့နောက် ၂၀၂၄ ခုနှစ် ဇွန်လကုန်ပိုင်းတွင် ၁၀၂၇ စစ်ဆင်‌ရေး ဒုတိယပိုင်း ပြန်စသည်ဟု ဆိုကာ TNLA အဖွဲ့က မိုး ကုတ်၊ နောင်ချို၊ သီပေါတစ်ဝိုက်တွင်လည်း ကောင်း၊ TNLA နှင့်ပူးပေါင်းထားသည့်  MDY PDF က မတ္တရာ-စဉ့်ကူးတွင်လည်းကောင်း  လုံခြုံရေးစခန်းများတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ဇူလိုင် ၃ ရက်တွင် MNDAA အဖွဲ့နှင့် ပူးပေါင်းအဖွဲ့က အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်(ရမခ) တည်ရှိရာ လားရှိုးမြို့အနီးတစ်ဝိုက်ရှိ တပ်စခန်းများကို စတင်တိုက်ခိုက်ခဲ့သည်။

ထိုသို့တိုက်ခိုက်မှုများပြုလုပ်ရာတွင် MNDAA အဖွဲ့နှင့် ပူးပေါင်းအဖွဲ့က လားရှိုးမြို့ တွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှုများဆက်တိုက်ပြုလုပ်ခဲ့သဖြင့် ရှော့တိုက်ဒုံးများ လူနေရပ်ကွက်များအတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားများသေဆုံးမှုရှိလာသည့်နောက်တွင် ဒေသခံများသည် လားရှိုးမြို့မှ ဘေးလွတ်ရာဒေသများသို့ တိမ်းရှောင်ခဲ့ရပြီး လားရှိုးမြို့တွင် ဒေသခံ ၉၀ ရာခိုင်နှုန်းခန့်သည် စစ်ဘေးရှောင်ခဲ့ရသည်။

ထို့နောက် လားရှိုးမြို့တစ်ဝိုက်တွင် တိုက်ပွဲများသည် နေ့စဉ်ရက်ဆက်ဖြစ်ပွားလျက်ရှိရာ တပ်မတော်ကလည်း MNDAA ထိန်းချုပ်ထားသည့် လောက်ကိုင်မြို့အား ဇူလိုင် ၁၄ ရက် နံနက်အစောပိုင်းတွင် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် ယင်းနေ့၌ပင် MNDAA အဖွဲ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအစည်းအဝေးကျင်းပမည့် လေးရက်တာကာလတွင် အစည်းအဝေးအား ဂုဏ်ပြုခြင်းနှင့် စိုးရိမ်မှုအပေါ်လေးစားခြင်းကြောင့် ဇူလိုင် ၁၄ ရက်မှ ဇူလိုင် ၁၈ ရက်အထိ အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့သည်။

ထိုသို့ အပစ်အခတ်ရပ်စဲကြောင်းကြေညာခဲ့သော်လည်း MNDAA အဖွဲ့သည် လားရှိုးမြို့အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့်ဆက်လက်ပစ်ခတ်ခဲ့ပြီး တပ်မတော်၏တပ်ရင်းများကိုလည်း ဆက်လက်တိုက်ခိုက်ခဲ့ရာ တပ်မတော်ကလည်း MNDAA ထိန်းချုပ်ထားသည့် သိနီမြို့တွင် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ MNDAA အဖွဲ့က တရုတ်နိုင်ငံ၏ချက်ချင်းအပစ်အခတ်ရပ်စဲရေးနှင့် စစ်ပွဲများရပ်တန့်ရေးတောင်းဆိုချက်ကို တက်ကြွစွာတုံ့ပြန်ရန်ဟုဆိုကာ ဇူလိုင် ၁၉ ရက်မှ ဇူလိုင် ၃၁ ရက်အထိ ထပ်မံအပစ်အခတ်ရပ်စဲမည်ဟု ထုတ်ပြန်ခဲ့သည်။

ယင်းကဲ့သို့ အပစ်အခတ်ရပ်စဲကြောင်း MNDAA အဖွဲ့က ကြေညာထားသော်လည်း တစ်ဖက်တွင် ၎င်းတို့သည် လားရှိုးမြို့ရှိ တပ်စခန်းကို အပြင်းအထန်တိုက်ခိုက်မှုများကို သြဂုတ် ၃ ရက်အထိ ပြုလုပ်ခဲ့ပြီး ယခုအခါ ရမခစစ်ဌာနချုပ်အား သိမ်းပိုက်ရရှိသည်ဟု ထုတ်ပြန်လာခြင်းဖြစ်သည်။

ရမခစစ်ဌာနချုပ်အား MNDAA ကသိမ်းပိုက်ရရှိသည်ဆိုသည့် သတင်းနှင့်ပတ်သက်၍ တပ်မတော်ထောက်ခံသူအချို့၏ လူမှုကွန်ရက်တွင် ရေးသားမှု၌ ရမခနှင့်သြဂုတ် ၃ ရက် နံနက်ပိုင်းတွင် အဆက်အသွယ်ပြတ်တောက်ခဲ့သော်လည်း ညနေပိုင်းတွင် အဆက်အသွယ်ပြန်လည်ရရှိပြီဟုလည်းကောင်း၊ ရမခသို့ စစ်ကူသွားသည့် စစ်ကြောင်းသည်လည်း လမ်းခရီးတွင်တိုက်ခိုက်ခံရမှုရှိသည်ဟုလည်းကောင်း၊ ရမခတို့ပူးပေါင်းထားသည့် တပ်များသည် အခြားတစ်နေရာသို့ ဆုတ်ခွာရွေ့ပြောင်းထားသည်ဟုလည်းကောင်း၊ ရမခအတွင်း MNDAA များဝင်ရောက်လာသော်လည်း ပစ်ခတ်တိုက်ခိုက်ဆဲဖြစ်ကြောင်း စသည်ဖြင့် တွေ့ရသည်။

လက်ရှိတွင် လားရှိုးမြို့ ရမခ အနီးတစ်ဝိုက် ယနေ့ (သြဂုတ် ၃ ရက်) ည ၈ နာရီထိ ပစ်ခတ်သံများ ကြားနေရကြောင်း လားရှိုး စစ်ရေး အခြေအနေကို စောင့်ကြည့် နေသူတစ်ဦး၏ ပြောကြားမှုအရ သိရပြီး မြေပြင် အသေးစိတ် အခြေအနေနှင့် ပတ်သက်၍ တိတိကျကျ သိရှိရခြင်း မရှိသေးပေ။

ထို့ပြင် လားရှိုးတိုက်ပွဲသတင်းနှင့်ပတ်သက်၍လည်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့ထံ မီဒီယာများက မေးမြန်းထားသော်လည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။ 

 

Most Read

Most Recent