မြဝတီမြို့တွင် မြဝတီ ဒေါနတောင်ကျော် ခရီးလမ်းအခြေအနေကြောင့် ဆန်ကား ဝင်ရောက်မှု နည်းသဖြင့် ဆန်ဆိုင်အများစု ပိတ်ထားပြီး ဆန်စျေး မြင့်တက်

မြဝတီမြို့တွင် မြဝတီ ဒေါနတောင်ကျော် ခရီးလမ်းအခြေအနေကြောင့် ဆန်ကား ဝင်ရောက်မှု နည်းသဖြင့် ဆန်ဆိုင်အများစု ပိတ်ထားပြီး ဆန်စျေး မြင့်တက်
Published 12 June 2024

မိုးရက်ဆက်ရွာသွန်းသည့်အတွက် မြဝတီဒေါနတောင်ကျော်လမ်းများဖြစ်သည့် ထို့ကော်ကိုးလမ်း၊ ၁၀၁၈လမ်း၊ သစ်ကတေလမ်းတို့မှ ခရီးသွားယာဉ်များ၊ ကုန်စည်ကားများ သွားလာရခက်ခဲခြင်းကြောင့် မြဝတီမြို့တွင် ဆန်ကားဝင်ရောက်မှု နည်းသဖြင့် ဆန်ဆိုင်အများစုပိတ်ထားပြီး ဆန်စျေးမြင့်တက်နေကြောင်း သိရသည်။

မြဝတီဒေါနတောင်ကျော်လမ်းဟောင်းမှ ဂိတ်ကြေးများများရသော အဆင်းကုန်ကားကြီးများကိုသာ ပေးသွားကာ မြဝတီသို့ အတက်ကားများအား ဝန်စည်စလယ်ဖြင့်ပေးမသွားဘဲ ကုန်လွတ်ကားများကိုသာပေးသွားသည့်အတွက် မြဝတီသို့ ဆန်အဝင်နည်းသွားခြင်းဖြစ်သည်ဟုဆိုသည်၊

မြဝတီမြို့ အမှတ်၅ ရပ်ကွက် ရုံးလမ်းရှိ ရွှေအိုးကြီး ဆန်ဆိုင်တွင် ယနေ့(ဇွန် ၁၂ ရက်)၌ ကော့ကရိတ်တောင်ခြေ၌ တစ်လခန့််ကြာနေသော ဆန်ကား ဝင်ရောက်ကြောင်း ကြေညာထားသည်ကိုတွေ့ရသည်။

မြဝတီမြို့အမှတ် ၃ ရပ်ကွက်၊ ကြံခင်းလမ်းမပေါ်ရှိ ဆန်ဆိုင်ကြီးများတွင် ပိတ်ထားဆဲဖြစ်ပြီး ဆန်ဈေ း မြင့်တက်နေခြင်း၊ ဆန်ဝယ်ရခက်ခဲခြင်းများကြောင့် ဒေသခံလက်လုပ်လက်စားများ ပိုမိုအခက်ကြုံနေရသည်ဟုဆို်သည်။

လက်ရှိတွင် ငွေကြေးတတ်နိုင်သူများက ထိုင်းနိုင်ငံမဲဆောက်ဈေ းမှ ထိုင်းဆန်ကို ဝယ်ယူစားသောက်ပြီး အများစုသည် ပြည်တွင်းဆန်ကိုသာ ဝယ်ယူလိုကြကြောင်း သိရသည်။

မြဝတီမြို့ ဒေသခံတစ်ဦးက"မိုးကြီးတော့ ထို့ကော်ကိုးလမ်း၊ ၁၀၁၈ လမ်း၊ ကြက်ဥတောင်လမ်းတွေက ကုန်ကားတွေသွားလာမရဘူး၊လမ်းဟောင်းမှာက ငွေရများတဲ့ အဆင်းကားကို ဦးစားပေးလွှတ်တယ်။ အတက်ကားတွေကို သုံးလေးရက်လောက်ပိတ်ထားတယ်။ ဘာမှမပါတဲ့ကားတောင် လမ်းကြေးသိန်းချီကုန်တယ်။ အဆင်းကားတွေလည်း ဆယ့်ငါးသိန်းအထက်ကုန်ကျတယ်။ မတော်လောဘကြောင့် လူထုဒုက္ခအရမ်းရောက်နေကြပြီ။ နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့အာရှလမ်းမကြီးကို ဖွင့်ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်"ဟု ပြောကြားသည်။

မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးတွင်အရေးပါသည့် မြဝတီ-ကော့ကရိတ် ဒေါနတောင်ကျော် အာရှလမ်းသစ်သည် ကော့ကရိတ်တိုက်ပွဲဖြစ်ပြီးနောက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှစတင်၍ ယခု ၂၀၂၄ ဇွန်လအထိ ခြောက်လကျော်လာသည့်တိုင် ပိတ်ထားဆဲဖြစ်သည်။

Most Read

Most Recent