၁၀ နှစ်တာကာလအတွင်း မီးလောင်မှု ၁၈၀၀၀ ခန့်ဖြစ်ပွားပြီး ဆုံးရှုံးမှု ၁၈၇ ဘီလျံကျော်ခန့်ရှိကာ နိုင်ငံတစ်ဝန်း မီးလောင်မှုကြောင့် နှစ်စဉ် ၁၈ ဘီလျံကျော်ဆုံးရှုံးနေ

၁၀ နှစ်တာကာလအတွင်း မီးလောင်မှု ၁၈၀၀၀ ခန့်ဖြစ်ပွားပြီး ဆုံးရှုံးမှု ၁၈၇ ဘီလျံကျော်ခန့်ရှိကာ နိုင်ငံတစ်ဝန်း မီးလောင်မှုကြောင့် နှစ်စဉ် ၁၈ ဘီလျံကျော်ဆုံးရှုံးနေ
Published 6 May 2024

၁၀ နှစ်တာကာလအတွင်း မီးလောင်မှုအကြိမ်ပေါင်း ၁၈၀၀၀ ခန့်ဖြစ်ပွားပြီး ဆုံးရှုံးမှုတန်ဖိုး ၁၈၇ ဘီလျံကျော်ခန့်ရှိကာ နိုင်ငံတစ်ဝန်း မီးလောင်မှုကြောင့် နှစ်စဉ် ၁၈ ဘီလျံကျော်ဆုံးရှုံးနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။

မေ ၅ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC – II) ၌ ကျင်းပသည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဝန်ကြီးချုပ်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မြန်မာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးညီလာခံ ကျင်းပခဲ့သည့် မေ ၅ ရက်နေ့ကို အစွဲပြုပြီး “မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့” အဖြစ် ကျင်းပလာခဲ့သည်မှာ ယနေ့ဆိုလျှင် ၇၈ နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့သည် ပြည်ထဲရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုများနှင့်အညီ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးစသည့် ရည်မှန်းချက်တာဝန်(၄)ရပ် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အလိုက် ကြိုတင်စီမံမှု၊အကောင်အထည်ဖော်ဆောင်ရွက်မှု၊ ပြန်လည်သုံးသပ်မှုဆိုသည့် အရေးကြီးသည့်ကဏ္ဍများကို မဟာဗျူဟာကျကျနှင့် အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံတွင် နှစ်စဉ်မီးလောင်မှုများ ဖြစ်ပွားလျက်ရှိရာ ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ၁၀ နှစ်တာကာလအတွင်း မီးလောင်မှုအကြိမ်ပေါင်း ၁၈၀၀၀ ခန့်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၁၈၇ ဘီလျံကျော်ခန့်ရှိကြောင်း၊ နိုင်ငံတစ်ဝန်းလုံး ပျမ်းမျှအားဖြင့် တစ်နှစ်တွင် အကြိမ်ရေ ၁၈၀၀ ခန့်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုအနေဖြင့် နှစ်စဉ် ၁၈ ဘီလီယံကျော်ဆုံးရှုံးနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနှင့်အတူ နိုင်ငံအလိုက် လူဦးရေတိုးပွားလာမှုများနှင့် စက်မှုနည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ မီးလောင်မှုဖြစ်စဉ်များ များလာသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် နှစ်စဉ်မီးလောင်မှုအကြိမ်ရေနှင့် မီးဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုတန်ဖိုးများ လျော့ကျစေရေးအတွက် ပြည်သူလူထုအတွင်း မီးသတိပြုရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာများ စိမ့်ဝင်ပျံ့နှံ့နေအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

မီးသတ်တပ်ဖွဲ့အနေဖြင့် မီးလောင်မှုနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို မီးသတ်ဦးစီးဌာန၏ Website စာမျက်နှာမှတစ်ဆင့် Live ထုတ်လွှင့်ပြသခြင်း၊ Update သတင်းများ တင်ပြထုတ်လွှင့်ပေးခြင်းများသည်လည်း ထိရောက်သည့် အသိပညာပေးပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း ဖြစ်သည့်အတွက် ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တစ်ဖက်ကလည်း ပြည်သူများ အနေဖြင့်လည်း မီးဘေးအန္တရာယ်က ကင်းဝေးအောင် အသိ၊ သတိနှင့် မပေါ့မဆကြဘဲ ကြိုတင်ကာကွယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဦးဝဏ္ဏမောင်လွင်၊ ဒေါ်ဒွဲဘူ၊ မန်းငြိမ်းမောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ အရာရှိများနှင့် တပ်ဖွဲ့ဝင်များ၊ အငြိမ်းစားမီးသတ်တပ်ဖွဲ့ဝင်အရာရှိကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ သန္ဓေ၊ အရန်၊ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ၏ ကိုယ်စားလှယ်များ၊ ထူးချွန်ဆုရရှိကြသည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။

Most Read

Most Recent