ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူ မြို့အနီးတွင် ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်များ ဖောက်လုပ်ခဲ့သည်ဟုဆိုသော ဥမင်လိုဏ်ခေါင်းတစ်ခု တွေ့ရှိ

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူ မြို့အနီးတွင် ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်များ ဖောက်လုပ်ခဲ့သည်ဟုဆိုသော ဥမင်လိုဏ်ခေါင်းတစ်ခု တွေ့ရှိ
Published 7 April 2024

ထိုင်း - မြန်မာနယ်စပ် ဘုရားသုံးဆူမြို့အနီးတွင် ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်များဖောက်လုပ်ခဲ့သည်ဆိုသော ဥမင်လှိုဏ်ခေါင်းတစ်ခု တွေ့ရှိခဲ့ကြောင်း ထိုင်းနိုင်ငံဘက်မှ လာသည့် သတင်းများအရ သိရသည်။

ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်များဖောက်လုပ်ခဲ့သည့် သေမင်းတမန်ရထားလမ်းအား သုတေသနလုပ်နေသည့် ထိုင်းနိုင်ငံသား Srawut Saiaungsiripong နှင့် Marnchai Wattanakaran တို့နှစ်ဦးက ဘုရားသုံးဆူမြို့ နှင့် မီတာ (၁၀၀) ခန့်အကွာ၊ ထိုင်းနိုင်ငံ စံခလယ်ကျေးရွာ ဘုရားသုံးဆူ - စံခလဘူရီ အဝေးပြေးလမ်းမကြီးအနီး တွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ထိုင်းသတင်းများက ဆိုကြသည်။

အဆိုပါ ဥမင်လှိုဏ်ခေါင်းမှာ အကျယ် (၁) မီတာ နှင့် အမြင့် (၂.၅) မီတာခန့် ၊ အရှည် (၃၅) မီတာခန့်ရှိပြီး၊ တောင်ကုန်းတစ်ခုကို ခပ်ကွေးကွေး ဖေါက်လုပ်ထားခြင်းဖြစ်ကြောင်း သေမင်းတမန်ရထားလမ်းအား သုတေသနလုပ်နေသည့် ထိုင်းနိုင်ငံသား Srawut ၏ ပြောကြားချက်အား ကိုးကား၍ ထိုင်းသတင်းဌာနများက ဖေါ်ပြကြသည်။

Srawut က “ ဒုတိယကမ္ဘာစစ်တုန်းက အကျဉ်းသားတွေ၊ စစ်သုံ့ပန်းတွေနဲ့ ဖောက်လုပ်ခဲ့တာလို့ ယူဆရပါတယ်။ ဘာကြောင့်လဲဆိုတော့ မြေတူးတဲ့ ပေါက်ချွန်းတွေ၊ သံတူးရွင်းတွေ၊ ပေါက်တူးတွေ သုံးခဲ့တဲ့ အစအနတွေ တွေ့ရတယ် ဟု ဆိုသည်။

ဒုတိယကမ္ဘာစစ်အတွင်းက ထိုင်းနိုင်ငံ Ban Songaria မှ မြန်မာနိုင်ငံ သံဖြူဇရပ်မြို့အထိ ဂျပန်စစ်သားများက သေမင်းတမန်ရထားလမ်းဖောက်လုပ်နေချိန်အတွင်း မဟာမိတ်များက လေကြောင်းမှတိုက်ခိုက်မှုများလုပ်ဆောင်လာပါက ပုန်းခိုရန်အတွက် ထို ဥမင်ကို ဖောက်လုပ်ကာ အသုံးပြုခဲ့သည်ဟု ယူရကြောင်း သုတေသီ (၂) ဦးလုံးက ယူဆထားကြသည်။

ဥမင်လှိုင်ခေါင်း အထဲမှာက အတော်လေး အကောင်းအတိုင်းရှိနေသေးတယ်။ ဥမင်အဝမှာဘဲ ပြိုကျနေတာကိုတွေ့ရတယ်။ ဥမင်ထဲမှာ မီးအိမ်တွေထွန်းလို့ မှိုင်းစွဲနေတဲ့ မီးခိုမဲတွေကို ဥမင်နံရံတွေမှာ အခုအချိန်အထိ တွေ့ရတယ် ဟု Srawut က ပြောကြားသည်။

ထိုဥမင်လှိုင်ခေါင်းမှာ လက်ရှိအချိန်အထိ အခိုင်အခန့်ရှိနေပြီး၊ (၂) မီတာခြား တိုင်နှင့်ထောက်ထားသလို တည်ဆောက်ထားပြီး ဥမင်တစ်ဖက်အဆုံးတွင် သစ်တောနှင့် ဆက်စပ်နေသည်ဟု သုတေသီ (၂) ဦးလုံးက ဆိုထားသည်။

ဥမင်လှိုဏ်ခေါင်း ၏ အလယ် (၁၀) မီတာခန့်တွင် လမ်းခွဲတစ်ခုရှိပြီး၊  အခန်းတစ်ခန်း နှင့် ထွက်ပေါက်တစ်ခုရှိကြေင်း၊ စံခလယ်မြစ်ကိုဖြတ်သန်းသွားသည့် တံတား၏ ဘိလပ်မြေဘောင် နှင့် ရေနွေးငွေ့မီးရထားစက်ခေါင်းများ ရေဖြည့်ပေးသည့် ဘိလပ်မြေကန်တွေကိုလည်း တွေ့ရှိထားကြောင်း သိရသည်။

ယခုတွေ့ရှိထားသည့် ဥမင်လှိုင်ခေါင်းကို ထိန်းသိမ်းပြုပြင်မှုများနှင့် လေ့လာမှုများ ဆက်လက်ပြုလုပ်ပြီး ခရီးသွးလုပ်ငန်းတွင် အသုံးပြုရန် သုတေသီ (၂) ဦးလုံးက ထိုင်းအစိုးရအား အကြံပြုထားသည်ဟု သိရသည်။

လက်ရှိ ဧပြီလအတွင်း ဥမင်လှိုင်ခေါင်းကို သွားရောက်ကြည့်ရှုပြီး နိုင်ငံခြားခရီးသွားလုပ်ငန်း နှင့် ပညာရေးအတွက် ပြုပြင် မွမ်းမံမှုများ လုပ်နိုင်မည့် နည်းလမ်းများကို တခြား ခရီးသွား အေဂျင်စီများနှင့် ဆွေးနွေးသွားမည်ဟုလည်း ဒေသခံ ထိုင်းလွှတ်တော်အမတ် Panom Pokaew က ထိုင်းသတင်းမီဒီယာများအား ပြောကြားထာသည်။

ဒုတိယကမ္ဘာစစ်အတွင်းက ဖက်စစ်ဂျပန်များ ဖောက်လုပ်သွားသည့် ကမ္ဘာကျော် သေမင်းတမန်ရထားလမ်းအား ထိုင်းနိုင်ငံဘက်ခြမ်းတွင် ထိုင်းအစိုးရမှ ပြုပြင်ထိန်းသိမ်းကာ ခရီးသွားလုပ်ငန်းအတွက် အသုံးပြုလျှက်ရှိသော်လည်း မြန်မာနိုင်ငံဘက်ခြမ်းရှိ သေမင်းတမန်ရထားလမ်းပိုင်းမှာ ပျောက်ကွယ်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent