ကုန်သွယ်မှုလမ်း အခက်အခဲများကြောင့် မြဝတီနယ်စပ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ၁၁ လတွင် ပို့ကုန်နှင့်သွင်းကုန် ယခင်နှစ်ကာလတူကထက် ထက်ဝက်ခန့်လျော့ကျ

ကုန်သွယ်မှုလမ်း အခက်အခဲများကြောင့် မြဝတီနယ်စပ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ၁၁ လတွင် ပို့ကုန်နှင့်သွင်းကုန် ယခင်နှစ်ကာလတူကထက် ထက်ဝက်ခန့်လျော့ကျ
Published 4 March 2024

နယ်စပ်ကုန်သွယ်ရေးစခန်းများအနက် ဒုတိယကုန်သွယ်မှုအများဆုံးဖြစ်သော်လည်း ကုန်သွယ်မှုလမ်း အခက်အခဲများကြောင့် မြဝတီနယ်စပ်မှ ပြည်ပသို့ပို့ကုန်ရော ပြည်တွင်းသို့ သွင်းကုန်ပါ များစွာလျော့ကျလာသည့်အတွက် ယခု၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်သစ် ၁၁ လပြည့်ရန် တစ်ပတ်အလိုတွင် ယခင်နှစ်ကာလတူကထက် ကုန်သွယ်မှုပမာဏအမေရိကန်ဒေါ်လာ ၇၈၀ ဒသမ ၁၂၉ သန်းထိ လျော့ကျခဲ့ကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ခုဘဏ္ဍာ နှစ်သစ်ဖြစ်သော  ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်ထိ ထိုင်းနိုင်ငံဘက်သို့  လယ်ယာထွက်ကုန်ပြောင်း ဆန်နှင့် ရေသယံဇာတ ငါးပုစွန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၉၅ ဒသမ ၇၇၀ သန်းဖိုးသာတင်ပို့နိုင်ခဲ့ပြီး  ယခင်နှစ်ကာလတူက တင်ပို့ခဲ့သည့် အမေရိကန်ဒေါ်လာ ၆၅၅ ဒသမ ၆၂၂ သန်းနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၃၅၉ ဒသမ ၈၉၃ သန်း ထိလျော့ကျလျက်ရှိကြောင်း စီးပွားကူးသန်းဌာန၏ထုတ်ပြန်ချက်အရ သိရသည်။

ယင်းကဲ့သို့ ပို့ကုန်တင်ပို့မှုလျော့ကျလာခြင်းမှာ ကုန်သွယ်ရေးမူဝါဒအပြောင်းအလဲနှင့် ကုန်သွယ်ရေးလမ်းကြောင်း အခက်အခဲများကြောင့်ဖြစ်ပြီး ယခုနှစ်တွင်  တရားမဝင်ကုန်သွယ်မှုမှာလည်း ယခင်ထက်အားကောင်းလာသည်ဟု နယ်စပ်ကုန်သွယ်တစ်ဦးက ပြောကြားသည်။

ထို့အတူ ထိုင်းနိုင်ငံထုတ်ကုန်စည်များ ပြည်တွင်းစျေးကွက်သို့ တရားဝင်တင်သွင်းမှုမှာလည်း ယခင်နှစ်ကထက်လျော့ကျလျက်ရှိပြီး၂၀၂၃ခု ဧပြီ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်ထိ အမေရိကန် ဒေါ်လာ ၇၉၀ ဒသမ ၁၉၁ သန်းသာ ကုန်သွယ်နိုင်ခဲ့ပြီး ယခင်နှစ်ကာလတူက ကုန်သွယ်ခဲ့သည့် အမေရိကန်ဒေါ်လာ ၁၂၁၀ ဒသမ ၄၂၇ သန်းနှင့် နိုင်းယှဉ်ပါက ဒေါ်လာ ၄၂၀ ဒသမ၂၃၆ သန်း လျော့ကျလျက်ရှိကြောင်း သိရသည်။

မြဝတီနယ်စပ်ကုန်သွယ်လမ်းကြောင်း၏ အရေးပါသော မြဝတီဒေါနတောင်ကျော် အာရှလမ်းသစ်မှာ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၁ ရက်က စတင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲနောက်ပိုင်း ယခုအချိန် ယာဉ်အသွားအလာ ရပ်ဆိုင်းထားဆဲဖြစ်သည်။

ယင်းမတိုင်ခင်မြဝတီနယ်စပ်ကုန် သွယ်ရေးစခန်းတိုက်ခိုက်ခံရပြီးနောက် ကုန်သွယ်မှုမှာ ကြန့်ကြာမှုများ ရှိလာပြီး ကုန်စည်စီးဆင်းမှုမှာလည်းယခင်ထက် နှောင့်နှေးလျက်ရှိရာမှ ယခုအခါခက်ခဲကြမ်းတမ်းသော ထို့ကော်လမ်းမှသာ ယာဉ်ငယ်နှင့် ခြောက်ဘီးယာဉ်များသာ သွားလာနေရသဖြင့် နယ်စပ်ကုန်သွယ်မှုမှာမရှိသလောက် လျော့ကျသွားခြင်းဖြစ်သည်။

Most Read

Most Recent