လက်ရှိဘဏ္ဍာနှစ် ရှစ်လအတွင်း ပြည်ပသို့ နှမ်းတင်ပို့မှုမှ ဒေါ်လာ ၅၅ သန်းကျော်သာရရှိပြီး ယခင်နှစ်ကာလတူထက် ၁၅ ရာခိုင်နှုန်းကျော် လျော့ကျ

လက်ရှိဘဏ္ဍာနှစ် ရှစ်လအတွင်း ပြည်ပသို့ နှမ်းတင်ပို့မှုမှ ဒေါ်လာ ၅၅ သန်းကျော်သာရရှိပြီး ယခင်နှစ်ကာလတူထက် ၁၅ ရာခိုင်နှုန်းကျော် လျော့ကျ
မြိုင်မြို့နယ်အတွင်း နှမ်းရိတ်သိမ်းနေသည့် တောင်သူများကို ယခင်နှစ်က တွေ့ရစဉ်
မြိုင်မြို့နယ်အတွင်း နှမ်းရိတ်သိမ်းနေသည့် တောင်သူများကို ယခင်နှစ်က တွေ့ရစဉ်
Published 30 March 2024

လက်ရှိဘဏ္ဍာနှစ် ၈ လအတွင်း ပြည်ပသို့ နှမ်းတင်ပို့မှုမှ ဒေါ်လာ ၅၅ သန်းကျော်သာရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၁၅ ရာခိုင်နှုန်းကျော် လျော့ကျကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ ပြည်ပသို့နှမ်းတန်ချိန် ၃၄၄၆၃ ဒသမ ၃၈ တန်တင်ပို့မှုမှ ဒေါ်လာ ၅၅ ဒသမ ၃၄ သန်းရရှိခဲ့သည်။ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ် ကာလတူက နှမ်းတန်ချိန် ၄၉၆၅၁ ဒသမ ၆၉ တန်တင်ပို့မှုမှ ဒေါ်လာ ၆၅ ဒသမ ၈၁ သန်းရရှိခဲ့သည်။ အဆိုပါ ကာလတူနှစ်ခုကို နှိုင်းယှဉ်ပါကလက်ရှိဘဏ္ဍာ နှစ် ၈ လအတွင်းမှာ ယခင်နှစ်ကာလတူထက်တန်ချိန် ၁၅၁၈၈ ဒသမ ၃၁ တန်နှင့် တန်ဖိုး ဒေါ်လာ ၁၀ ဒသမ ၄၇ သန်းလျော့ကျ နေသည်။  ရာခိုင်နှုန်းအားဖြင့် တန်ဖိုးဒေါ်လာ ၁၅ ဒသမ ၉၁ ရာခိုင်နှုန်းလျော့ကျခဲ့သည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ မြန်မာနိုင်ငံမှ တင်သွင်းသည့် အဓိကကုန်စည်ပစ္စည်း(၁၁)မျိုးအနက် လယ်ယာကဏ္ဍသွင်းကုန်ဆိုင်ရာကုန်ပစ္စည်းများ၏ တင်သွင်းမှုအခြေအနေမှာ စားအုန်းဆီတန်ချိန်(၄၀၀၆၁၆)တင်သွင်းမှ တန်ဖိုးဒေါ်လာ ၃၉၃ ဒသမ ၀၆ သန်း၊ ဂျုံစေ့တန်ချိန်(၂၇၁၉၈၇)တင်သွင်းမှုမှ တန်ဖိုးဒေါ်လာ ၁၀၇ ဒသမ ၅၆ သန်းနှင့် ဂျုံမှုန့်တန်ချိန် (၁၂၉၂)တင်သွင်းမှုမှတန်ဖိုးဒေါ်လာ ၀ ဒသမ ၈၁ သန်း ပါဝင်သည်။

အခြားတင်သွင်းကုန်များဖြစ်သည့် နို့ ဆီမှာတန်ချိန် (၁၁၂၇၇)တင်သွင်းမှုမှတန်ဖိုးဒေါ်လာ ၁၅ ဒသမ ၈၇ သန်း၊ နို့စိမ်းတန်ချိန်(၁၂၀၀၄)တင်သွင်းမှတန်ဖိုးဒေါ်လာ ၁၇ ဒသမ ၇၅ သန်းနှင့်နို့မှုန့်တန်ချိန်(၇၀၈၁) တင်သွင်းမှုမှ တန်ဖိုးဒေါ်လာ ၂၀ ဒသမ ၀၃ သန်း ပါဝင်သည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ ကိန်းဂဏာန်းအချက်အလက်များအရ ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ မြေသြဇာစုစုပေါင်း ၁၁၃၆၄၇၁ တန်တင်သွင်းခဲ့သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှ မတ် ၃၁ ရက်အထိ မြန်မာနိုင်ငံ၏ စုစုပေါင်း ကုန်သွယ်မှုပမာဏဒေါ်လာ ၃၃ ဒသမ ၉၂၅ ဘီ လျံရှိပြီး ယခင်နှစ်ကာလတူက ဒေါ်လာ ၃၀  ဒသမ ၃၅၁ ဘီလျံရှိသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာယခင်နှစ်ကာလတူထက် ပြည်ပကုန်သွယ်မှုဒေါ်လာ၃ဒသမ ၅၇၃ ဘီလျံအထိ ပိုမိုဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါကာလအတွင်း ပြည်ပနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်ဒေါ်လာ ၁၆ ဒသမ ၅၇၅ ဘီလျံရှိပြီး ယခင်နှစ်ကာလတူထက် ၁ ဒသမ ၀၈၄ ဘီလျံ ပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့အတူ ပြည်ပနိုင်ငံများမှ တင်သွင်းသည့်သွင်းကုန်ပမာဏဒေါ်လာ ၁၇ ဒသမ ၃၄၉ ဘီလျံရှိပြီး ယခင်နှစ်ကာတူထက် ဒေါ်လာ ၂ ဒသမ ၄၈၉ ဘီလျံပိုမိုတင်သွင်းထား ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများသို့ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော၊ အခြားကုန်ပစ္စည်းများကို တင်ပို့လျက်ရှိသည်။

ပြည်ပနိုင်ငံများသို့ ရင်းနှီးမြှုပ်နှံမှုပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ CMP ကုန်ကြမ်း စသည်တို့ကို အဓိကတင်သွင်းနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ အကောင်အထည်ဖော်နေပြီး အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀- ၂၀၂၅ ၏အဓိက ဦးစားပေးကဏ္ဍများတွင် လယ်ယာထွက် ကုန် ပစ္စည်းအခြေခံစားသောက်ကုန်ထုတ်လုပ်ခြင်းကဏ္ဍ၊ အထည်အလိပ်နှင့်အဝတ်အထည်ကဏ္ဍ၊ စက်မှုနှင့်လျှပ်စစ်ပစ္စည်းကဏ္ဍ၊ ရေထွက်ကုန်လုပ်ငန်းကဏ္ဍ၊ သစ်တောထွက် ပစ္စည်းကဏ္ဍ၊ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုကဏ္ဍ၊ အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ၊ ကုန်သွယ်မှုသတင်းအချက်အလက်ဝန်ဆောင်မှုကဏ္ဍ ၊ တီထွင်ဆန်းသစ်မှုနှင့်စွန့် ဦးတီထွင်ဆောင်ရွက်ခြင်းကဏ္ဍစသည်တို့ ပါဝင်ကြောင်း သိရသည်။

Most Read

Most Recent