မော်လမြိုင် - ရန်ကုန် အစုန်၊ အဆန်ရထားများ ယနေ့မှစ၍ ပြန်လည်ပြေးဆွဲ

မော်လမြိုင် - ရန်ကုန် အစုန်၊ အဆန်ရထားများ ယနေ့မှစ၍ ပြန်လည်ပြေးဆွဲ
Published 25 March 2024

မော်လမြိုင် - ရန်ကုန် အစုန်၊ အဆန်ရထားများ ယနေ့ (မတ် ၂၅ ရက်) မှစတင်ကာ ပြန်လည်ပြေးဆွဲပေးနေကြောင်း မော်လမြိုင်ဘူတာမှ တာဝန်ရှိသူများထံမှ သိရသည်။

ယနေ့ (မတ် ၂၅ ရက်) တွင် အမှတ် (၈၂) အစုန် မော်လမြိုင် - ရန်ကုန်ရထားမှာ မနက် ၈ နာရီခွဲက မော်လမြိုင်ဘူတာမှ ထွက်ခွာသွားပြီးဖြစ်ကြောင်းနှင့် ရန်ကုန် - မော်လမြိုင် အမှတ် (၈၁) အဆန် ရထားမှာလည်း မနက် ၆ နာရီခွဲက ရန်ကုန်ဘူတာကြီးမှ ထွက်ခွာလာပြီးဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “မော်လမြိုင် - ရန်ကုန် ရထားမှာတော့ အထက်တန်းခရီးသည် ၄၁ ဦးနဲ့ ရိုးရိုးတန်းခရီးသည် ၄၉ ဦး၊ စုစုပေါင်းခရီးသည် ၉၀ ဦးဘဲ လိုက်ပါသွားတယ်။ ဒါကလည်း လုံခြုံရေးအခြေအနေအရ ခရီးသည်နည်းသွားတာရယ်။ ရထားခရီးစဉ်တွေက ဖျက်သိမ်းလိုက်၊ ပြန်ပြေးဆွဲမယ်လုပ်လိုက်ဖြစ်နေတာကြောင့်ရယ် ခရီးသည်က နည်းသွားတဲ့သဘောပါ။ နောက်ရက်တွေမှာတော့ ခရီးသည်တွေပြန်များလာမယ်လို့တော့ ယူဆပါတယ်” ဟု ပြောကြားသည်။

သို့သော်လည်း ယနေ့မှစတင်ကာ မော်လမြိုင် - ရန်ကုန် ရထားခရီးစဉ်များအား ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းနှင့် အထက်တန်းလက်မှတ်များအား သုံးရက်ကြိုတင်ရောင်းချပေးပြီး ရိုးရိုးတန်းလက်မှတ်များအား တစ်ရက်ကြိုတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ နေ့စဉ် နံနက် ၇ နာရီမှ မွန်းလွဲ ၃ နာရီအချိန်ခန်အထိ ရထားလက်မှတ်များအား ရောင်းချပေးနေကြောင်း ၎င်းက ဆိုသည်။

မတ် ၁၈ ရက် နံနက်ပိုင်းက လမ်းခင်းကျောက်များတင်ဆောင်လာသော တွဲဆိုင် (၁၄) တွဲပါ အမှတ် (၆၈၆) ကျောက်တင်ကုန်ရထားမှာ သထုံမြို့နယ် မိုးကောင်းကျေးရွာအနီး ရန်ကုန် - မော်လမြိုင်ရထားလမ်း၊ ရထားလမ်းမိုင်တိုင်အမှတ် (၁၂၃/၁) နှင့် (၁၂၂/၂၃) ကြား ပေါက်ကူးတံတားအမှတ် (၇၅) အရောက်တွင် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းထောက်ဖောက်ခွဲဖျက်ဆီးခံရမှုကြောင့် လမ်းခင်းကျောက်များတင်ဆောင်လာသော တွဲဆိုင်း (၁၄) တွဲပါ ကုန်တင်ရထားမှာ ကုန်တွဲ (၂) တွဲ လမ်းချော်သွားကာ၊ ကုန်တွဲ (၅) တွဲမှာ တိမ်းမှောက်သွားကြောင်းနှင့် လူထိခိုက်မှုမရှိကြောင်း သိရသည်။

အဆိုပါအခြေအနေကြောင့် မော်လမြိုင် - ရန်ကုန် အစုန်၊ အဆန်ရထားခရီးစဉ်များ ယာယီရပ်ဆိုင်းထားကာ မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ပျက်ဆီးခဲ့သည့် ရထားပေါင်းကူးတံတားနှင့် ရထားလမ်းပိုင်းတို့အား ပြန်လည်ပြုပြင်မှုများလုပ်ဆောင်နေချိန်တွင်လည်း Drone နှင့် Drop Bomb ချတိုက်ခိုက်ခံရသည့်အတွက်ကြောင့် ရထားပေါင်းကူးတံတားနှင့် ရထားလမ်းပိုင်းပြင်ဆင်ရန် ကြန့်ကြာနေရသည့်အပြင်၊ ရထားလမ်းပိုင်းအား ပြန်လည်ပြင်ဆင်ပြီးခဲ့သော်လည်း လုံခြုံရေးအခြေအနေကြောင့် ရထားပြေးဆွဲမှုအား မတ် ၂၄ ရက်အထိ ယာယီရပ်နားထားခဲ့ရကြောင်း သိရသည်။

ရန်ကုန် - မော်လမြိုင်ရထားလမ်းပေါ်ရှိ ပေါင်မြို့နယ် သထုံမြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်များတွင်း ရထားလမ်းများ မကြာခဏမိုင်းခွဲဖျက်ဆီးခံရလေ့ရှိသည့်အပြင် လူစီးရထားများ၊ ကုန်တင်ရထားတွဲများ မကြာခဏမိုင်းခွဲခံရလေ့ရှိကြောင်း သိရသည်။

Most Read

Most Recent