တိုက်ပွဲများကြောင့် လေယာဉ်ခရီးစဉ်များ ရပ်နားထားသည့် လားရှိုးလေဆိပ်မှ လေကြောင်းခရီးစဉ်များ ယနေ့စတင်ပျံသန်းပြေးဆွဲ

တိုက်ပွဲများကြောင့် လေယာဉ်ခရီးစဉ်များ ရပ်နားထားသည့် လားရှိုးလေဆိပ်မှ လေကြောင်းခရီးစဉ်များ ယနေ့စတင်ပျံသန်းပြေးဆွဲ
Published 19 March 2024

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် တိုက်ပွဲဖြစ်စဉ်များကြောင့် ငါးလနီးပါးကြာ ရပ်နားထားခဲ့ရသည့် လေကြောင်းခရီးစဉ်များ ယနေ့ (မတ် ၁၉ ရက်) မှစတင်ကာ ပြန်လည်ပျံသန်းပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။

စတင်ပျံသန်းပြေးဆွဲသည့်လေကြောင်းခရီးစဉ်မှာ ရန်ကုန် - လားရှိုး၊ လားရှိုး - ရန်ကုန် လေကြောင်းခရီးစဉ်ဖြစ်ပြီး ရန်ကုန်မှ ထွက်ခွာလာသော လေကြောင်းခရီးစဉ်သည် လားရှိုးလေဆိပ်သို့ ညနေ ၄ နာရီ ၁၀ မိနစ်တွင် ဆိုက်ရောက်လာခဲ့ကြောင်း သိရသည်။

“လေယာဉ်ခရီးစဉ်တွေရှိတော့ ကျွန်တော်တို့မှာ ရွေးချယ်ပိုင်ခွင့်ရှိသွားတာပေါ့။ ပိုက်ဆံရှိရင် သက်တောင့်သက်သာ ခရီးသွားနိုင်မယ့်အခြေအနေပေါ့။ လေယာဉ်ခရီးစဉ်တွေ မရှိတော့ မန္တလေးသွားဖို့လည်းခက်ခဲတယ်။ ရန်ကုန်၊ နေပြည်တော်သွားဖို့လည်းခက်ခဲတယ်လေ။ အရင်က ၆ နာရီလောက် ကားမောင်းရင် ရောက်နေတဲ့ခရီးက အခုတော့ တစ်ကွေ့တစ်ပတ်နဲ့ တစ်ရက်နီးနီးမောင်းနေရတော့ အဆင်မပြေဘူး။ ငွေကုန်တယ်။ လူပင်ပန်းတယ်။ အခုလို လေယာဉ်ခရီးစဉ်တွေရှိတော့ အချိန်တိုအတွင်း ခရီးသွားလိုသူတွေအတွက် တကယ့်ကို အဆင်ပြေသွားတာပေါ့” ဟု လားရှိုးမြို့နေဒေသခံတစ်ဦးက ပြောသည်။

လားရှိုးလေဆိပ်မှ ပျံသန်းပြေးဆွဲနေသည့် လေကြောင်းခရီးစဉ်များကို အောက်တိုဘာနောက်ဆုံးပတ်မှ စတင်ကာ ရပ်နားထားခဲ့ကြပြီး မတ် ၁၉ ရက်မှ တစ်ဖန်ပြန်လည်ပြေးဆွဲခဲ့ခြင်းကြောင့် လေကြောင်းခရီးစဉ်ရပ်နားထားခဲ့သည့် အချိန်ကာလမှ ငါးလနီးပါးကြာမြင့်ခဲ့ကြောင်း သိရသည်။

ပြန်လည်ပြေးဆွဲသည့်လေကြောင်းခရီးစဉ်များအနေဖြင့် မတ် ၁၉ ရက်တွင် လားရှိုး - ရန်ကုန်ခရီးစဉ်၊ မတ်လ ၂၀ ရက်တွင် လားရှိုး-မန္တလေးခရီးစဉ်၊ မတ် ၂၂ ရက်တွင် လားရှိုး-တာချီလိတ်ခရီးစဉ်များအတွက် လေယာဉ်လက်မှတ်များ ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။

ယခင်က လားရှိုးလေဆိပ်မှတစ်ဆင့် လားရှိုး - ရန်ကုန်၊ လားရှိုး- ဟဲဟိုး၊ လားရှိုး- မန္တလေး၊ လားရှိုး-တာချီလိတ်၊ လားရှိုး-မြစ်ကြီးနားလေကြောင်းခရီးစဉ်များ ပြေးဆွဲခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent