ရန်ကုန်တွင် လမ်းလျှောက်သင်္ကြန်အပြင် ခရိုင်အလိုက် ရေကစားမဏ္ဍပ်များ တည်ဆောက်မည်

ရန်ကုန်တွင် လမ်းလျှောက်သင်္ကြန်အပြင် ခရိုင်အလိုက် ရေကစားမဏ္ဍပ်များ တည်ဆောက်မည်
Published 14 March 2024

ရန်ကုန်တွင် လမ်းလျှောက်သင်္ကြန်အပြင် ခရိုင်အလိုက် ရေကစားမဏ္ဍပ်များ တည်ဆောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

ရန်ကုန်မြို့တွင် သင်္ကြန်ပွဲတော်စည်ကားစွာပြုလုပ်နိုင်စေရေးအတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့တော်ခန်းမ၊ ပထမထပ်ရှိ အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ဌာနမှူးများ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် အခမ်းအနားပြင်ဆင်ရေးနှင့် ဖွင့်ပွဲ၊ ပိတ်ပွဲကျင်းပရေး လုပ်ငန်းကော်မတီ၊ ဖိတ်ကြားရေးနှင့် ဖျော်ဖြေတင်ဆက်ရေး လုပ်ငန်းကော်မတီ၊ ရေကစားမှုစီစဉ်ရေး လုပ်ငန်းကော်မတီ၊ ဧည့်ခင်းကျွေးမွေးရေးလုပ်ငန်း‌ကော်မတီ၊  သယ်ယူပို့ဆောင်ရေးလုပ်ငန်းကော်မတီ၊ လမ်းရှင်းလင်းရေးနှင့် ယာဉ်ကြောထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၊ ဘဏ္ဍာရေး၊ ဆုချီးမြှင့်ရေးနှင့် ဆုရသူများ စုစည်းရေးလုပ်ငန်းကော်မတီ၊ အကဲဖြတ်လုပ်ငန်းကော်မတီ၊ ကျန်းမာရေးလုပ်ငန်းကော်မတီ၊ သန့်ရှင်းရေးလုပ်ငန်းကော်မတီ၊ လမ်းလျှောက်သင်္ကြန်ကျင်းပရေးလုပ်ငန်းကော်မတီ၊ ကြိုဆိုနေရာချထားရေး လုပ်ငန်းကော်မတီ နှင့် မဟာသင်္ကြန်ကျင်းပရေးလုပ်ငန်းကော်မတီရုံးအဖွဲ့တို့မှ ပြင်ဆင်ဆောင်ရွက်မှုများ တင်ပြခဲ့သည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်သည်။

ဒုတိယမြို့တော်ဝန်က မြို့တော်ခန်းမတွင် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်ထားရှိပြီး စည်စည်ကားကားပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ပြည်သူ့ရင်ပြင်တွင်လည်း ရေကစားမဏ္ဍပ်များ၊ ခရိုင်အလိုက် ရေကစားမဏ္ဍပ်များ၊ ယိမ်းအကအလှ ဖျော်ဖြေမှုများ၊ ဆုချီးမြှင့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊သင်္ကြန်ကာလလုံခြုံ‌ရေးအတွက် CCTV ကင်မရာများ တပ်ဆင်ရေးတို့အား ပြောကြားသည်။

ယခုနှစ် ကျင်းပမည့် ရန်ကုန်မြို့တော်မဟာသင်္ကြန်ရေသဘင်ပွဲတော်တွင် မြို့တော်ခန်းမရှိ မဟာသင်္ကြန်မဏ္ဍပ်၌ ရုပ်ရှင်ဂီတနှင့် သဘင်အနုပညာရှင်များ၏ ဂီတဖျော်ဖြေမှုများအပြင် တက္ကသိုလ်အဆင့်၊ အခြေခံပညာအဆင့်၊ မူကြိုကျောင်းများ၊ ရုံး/အခြားဌာနများ၊ အလွတ်တန်း အဆင့်အလိုက် ၁၂ ဦး၊ ၁၆ ဦး၊ ၂၀ ဦးယိမ်းပြိုင်ပွဲများနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအက ဖျော်ဖြေမှုများပါ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent