■ ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာနှင့် ကော့ကရိတ်မြို့နယ် ကောဘိန်းကျေးရွာအား တပ်မတော်က ပြန်လည် ထိန်းချုပ် 

■ ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာနှင့် ကော့ကရိတ်မြို့နယ် ကောဘိန်းကျေးရွာအား တပ်မတော်က ပြန်လည် ထိန်းချုပ် 
Published 26 April 2024

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာနှင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကောဘိန်းကျေးရွာတို့အား KNU အဖွဲ့၊ NMSP AD(မွန်ခွဲထွက်အဖွဲ့)နှင့် PDF များ ဝင်ရောက်နေရာ ယူထားရာမှ တပ်မတော်က ပြန်လည်ထိန်းချုပ်ထားခဲ့ကြောင်းသိရသည်။

ဓမ္မသကျေးရွာကို ဧပြီ ၂၂ ရက်နှင့် ကောဘိန်းကျေးရွာကို ဧပြီ ၂၅ ရက်တွင်လည်းကောင်း တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့ကြောင်း နစက၏ထုတ်ပြန်မှုအရ သိရသည်။ 

ကောဘိန်းကျေးရွာ၊ ဓမ္မသကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများသို့ KNU အဖွဲ့၊ NMSP AD(မွန်ခွဲထွက်အဖွဲ့)နှင့် PDF များ အနေဖြင့် မတ် ၂၄ ရက်မှစ၍ ဌာနဆိုင်ရာ အဆောက်အဦများ၊ ရဲစခန်းများအား ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့များ၊ ရဲစခန်းများမှ အင်အားစုစည်း၍ ခုခံခဲ့သော်လည်း မတ် ၂၅ ရက်တွင် ကောဘိန်းကျေးရွာမှ လည်းကောင်း၊ မတ် ၂၇ ရက်တွင် ဓမ္မသကျေးရွာမှ လည်းကောင်း၊ အသီးသီးဆုတ်ခွာ၍ တရနာကျေးရွာ၌ ပြန်လည်စုဖွဲ့ခဲ့ကြောင်း နစကက ထုတ်ပြန်သည်။

အဆိုပါ လက်နက်ကိုင်အဖွဲ့များက ဝင်ရောက်တိုက်ခိုက်မှုကြောင့် ကျေးရွာများအတွင်း နေထိုင်သော ဒေသခံပြည်သူများအနေဖြင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရာ တပ်မတော် စစ်ကြောင်းများက ဒေသခံပြည်သူများ ပြန်လည်နေထိုင်နိုင်ရန် အတွက် ကောဘိန်းကျေးရွာ၊ ဓမ္မသကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး(Counter- Terrorism Operation)ကို ဧပြီ ၁၁ ရက်မှစတင်၍ ဆောင်ရွက်ခဲ့ရာ စုစုပေါင်းထိတွေ့တိုက်ပွဲ ခုနစ်ကြိမ် ဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများထံမှ အလောင်းအချို့နှင့် လက်နက်၊ ခဲယမ်းများနှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ၍ မိမိဘက်မှ အရာရှိ၊ စစ်သည်အချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

လက်နက်ကိုင်အဖွဲ့များသည် ကောဘိန်းကျေးရွာ၊ ဓမ္မသကျေးရွာနှင့်အနီးပတ်ဝန်းကျင်အတွင်းသို့ ရောက်ရှိနေစဉ်အတွင်း ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အဦ များ၊ လူနေအိမ်များတွင် အကာအကွယ်ယူ၍ တပ်မတော် စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဘုန်းတော်ကြီး ကျောင်းများ၊ လူနေအိမ်အဆောက်အဦများအကြားနှင့် အများပြည်သူ သွားလာအသုံးပြုသည့် ဆက်သွယ်ရေးလမ်းကြောင်းများအပေါ်၌ မိုင်းထောင်ခြင်းများ၊ ဒေသခံပြည်သူများကို အကာအကွယ်ယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း(Rules of Engagement-ROE)နှင့်အညီ ဆောင်ရွက်ခဲ့ရကြောင်း နစကက ထုတ်ပြန်သည်။

လက်ရှိတွင် မြို့တွင်း၌ လုံခြုံရေးတပ်ဖွဲ့များက မိုင်းရှင်းလင်းခြင်းလုပ်ငန်းများကို နေရာအလိုက်၊ လမ်းများအလိုက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစကက ထုတ်ပြန်သည်။

ထို့အပြင် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့တို့ကလည်း ကော့ဘိန်းကျေးရွာ၊ ဓမ္မသကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ နေရပ်စွန့်ခွာဒေသခံပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဒေသခံပြည်သူများနှင့်အတူ အမြန်ဆုံး ဆက်လက်ဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း နစကကထုတ်ပြန်သည်။

တပ်မတော်အနေဖြင့်   မြဝတီမြို့ရှိ မြို့စောင့်တပ် ခလရ(၂၇၅)ကို KNU၊ PDF ပူးပေါင်းအဖွဲ့များ ထိန်းချုပ်ထားရာမှ ဧပြီ ၂၃ ရက်တွင် တပ်မတော်က ကရင်နယ်ခြားစောင့်တပ်(BGF)နှင့် ပူးပေါင်း၍ ခလရ(၂၇၅)ကိုပြန်လည်သိမ်းပိုက် ထိန်းချုပ်ခဲ့ပြီး ယခုထပ်မံ၍ ကောဘိန်းကျေးရွာနှင့် ဓမ္မသကျေးရွာအပါအဝင်  ယင်းဒေသတစ်ဝိုက်အား ထပ်မံထိန်းချုပ်ရရှိခဲ့ခြင်းဖြစ်သည်။

 

Most Read

Most Recent