တာချီလိတ်မြို့ နဂါးနှစ်ကောင်ကျောင်းတိုက် ပဓာနနာယကဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိစျာပနကို ဧပြီ ၆ ရက်တွင် ကျင်းပမည်

တာချီလိတ်မြို့ နဂါးနှစ်ကောင်ကျောင်းတိုက် ပဓာနနာယကဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိစျာပနကို ဧပြီ ၆ ရက်တွင် ကျင်းပမည်
Published 5 April 2024

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ နဂါးနှစ်ကောင်ကျောင်းတိုက် ပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တဓမ္မသီရိ၏ အန္တိမအဂ္ဂိစျာပနကို ဧပြီ ၆ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။ 

နဂါးနှစ်ကောင်ဆရာတော်ကြီးသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၈ ရက််တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီး ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလပ်တော်အား နဂါးနှစ်ကောင်ကျောင်း တိုက်၌ ပူဇော်ထားရှိကာ အန္တိမအဂ္ဂိဈာပန အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်ထားမှုအခြေအနေများကို ယနေ့(ဧပြီ ၅ ရက်)တွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီး၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ ကြောင်းသိရသည်။ 

နစကဥက္ကဋ္ဌနှင့်ဇနီး ၊ အဖွဲ့ဝင်များသည် နဂါးနှစ်ကောင်ကျောင်းတိုက်ပဓာနနာယက ဆရာတော်ကြီး၏ ဥတုဇရုပ်ကလပ်တော်အား ဖူးမြော်ကြည်ညိုပြီးနောက်  ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပနကျင်းပရေးနာယကအဖွဲ့တွင် ပါဝင်သည့် သီလဓမ္မကုန်းသာတောရကျောင်းတိုက် ဦးစီးပဓာနနာယက(ဝစီပိတ်)ဆရာတော် ဘဒ္ဒန္တကောဝိဒ အမှူးပြုသည့် ဆရာတော်ကြီးများနှင့် ဆရာတော်ကြီး၏ ဈာပနအခမ်းအနားသို့ကြွရောက်တော်မူသည့် မိုင်းဖုန်းဆရာတော် သဒ္ဒမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဌာနာ စရိယ ဘဒ္ဒန္တ ဉာဏသံဝရ တို့အားဖူးမြော်ကြည်ညိုရာ ဆရာတော်ကြီးများက နစကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား  ဓမ္မလက်ဆောင်များ ပြန်လည် ပေးအပ်ချီးမြှင်ခဲ့ကြောင်း သိရသည်။

ထို့နောက် နစကဥက္ကဋ္ဌနှင့် ဇနီးတို့က ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး နစကဥက္ကဋ္ဌက နဂါးနှစ်ကောင်ဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပန အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဆရာတော်ကြီး၏ အသုံးအဆောင်များပစ္စည်း များအား ပြန်လည်စုဆောင်းပြုစု၍ ပြခန်းအဖြစ်ပြသထားရှိနိုင်ရေး ဆောင်ရွက်နိုင်မည့် အခြေအနေများအား လျှောက်ထားတင်ပြကာ ဆရာတော်ကြီးများထံမှ သြဝါဒခံယူခဲ့ကြောင်း သိရသည်။

ယင်းနောက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တပ်မတော်အရာရှိကြီးများသည် ကြွရောက်ချီးမြှင့်တော်မူသည့် ဆရာတော်ကြီးများထံ  လှူဖွယ်ပစ္စည်းများ အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ ကြောင်းသိရသည်။ 

နဂါးနှစ်ကောင်ကျောင်းတိုက်ပဓာန နာယကဆရာတော်ကြီး အလောင်းလျာကို ကောဇာသက္ကရာဇ် ၁၂၉၀ ပြည့်နှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက် (ဗုဒ္ဓဟူးနေ့) တွင် ခမည်းတော် ဦးဟောင်၊ မယ်တော်ဒေါ်နန်းပင်းတို့က ရှမ်းပြည်နယ် (အရှေ့ပိုင်း)  ကျိုင်းတုံမြို့ ယန်းကိန်ရွာ၌ မွေးဖွားသန့်စင်ခဲ့ပြီး ၁၂၉၉ ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် ကျိုင်းတုံမြို့၊ ကျိုင်းယင်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဓမ္မရံသီကို ဥပဇ္ဇျယ်ပြု၍ ရှင်သာမဏေအဖြစ်သို့လည်းကောင်း၊ ၁၃၁၀ ပြည့်နှစ် ကဆုန်လဆန်း ၁၃ ရက်တွင် မြင့်မြတ်သောရဟန်း အဖြစ်သို့လည်းကောင်း အသီးသီးရောက်ရှိတော်မူခဲ့ကြောင်း၊ သက် တော် ၁၀ နှစ်အရွယ်တွင် ရှင်သာမဏေဘဝဖြင့် အခြေခံပညာ မူလတန်း ပညာသင်ယူတော်မူခဲ့ပြီး ကျိုင်းယင်းကျောင်းတိုက် ဆရာတော်ထံတွင် ပရိယတ္တိစာပေများကို ဂုံရှမ်း ဘာသာဖြင့် မူလဓမ္မာစရိယတန်းအောင်မြင်သည်အထိ ပညာသင်ယူဆည်းပူးတော်မူခဲ့ကာ ၁၃၂၀ ခုနှစ်တွင် မူလဓမ္မာစရိယကို ဂုံရှမ်းဘာသာဖြင့် အောင်မြင်တော်မူခဲ့ကြောင်း၊ ဆရာတော်ကြီးသည် ၁၃၅၇ ခုနှစ်တွင် နဂါးနှစ်ကောင် ပရိယတ္တိစာသင်တိုက်ကို စတင် ဖွင့်လှစ်တော်မူခဲ့ပြီး ပရိယတ္တိစာသင်တိုက်ခွဲလေးခုကို ဖွင့်လှစ်ထူထောင်ထားရှိကြောင်း၊ စာသင်တိုက်များ၌ ရှမ်းတိုင်းရင်းသား ရဟန်း၊ သာမဏေများအား အစိုးရပါဠိ ပထမပြန်မူအတိုင်း ဂုံရှမ်းဘာသာဖြင့် အခြေပြမူလတန်း၊ အငယ်တန်း၊ အလတ်တန်း၊ အကြီးတန်းများကို သင်ကြားပို့ချပေးခြင်းနှင့် စာမေးပွဲများကို အကြိမ် ၅၀ တိုင် ကျင်းပပေးခဲ့ကြောင်း၊ ၁၃၅၅ နှစ်မှစတင်၍ ပိဋကတ် သုံးပုံပါဠိတော်နှင့် ဂုံရှမ်းဘာသာပြန်စာအုပ် ပုံနှိပ်ထုတ်ဝေခြင်း၊ ပိဋကတ်သုံးပုံ ပါဠိတော်အစုံအား ကျောက်စာချပ်ရေ ၂၅ဝဝ ခန့်ဖြင့် ကျောက်ထက် အက္ခရာတင်ပြီး တာချီလိတ်မြို့ ရွှေတိဂုံစေတီတော် ရင်ပြင်တွင် စိုက်ထူတည်ထားကိုးကွယ်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ ထို့အပြင် တာချီလိတ်မြို့အတွင်းရှိ အခြေခံပညာအဆောက်အဦများအတွက် မြေနေရာများ လှူဒါန်းပေးခြင်း၊ ဘိုးဘွားရိပ်သာနှင့် မိဘမဲ့လူငယ်ပရဟိတဂေဟာ ကို တည်ထောင်ဖွင့်လှစ်၍ လိုအပ်သောထောက်ပံ့မှုများ ဆောင်ရွက်ပေးခြင်း၊ ခရိုင်ပြည်သူ့ဆေးရုံကြီး မြေနေရာနှင့် လိုအပ် သည့် ကျန်းမာရေးအထောက်အကူပြုအဆောက်အဦများ ဆောက်လုပ်လှူဒါန်းပေးခြင်း များ စသည့် သာသနာ ပြုလုပ်ငန်းများနှင့် လူထုအကျိုးပြုလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်တော်မူခဲ့ကြောင်း၊ ဆရာတော်ကြီး၏ သက်တမ်းတစ်လျှောက် ထိုကဲ့သို့ သာသနာပြုလုပ်ငန်းများနှင့် လူထုအကျိုးပြုလုပ်ငန်းများ စွမ်းစွမ်းတမံဆောင်ရွက်တော် မူခဲ့မှုများကြောင့် နိုင်ငံတော်မှ ၁၉၉၂ ခုနှစ်တွင် အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်၊ ၂ဝဝ၁ ခုနှစ်တွင် အဂ္ဂမဟာသဒ္ဒမဇောတိကဓဇ ဘွဲ့တံဆိပ်တော်၊ ၂ဝဝ၅ ခုနှစ်တွင် အဘိဓဇ အဂ္ဂမဟာသဒ္ဒမဇောတိက ဘွဲ့တံဆိပ်တော်၊ ၂၀၂၁ ခုနှစ်တွင် အဘိဓဇမဟာ ရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်တို့ကို ဆက်ကပ်ချီးမြှင့်ခဲ့သကဲ့သို့ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ မှ ဆက်ကပ်ချီးမြှင့်သည့် ဘွဲ့တံဆိပ်တော်များကိုလည်း ဆက်ကပ်ခံခဲ့ရကြောင်း၊ ဆရာတော်ကြီးသည် သက်တော် ၉၆၊  ဝါတော် ၇၇ ဝါ အရောက် သာသနာတော်ထွန်း ကားပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်တော်မူလျက်ရှိစဉ် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။ 

 

Most Read

Most Recent