ကယ်ဆယ်ရေး အလျင်အမြန်ဆောင်ရွက်နေရသော ဘရာဇီးတောင်ပိုင်းတွင် ရေကြီးမှုများကြောင့် အနည်းဆုံးလူ ၇၈ ဦးသေဆုံး

ကယ်ဆယ်ရေး အလျင်အမြန်ဆောင်ရွက်နေရသော ဘရာဇီးတောင်ပိုင်းတွင် ရေကြီးမှုများကြောင့် အနည်းဆုံးလူ ၇၈ ဦးသေဆုံး
ရေကြီးနေသည့် ပေါ်တိုအယ်လီဂရီမြို့ကို မေ ၅ ရက်က ရိုက်ထားသောပုံတွင်တွေ့ရစဉ်(Photo: AFP)
ရေကြီးနေသည့် ပေါ်တိုအယ်လီဂရီမြို့ကို မေ ၅ ရက်က ရိုက်ထားသောပုံတွင်တွေ့ရစဉ်(Photo: AFP)
Published 6 May 2024

ဘရာဇီးတောင်ပိုင်း၏ အကြီးမားဆုံးသော ရာသီဥတု ကပ်ဘေးတစ်ခုဖြစ်လာခဲ့သည့် ရေကြီးမှုများမှသည် မြေပြိုမှုများအထိ ဖြစ်ပွားသောဖြစ်ရပ်များတွင် အနည်းဆုံးလူ ၇၈ ဦးသေဆုံးခဲ့ပြီး လူ ၁၁၅,၀၀၀ နေအိမ်များ မှစွန့်ခွာခဲ့ရခြင်းနှင့်အတူ မေ ၅ ရက်တွင် အာဏာပိုင်များသည် ကယ်ဆယ်ရေးကို အ လျင်အမြန်ဆောင်ရွက်နေရသည်။

ရက်ပေါင်းများစွာ မိုးများခဲ့ခြင်းကြောင့် မြို့လုံးကျွတ်ရေကြီးလျက်ရှိပြီး ရေများတက်နေခြင်းကြောင့် ပြည်သူထောင်ပေါင်းများစွာသည် ပြင်ပနှင့်အဆက်အသွယ်ပြတ်လျက်ရှိသည်။

ရီယိုဂရန်းဒိုဆူးလ်ပြည်နယ်၏မြို့တော် ပေါ်တိုအယ်လီဂရီတွင် ကယ်ဆယ်ရေးကို စောင့်နေသော မြို့ခံများသည် အိမ်ခေါင်မိုး များပေါ်တွင်ရပ်နေကြသည်။ အခြားသူများသည် မြစ်ပြင်များဖြစ်လာသော လမ်းများတွင် ကနူးလှေများ သို့မဟုတ် လှေငယ်လေးများဖြင့် သွားလာနေကြရသည်။

“ရာသီဥတုပြောင်းလဲမှုနှင့်အယ်နီညို အကျိုးဆက်တို့ ဆိုးဆိုးရွားရွားပေါင်းဆုံရောထွေးမှု”ဟု ရာသီဥတုပညာရှင်တစ်ဦးပြောကြားခဲ့သည့် အရာတို့ဖြစ်ပေါ်ခဲ့ပြီးနောက် စစ်သား၊ မီးသတ်သမား၊ အခြားကယ်ဆယ် ရေးသမား ၃,၀၀၀ ကျော်တို့သည် မြို့ခံများထံ ရောက်ရှိရန် ကြိုးစားနေကြသည်။ အချို့သော မြို့ခံများသည် သုံးရေ သို့မဟုတ် လျှပ်စစ်မီးလို အခြေခံထောက်ပံ့မှုများမရှိဘဲ ပိတ်မိနေကြသည်ဟု ဆိုသည်။

တောင်အမေရိကတိုက်၏အကြီးဆုံး နိုင်ငံဖြစ်သော ဘရာဇီးကိုထိခိုက်စေခဲ့သည့် ပြင်းထန်သည့် မိုးလေဝသဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပေါ်ခဲ့ခြင်းကြောင့် အနည်းဆုံး လူ ၁၀၅ ဦးသည် ပျောက်နေသည်ဟု မြို့ပြကာ ကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူများကပြော ကြားခဲ့သည်။

“စစ်ပွဲရဲ့မြင်ကွင်းနဲ့တူနေပါတယ်။ ဒါကြီးပြီးသွားရင်တော့ စစ်အပြီးချဉ်းကပ်မှုမျိုး လိုအပ်လာပါလိမ့်မယ်”ဟု သမ္မတ လူးဝစ်အင်နာစီယိုလူလာဒါဆေးလ်ဗား၊ အစိုးရအဖွဲ့ ဝန်ကြီးအချို့တို့ ဝန်းရံလျက် ရီယိုဂရန်းဒို ဆူးလ် အုပ်ချုပ်ရေးမှူး အက်ဒွါဒိုလေတီက ပြောကြားခဲ့သည်။

ရီယိုဒီ ဂရန်ဒီ ဒိုဆူလ်ပြည်နယ်တွင် ရေလွှမ်းမိုးမှုအပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြီးစား အစီအစဉ်တစ်ခု လိုအပ်လိမ့်မည်ဟု ပြည်နယ်အုပ်ချုပ်ရေးမှူး အီဒူရာဒို လိုင် တီက ပြောကြားခဲ့သည်။

ပြည်နယ်တစ်ဝန်းရှိ မြို့အများအပြား၌ ရေကြီးရေလျှံမှုကြောင့် လမ်းပန်းဆက်သွယ်ရေးများပြတ်တောက်ခဲ့ကာ ရီယိုဂရန်းဒို ဆူးလ်၏ သမိုင်းတစ်လျှောက်အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

အစိုးရသည် ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်သော အရင်းအမြစ်အားလုံးကို ပံ့ပိုးပေးလိမ့်မည်ဟု သမ္မတလူလာက ကတိပြုခဲ့သည်။

ပေါ်တိုအယ်လီဂရီမြို့အပြင် အခြားမြို့ရွာ ၃၄၁ ခုတို့သည်လည်း ရေကြီးခဲ့သည်ဟု သိရသည်။

လူနာရာပေါင်းများစွာကို ပုံမှန်ဆေးရုံများမှရွှေ့ပြောင်းပေးခဲ့ပြီးနောက် စစ်သားများသည် ယာယီဆေးရုံများကို ဖွင့်ပေးထားသည်။ အရပ်သား ပြည်သူများကလည်း လုပ်အားပေးအဖွဲ့များကို ဖွဲ့စည်းကာ အသက် ကယ်ဝတ်စုံများ၊ ရေနှင့်လောင်စာတို့အပါအဝင် အခြေခံ ထောက်ပံ့ပစ္စည်းများကို စုဆောင်းလျက်ရှိသည်။

“လူတိုင်းကတော့ တတ်နိုင်သလောက်ကိုယ့်နည်းကိုယ့်ဟန်နဲ့အကူအညီပေးနေကြပါတယ်”ဟု အသက် ၃၂ နှစ်အရွယ်လုပ်အား ပေးတစ်ဦးဖြစ်သော လူးဝစ်အက်ဒွါဒိုဒါဆေးလ်ဗားက ပြောကြားခဲ့သည်။

ပြည်သူ ၁ ဒသမ ၄ သန်းနေထိုင်သောမြို့ကို ဖြတ်စီးသွားသည် ဂွိုင်ဘာမြစ်သည် မြစ်ရေချိန် စံချိန်တင်အမြင့်၁၇ ဒသမ ၄ ပေ( ၅ ဒသမ ၃ မီတာ)ကို ရောက်ရှိခဲ့သည်ဟု ဒေသန္တရစည်ပင်သာယာဌာန၏ထုတ်ပြန် ချက်အရသိရပြီး ၁၉၄၁ ရေကြီးမှုနောက်ပိုင်း မြစ်ရေချိန်အမြင့်ဆုံးဖြစ်သည်ဟုဆိုသည်။

Ref: AFP

Most Read

Most Recent