သမ္မတဗလာဒီမာပူတင်က ဘောဂဗေဒပညာရှင် အင်ဒရေဘယ်လူဆော့ကို ရုရှားကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်

သမ္မတဗလာဒီမာပူတင်က ဘောဂဗေဒပညာရှင် အင်ဒရေဘယ်လူဆော့ကို ရုရှားကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်
Published 15 May 2024
Ref: ABC

သမ္မတဗလာဒီမာပူတင်သည် နိုင်ငံရေးနယ်ပယ်တွင် သြဇာကြီးမားသော ဘောဂဗေဒပညာရှင် အင်ဒရေဘယ်လူဆော့ကို ရုရှားကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်လိုက်သည်ဟု သိရသည်။

လူသိမများသော ဘယ်လူဆော့သည် ကာလရှည်တာဝန်ထမ်းဆောင်ခဲ့သော ဆာဂေးရွိုင်ဂူ၏နေရာတွင် အစားထိုးခန့်အပ်ခံရခြင်းဖြစ်သည်။ ကာကွယ်ရေးဝန်ကြီးဟောင်း ဆာဂေးရွိုင်ဂူသည် ရုရှားအမျိုးသားလုံခြုံရေးကောင်စီ၏အတွင်းရေးမှူးဟူသော ရာထူးသစ်တွင် ခန့်အပ်ခံခဲ့ရသည်။

သမ္မတဗလာဒီမာပူတင်သည် ယူကရိန်းစစ်ဆင်ရေး နှစ်နှစ်ကျော် ကြာမြင့်လာချိန်တွင် ရုရှားစစ်တပ်ခေါင်းဆောင်ပိုင်းကို အပြောင်းအလဲလုပ်သည့်အနေဖြင့် မေ ၁၂ ရက်တွင် ကာကွယ်ရေးဝန်ကြီး ဆာဂေးရွိုင်ဂူကို ရာထူးမှ ဖယ်ရှားခဲ့ခြင်းဖြစ်သည်။

အသက် ၆၈ နှစ်အရွယ်ရှိ ရွိုင်ဂူသည် ၂၀၁၂ ခုနှစ်တွင် ရုရှားကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရခြင်းဖြစ်ပြီး ဆိုဗီယက်ခေတ်လွန် ရုရှားတွင် ပြိုင်ဘက်ကင်း နိုင်ငံရေးသက်တမ်းအရှည်ဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့သည်။ ၎င်းသည် ရုရှားတွင် အရေးကြီးသော အာဏာကိုရရှိထားသည်မှာ ပူတင်ထက်ပင် စောသည်။

ရုရှားက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလထဲတွင် ယူကရိန်းကို အင်အားအပြည့်သုံးသော စစ်ဆင်ရေးမလုပ်မီ ရွိုင်ဂူသည် သမ္မတဗလာ ဒီမာပူတင်၏ စိတ်အချရဆုံး လူတစ်ဦးအဖြစ် ရှုမြင်ခံခဲ့ရသည်။

ရွိုင်ဂူ၏နေရာတွင် အစားဝင်လာသော ကာကွယ်ရေးဝန်ကြီးသစ် အင်ဒရေဘယ်လူဆော့သည် ပူတင်၏စီးပွားရေးအကြံပေးအဖြစ် နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဒုတိယဝန်ကြီးချုပ်ဟောင်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့သူဖြစ်သည်။

အချိန်ကြာမြင့်လာပြီဖြစ်သော ယူကရိန်းစစ်ပွဲတွင် ယူကရိန်း၏ထက် ကုန်ထုတ်လုပ်မှုပိုများစေရန်လည်းကောင်း၊ ယူကရိန်း၏ အနောက်မဟာမိတ်နိုင်ငံများ၏ ကုန်ထုတ်လုပ်မှုထက်ပိုမိုသာလွန်စေရန် ရည်ရွယ်သည့် အနေဖြင့်လည်းကောင်းအရပ်သား တက္ကနိုခရက်တစ်ဦးကို ပူတင်က ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ပူတင်သည် စစ်ရေးအသုံးစရိတ်များကို ထိန်းချုပ်ရန်နှင့် ကာကွယ်ရေးဝန်ကြီးဌာနက စွမ်းရည်တိုးတက်စေရန်ရည်ရွယ်ထားပုံရသည်။

ဆာဂေးရွိုင်ဂူကဲ့သို့မဟုတ်ဘဲ ဘယ်လူဆော့သည် ယူကရိန်းကိုကျူးကျော်ရာတွင် ထင်သာမြင်သာရှိသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သူမဟုတ်ပေ။ အစိုးရအမှုထမ်းအဖြစ် သက်တမ်းရှည်ထမ်းဆောင်ခဲ့သူဖြစ်ပြီး လူသိများသူမဟုတ်ခြင်းကြောင့် ကရင်မလင်ခေါင်းဆောင်ပိုင်းတွင် ရည်မှန်းချက်ကြီးသော မျက်နှာသစ်များကို ရာထူးကြီးကြီးမပေးလိုသော ပူတင်က သူ့အားကာကွယ်ရေးဝန်ကြီးအဖြစ် ရွေးချယ်ခဲ့ခြင်းမှာ မည်သို့ဆိုစေ ထူးခြားသည်ဟု သုံးသပ်နေကြသည်။

ဘယ်လူဆော့ကို ကာကွယ်ရေးဝန်ကြီးအဖြစ်ခန့်အပ်ခြင်းမှာ ကာကွယ်ရေးကို ရုရှားနိုင်ငံတော်မူဝါဒ၏ အကြွင်းမဲ့ဦးစားပေးဖြစ် လာစေလိမ့်မည်ဟု မီဒီယာလုပ်ငန်းရှင်သူဌေးကြီး ကွန်စတန်တင်မာလိုဖေယက်က ပြောကြားခဲ့သည်။

ပူတင်သည် သမ္မတသက်တမ်းကို ငါးကြိမ်မြောက်ထမ်းဆောင်ချိန်တွင် ဝန်ကြီးများကို ရာထူးများပြောင်းလဲခဲ့သည်။

Most Read

Most Recent