တပ်မှူးကြီးသေဆုံးသွားသည့် တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေအဖြင့် ဟစ်ဇဘိုလာက အစ္စရေးမြောက်ပိုင်းကို ဒုံးကျည်များဖြင့်ပစ်ခတ်

တပ်မှူးကြီးသေဆုံးသွားသည့် တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေအဖြင့် ဟစ်ဇဘိုလာက အစ္စရေးမြောက်ပိုင်းကို ဒုံးကျည်များဖြင့်ပစ်ခတ်
အစ္စရေးတိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် တပ်မှူးကြီး၏စျာပန၌ အကြီးတန်း ဟစ်ဇဘိုလာ တာဝန်ရှိသူ  ဟာရှမ်ဆာဖက်ဒင် မိန့်ခွန်းပြောနေပုံကို ဇွန် ၁၂ ရက်တွင်တွေ့ရစဉ်(Photo: AFP)
အစ္စရေးတိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် တပ်မှူးကြီး၏စျာပန၌ အကြီးတန်း ဟစ်ဇဘိုလာ တာဝန်ရှိသူ  ဟာရှမ်ဆာဖက်ဒင် မိန့်ခွန်းပြောနေပုံကို ဇွန် ၁၂ ရက်တွင်တွေ့ရစဉ်(Photo: AFP)
Published 13 June 2024

လက်ဘနွန်တောင်ပိုင်းကို အစ္စရေးက တိုက်ခိုက်ခဲ့ခြင်းကြောင့် ဇွန် ၁၁ ရက်တွင် ဟစ်ဇဘိုလာတပ်မှူးကြီးတစ်ဦးသေဆုံးသွားခဲ့ပြီးနောက် လက်ဘနွန်စစ်သွေးကြွအုပ်စု ဟစ်ဇဘိုလာသည် ဇွန် ၁၂ ရက်တွင် အစ္စရေးကို ဒုံးကျည်များ အတွဲလိုက်ပစ်ကာတိုက်ခိုက်ခဲ့သည်။

အောက်တိုဘာ ၇ ရက်တွင် ဟစ်ဇဘိုလာအဖွဲ့၏မဟာမိတ်ဖြစ်သော ဟားမာ့စ်က အစ္စရေးတောင်ပိုင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် ဂါဇာကမ်းမြောင်တွင် စစ်ပွဲဖြစ်ပွားချိန်ကတည်းက ဟစ်ဇဘိုလာသည် အစ္စရေး တပ်ဖွဲ့များနှင့် နေ့စဉ်နီးပါးနယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုများရှိနေခဲ့သည်။

ဟစ်ဇဘိုလာက အစ္စရေး၏ စစ်ဘက်နေရာများကို ဒရုန်းများဖြင့် တိုက်ခိုက်မှုများကို ပိုမိုလုပ်ဆောင်လာခဲ့ပြီး အစ္စရေးကလည်း ဟစ်ဇဘိုလာ စစ်သွေးကြွတို့ကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများအား လုပ်ဆောင်လာ ခြင်းနှင့်အတူလွန်ခဲ့သောသီတင်းပတ်များတွင် အပြန်အလှန်ပစ်ခတ်မှုများသည် မြင့်တက်လာခဲ့သည်။

“ကျွန်တော်တို့ဟာ တိုက်ခိုက်တာတွေကို  ပြင်းပြင်ထန်ထန်လုပ်သွားပါမယ်။ အကြိမ်ရေများများ လုပ်သွားပါမယ်။ အရည်အသွေးရှိရှိ လုပ်သွားမှာဖြစ်ပါတယ်”ဟု အကြီးတန်းဟစ်ဇဘိုလာတာဝန်ရှိသူ ဟာရှမ်ဆာဖက်ဒင်းက ဇွန် ၁၁ ရက် အစ္စရေးတိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့သော တပ်မှူးတာလက်ဆာမီ အဗ္ဗဒါလာ၏ စျာပနတွင် ပြောကြားခဲ့သည်။

လက်ဘနွန်တောင်ပိုင်းကို အစ္စရေးတိုက်ခိုက်ခဲ့ခြင်းကြောင့် ဟစ်ဇဘိုလာအကြီး တန်းတပ်မှူးသေဆုံးသွားခဲ့သည်ဟု ဇွန် ၁၁ ရက်တွင် ဟစ်ဇဘိုလာစစ်သွေးကြွအုပ်စုက ပြောကြားခဲ့သည်။

ဟစ်ဇဘိုလာအဖွဲ့က ထုတ်ပြန်ချက်တွင် ဖော်ပြရာ၌သေဆုံးသွားသောတပ်မှူးမှာ ၁၉၆၉ ခုနှစ်တွင် မွေးဖွားသည့် အဘူတာလက်ခေါ်ဆာမီအဗ္ဗဒါလာဖြစ်သည်ဟု ဖော်ပြထားသည်။ ဂါဇာ၌ ပါလက်စတိုင်း   စစ်သွေးကြွအုပ်စုဟားမာ့စ်နှင့်အစ္စရေးတို့ စစ်ဖြစ်ပြီးနောက်ပိုင်း ဟစ်ဇဘိုလာ၏အရေး အပါဆုံးတပ်မှူးတစ်ဦးသေဆုံးခဲ့ခြင်းဖြစ်သည်ဟု လက်ဘနွန် စစ်သတင်းအရင်းအမြစ်က ပြောသည်။

အစ္စရေး၏တိုက်ခိုက်မှုသည် အစ္စရေးနယ်စပ်မှ ကိုးမိုင်(၁၅ ကီလိုမီတာ)ဝေးသော ဂျိုယိုင်ယာမြို့ကို ထိမှန်ခဲ့ပြီး အခြားလူသုံးဦး သေဆုံးသွားသည်ဟု ဆိုသည်။ ဒုတိယမြောက်တိုက်ခိုက်ရေးသမားတစ်ဦး သေဆုံးခဲ့သည်ဟု နောက်ပိုင်းတွင် ဟစ်ဇဘိုလာက ကြေညာခဲ့ပြီး သေဆုံးခဲ့သည့် တိုက်ခိုက်ရေးသမားမှာ ဘာကားဟု ခေါ်သည့် မိုဟာမက်ဟူ ဆိန်ဆာဘရာဖြစ်သည်ဟုသိရသည်။

အစ္စရေး-လက်ဘနွန်နယ်စပ် အခြေအနေကို သံတမန်နည်းလမ်းဖြင့်ဖြေရှင်းရန် ဒိုဟာမြို့ကို ရောက်နေသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ပြန်လည်တောင်းဆိုခဲ့ပြီး  ကြိုးပမ်းနေသည်မှာ ကြာပြီဖြစ်သော ဂါဇာအပစ်အခတ်ရပ်စဲရေးသည် အလွန်ကြီးမားသော ဖိအားတို့ရှိလာလိမ့်မည်ဟု ဆိုသည်။

အစ္စရေးစစ်တပ်၏လုပ်ကြံမှုကို တုံ့ပြန်သည့်အနေဖြင့် ကက်ယူရှာဒုံးကျည်များ သို့မဟုတ် အကြီးစား ဘာကန်ဒုံးကျည်များဖြင် အစ္စရေးမြောက်ပိုင်းရှိစစ်ဘက်နေရာများကို ခြောက်ကြိမ်တိုက်ခိုက်ခဲ့သည်ဟု ဟစ်ဇဘို လာကပြောကြားခဲ့သည်။ ထို့အပြင်အစ္စရေးစစ်ဘက်စက်ရုံတစ်ရုံကိုလည်း ပဲ့ထိန်းဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဟစ်ဇဘိုလာအဖွဲ့က ပြောကြားခဲ့သည်။

အစ္စရေးစစ်သားများနှင့် အစ္စရေးစစ်ရေးနေရာများကို ဇွန် ၁၂ ရက်တွင် အခြားတိုက်ခိုက်မှု ၁၀ ကြိမ်ကျော်လုပ်ဆောင်ခဲ့သည်ဟု အီရန်ကျောထောက်နောက်ခံပေးထားသော ဟစ်ဇဘိုလာအဖွဲ့က သီးခြားထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပြီး အဆိုပါတိုက်ခိုက်မှုများထဲတွင် ဒရုန်းများဖြင့် တိုက်ခိုက်မှုလည်းပါဝင် သည်ဟု ဆိုသည်။

လက်ဘနွန်ဘက်မှ ဒုံးကျည်များကို သုံးကြိမ်ဆက်အတွဲလိုက်ပစ်ရာတွင် ဒုံးကျည်အရေအတွက် ၁၅၀ ကျော်ကို ပစ်ခတ်ခဲ့သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent