ဆူဒန်နိုင်ငံ ဒါဖာဒေသတွင် တိုက်ပွဲများဖြစ်ပွားမှုကြောင့် သေဆုံးသူ ၈၅ ဦးထက်မနည်းရှိခဲ့

ဆူဒန်နိုင်ငံ ဒါဖာဒေသတွင် တိုက်ပွဲများဖြစ်ပွားမှုကြောင့် သေဆုံးသူ ၈၅ ဦးထက်မနည်းရှိခဲ့
မေ ၁၅ ရက်က ဆူဒန်နိုင်ငံ အရှေ့ပိုင်း ဂျီဒါရက်ဖ်ပြည်နယ်ရှိ ဒုက္ခသည်စခန်းတစ်ခုတွင် ကလေးများကို တွေ့ရစဉ်(Photo:AFP)
မေ ၁၅ ရက်က ဆူဒန်နိုင်ငံ အရှေ့ပိုင်း ဂျီဒါရက်ဖ်ပြည်နယ်ရှိ ဒုက္ခသည်စခန်းတစ်ခုတွင် ကလေးများကို တွေ့ရစဉ်(Photo:AFP)
Published 23 May 2024

ဆူဒန်နိုင်ငံ ဒါဖာဒေသတွင် မေ ၁၀ ရက်ကစပြီး တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ပြီးကတည်းက အယ်ဖာရှာမြို့ရှိ ဆေးရုံတစ်ရုုံတည်းမှာပင် သေဆုံးသူ ၈၅ ဦးထက်မနည်းရှိခဲ့သည်ဟု နယ်စည်းမခြားဆရာဝန်များအဖွဲ့က မေ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

မေ ၂၀ ရက် တစ်ရက်တည်းမှာပင် အယ်ဖာရှာမြို့၏ တစ်ခုတည်းသော လည်ပတ်နေသည့် ဆေးရုံဖြစ်သည့် တောင်ပိုင်းဆေးရုံတွင် ထိခိုက်ဒဏ်ရာရသူ ၆၀ အနက် ကိုးဦးသည် ၎င်းတို့ရရှိသည့် ဒဏ်ရာများဖြင့် သေဆုံးခဲ့ သည်ဟု နယ်စည်းမခြားဆရာဝန်များအဖွဲ့၏ ဆူဒန်အရေးပေါ်အစီအစဉ်အဖွဲ့အကြီးအကဲ  ကလယ်ရီ နီကိုလတ်က ပြောကြားခဲ့သည်။

မြောက်ဒါဖာမြို့တော်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ချိန်ကတည်း ထိုဆေးရုံတွင် ထိခိုက်ဒဏ်ရာရသူ ၇၀၇ ဦးကို လက်ခံကုသပေးခဲ့ပြီး ၎င်းတို့အနက် ၈၅ ဦးမှာ ကွယ်လွန်သွားခဲ့သည်ဟု ၎င်းက ဆိုသည်။

ဆူဒန်တွင် စစ်တပ်အကြီးအကဲ အဗ္ဗဒယ်ဖာတာအယ်ဘာဟန်နှင့် အရန်တပ်ဖွဲ့အကြီးအကဲ မိုဟာမက် ဟမ်ဒန်ဒါဂလိုတို့အကြား စစ်ပွဲစတင်ဖြစ်ပွားခဲ့သည်မှာ တစ်နှစ်ကျော်ကြာမြင့်လာပြီဖြစ်သည်။

အယ်ဖာရှာမြို့သည် ဆူဒန်အနောက်ဘက် ဒါဖာဒေသတွင် အရန်တပ်ဖွဲ့လက်အောက်သို့ မရောက်ရှိသေးသည့် တစ်ခုတည်းသော ပြည်နယ်ဆိုင်ရာမြို့တော်ဖြစ်ပြီး ထိုဒေသတွင် အငတ်ဘေးနှင့်ရင်ဆိုင်ရမည့် အခြေအနေသို့ ရောက်ရှိလုနီးဖြစ်နေသည်။

ယခုလအတွင်းကလည်း ထိုမြို့တော်တွင် တိုက်ခိုက်မှုများမပြုလုပ်ရန် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ထပ်တလဲလဲ မေတ္တာရပ်ခံခဲ့သည့်တိုင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။

စစ်တပ်နှင့် အရန်တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်နေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု မျက်မြင်များက ပြောကြားခဲ့သည်။

ဆူဒန်နိုင်ငံတွင် ဒေသခံများသည် ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက်မှုအတွင်း ပိတ်မိနေပြီး မိုးရာသီတွင် အထောက်အပံံ့များ ပိတ်ဆို့ခံထားရသဖြင့် အငတ်ဘေးကျရောက်မည့် အန္တရာယ်မြင့်တက်နေသည်ဟု ကုလ သမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအရာရှိ ကလီမန်တိုင်း အန်ကွီတာဆလာမီက မေ ၁၅ ရက်တွင် သတိပေးခဲ့သည်။

“အငတ်ဘေး ကျရောက်ဖို့ တော်တော်နီးစပ်နေပါပြီ။ ရောဂါတွေကလည်း ထူပြောလာတော့မှာပါ။ တိုက်ခိုက်မှု တွေကလည်း အဆုံးသတ်ဖို့ လမ်းစမမြင်သေးပါဘူး”ဟု အန်ကွီတာဆလာမီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ဒီလိုမနှစ်မြို့ဖွယ် အခြေအနေကို ပိုဆိုးလာဖို့ပဲရှိပါတယ်။ မိုးရာသီရောက်ဖို့ သီတင်း ခြောက်ပတ်လောက်သာ လိုတော့ပါတယ်။ စားစရာတွေက ရှားပါးလာပြီး ပိုပြီးစျေးကြီးလာပါတယ်”ဟု ၎င်းက ထပ်လောင်းပြောကြား ခဲ့သည်။

လူပေါင်း လေးသန်းကျော်သည် အငတ်ဘေးဆိုက်မည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း၊ မိုးရာသီ စတင်လာချိန်တွင် အကူအညီလိုအပ်နေသူများ၏ အခြေအနေသည် ပိုမိုခက်ခဲလာကြောင်း အန်ကွီတာ ဆလာမီက ပြောသည်။

မိမိတို့အနေဖြင့် လယ်သမားများကို ကောက်ပဲသီးနှံမျိုးစေ့များ ပို့ဆောင်ပေးနိုင်ခြင်းမရှိပါက ယခုနှစ် စိုက်ပျိုး ရာသီလည်း အောင်မြင်လိမ့်မည်မဟုတ်ကြောင်း၊ စစ်ပွဲဖြစ်ပွားသည့် အချိန်ကာလသည် တစ်နှစ်ကျော်ကြာ မြင့်လာချိန်တွင် ဆူဒန်ပြည်သူများသည် ကြမ်းကြုတ်သည့် အကြမ်းဖက်မှုထဲတွင် ပိတ်မိနေကြောင်း ၎င်းက ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အထောက်အကူများကို ပေးနိုင်ခြင်းမရှိသေးကြောင်း အန်ကွီတာ ဆလာမီက ပြောကြားခဲ့သည်။   

Ref:AFP

Most Read

Most Recent