မြောက်ကိုရီးယားစစ်တပ်သည် စစ်မဲ့ဇုန်အတွင်းလမ်းများနှင့် တံတိုင်းများတည်ဆောက်ခဲ့ကြောင်း တောင်ကိုရီးယား၏ ယွန်ဟပ်သတင်းအေဂျင်စီက ဖော်ပြ

မြောက်ကိုရီးယားစစ်တပ်သည် စစ်မဲ့ဇုန်အတွင်းလမ်းများနှင့် တံတိုင်းများတည်ဆောက်ခဲ့ကြောင်း တောင်ကိုရီးယား၏ ယွန်ဟပ်သတင်းအေဂျင်စီက ဖော်ပြ
၂၀၁၉ ခုနှစ် ဇွန်လက တောင်ကိုရီးယားနိုင်ငံ ဂိုဆွန်းမြို့ရှိ စစ်မဲ့ဇုန်အနီးတွင် ကင်းလှည့်နေသည့် တောင်ကိုရီးယားစစ်သားများကို တွေ့ရစဉ်(Photo:AFP)
၂၀၁၉ ခုနှစ် ဇွန်လက တောင်ကိုရီးယားနိုင်ငံ ဂိုဆွန်းမြို့ရှိ စစ်မဲ့ဇုန်အနီးတွင် ကင်းလှည့်နေသည့် တောင်ကိုရီးယားစစ်သားများကို တွေ့ရစဉ်(Photo:AFP)
Published 16 June 2024

မြောက်ကိုရီးယားစစ်တပ်သည် တောင်ကိုရီးယားနှင့် ပိုင်းခြားထားသည့် စစ်မဲ့ဇုန်အတွင်း လမ်းများနှင့် တံတိုင်းများတည်ဆောက်ခဲ့ကြောင်း တောင်ကိုရီးယား၏ ယွန်ဟပ်သတင်းအေဂျင်စီက ဇွန် ၁၅ ရက်တွင် ဖော်ပြခဲ့သည်။

ဆောက်လုပ်ရေးလှုပ်ရှားမှုများကို စစ်မဲ့ဇုန်၏အလယ်ပိုင်းဒေသ တောက်လျှောက်စစ်ရေး နယ်သတ်မျဉ်း (MDL) ၏မြောက်ဘက်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် စစ်ရေးသတင်းအရင်း အမြစ်တစ်ခုကို ကိုးကားပြီး တောင်ကိုရီးယား သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က မြောက်ကိုရီးယားစစ်သားများသည် MDL ကိုယာယီ ကျော်ဖြတ်ခဲ့သဖြင့် တောင်ကိုရီးယားတပ်ဖွဲ့များက သတိပေးပစ်ခတ်မှုများပြုလုပ်ခဲ့ရသည့်ဖြစ်စဉ်အပြီးတွင် ယခုသတင်းထွက်ပေါ် ခဲ့ခြင်းဖြစ်သည်။

တောင်ကိုရီးယားအာဏာပိုင်များကမူ ထိုဖြစ်စဉ်သည် မတော်တဆဖြစ်နိုင်ကြောင်း  ပြောကြားခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံသားအချို့သည် ဆောက်လုပ်ရေးပစ္စည်းကိရိယာများ သယ်ဆောင်နေကြောင်း တောင်ကိုရီးယားစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ ပြောကြားချက်ကိုကိုးကားပြီး ယွန်ဟပ်က ဖော်ပြခဲ့သည်။

“မကြာသေးမီက မြောက်ကိုရီးယားစစ်တပ်ဟာ စစ်မဲ့ဇုန်အတွင်းက မြောက်ပိုင်းကန့်သတ်မျဉ်း(NLL)နဲ့ MDL ကြားက အချို့နေရာတွေမှာ တံတိုင်းတွေဆောက်လုပ်တာ၊ မြေတူးတာတွေနဲ့ လမ်းဖောက်တာတွေ  လုပ်ဆောင်ခဲ့ပါတယ်”ဟု စစ်တပ်၏ သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့ကြောင်း ယွန်ဟပ်က ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားသည် မည်သည့် အ ဆောက်အအုံများတည်ဆောက်နေသည်ဆိုခြင်းကိုမူ ရှင်းလင်းစွာမသိရကြောင်း အဆိုပါ သတင်းရင်းမြစ်က ယွန်ဟပ်သတင်းအေဂျင်စီကို ပြောကြားခဲ့သည်။

ထိုသတင်းနှင့်ပတ်သက်ပြီး တောင်ကိုရီးယားစစ်တပ်က အစီရင်ခံစာထုတ်ပြန်ခဲ့ရာတွင် မြောက်ကိုရီးယား စစ်တပ်၏ လှုပ်ရှားမှုများကို ခြေရာခံပြီး အနီးကပ်စောင့်ကြည့်နေကြောင်းနှင့် နောက်ထပ် လေ့လာစစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း ဖော်ပြခဲ့သည်။

မြောက်ကိုရီးယား၏ အဆိုပါလုပ်ဆောင်ချက်များကြောင့် တောင်ကိုရီးယား စစ်မှုထမ်းများ၏ ဘေးကင်းလုံခြုံရေး ကို စိတ်ချသေချာစေရန် တုံ့ပြန်ဆောင်ရွက်မှုများနှင့် အသေးစိတ်အချက်အလက်များကိုမူ ထုတ် ပြန်ခဲ့ခြင်းမရှိပေ။

မြောက်ကိုရီးယားသည် နှစ်နိုင်ငံအကြား ဆက်သွယ်ထားသည့် ရထားလမ်းအပိုင်းများကို ဖျက်ဆီးနေသည့် အရိပ်လက္ခဏာများကို ထောက်လှမ်းတွေ့ရှိရကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီက ယခုသီ တင်းပတ်အတွင် အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

ကိုရီးယားနှစ်နိုင်ငံအကြား ၀ါဒဖြန့်စစ်ပွဲအရှိန်မြင့်တက်နေချိန်တွင် ထိုဖြစ်စဉ်များ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မကြာသေးမီက မြောက်ကိုရီးယားသည် အမှိုက်အိတ်များပါသည့် မိုးပျံပူဖောင်းများကို တောင်ကိုရီးယားနိုင်ငံ အတွင်းသို့ လွှတ်တင်ခဲ့ပြီး တောင်ကိုရီးယားကလည်း နယ်စပ်ဒေသတွင် မြောက်ကိုရီးယားဆန့်ကျင်သည့် ၀ါဒဖြန့်မှုများကို အသံချဲ့စက်များနှင့် ထုတ်လွှင့်မှုများကို ပြန်လည်ပြုလုပ်ခဲ့သည်။

                                               Ref:AFP