တရားဥပဒေစိုးမိုးရေး

တရားဥပဒေစိုးမိုးရေး
Published 25 June 2024

“ဒီမိုကရက်တစ်ဖြစ်ရုံနဲ့ မလုံလောက်ဘူး။ အများစုက မှားနေတာကို အမှန်အဖြစ် မပြောင်းလဲနိုင်ကြဘူး။ အထိုက်အလျောက် စစ်မှန်တဲ့ လွတ်လပ်​ခြင်း ရှိဖို့ဆိုတာက နိုင်ငံတွေအနေနဲ့ လွတ်လပ်မှုအပေါ် နက်ရှိုင်းတဲ့ ချစ်မြတ်နိုးခြင်း ရှိရမယ်။ တရားဥပဒေစိုးမိုးရေးကို လေးစားလိုက်နာရမယ်”

မာဂရက်သက်ချာ (၁၉၂၅ - ၂၀၁၃)

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း

Oxford English Dictionary ၌ တရားဥပဒေစိုးမိုးရေး Rule of Law အား လူ့အဖွဲ့အစည်းအတွင်း ဥပဒေနှင့် ပတ်သက်သော လုပ်ပိုင်ခွင့်နှင့် သြဇာလွှမ်းမိုးမှု (အထူးသဖြင့် လူတစ်ဦးချင်းနှင့် အင်စတီကျူးရှင်းဆိုင်ရာ အပြုအမူအပေါ် ချုပ်ထိန်းမှုတစ်ရပ်အဖြစ်) သတ်မှတ်သည်။ ထို့ကြောင့် (အစိုးရအဖွဲ့ဝင်များ အပါအဝင်) လူ့အဖွဲ့အစည်းဝင်အားလုံး လူသိရှင်ကြား ထုတ်ပြန်ထားသော ဥပဒေပုဒ်မများနှင့် ဥပဒေလုပ်ငန်းစဉ်များကို အညီအမျှ ခံယူရမည်ဟု သတ်မှတ်ထားသော သဘောတရားဖြစ်သည်။ တရားဥပဒေ စိုးမိုးရေးဟူသည့် စကားရပ်သည် နိုင်ငံရေးအနေအထားတစ်ရပ်ကို ရည်ညွှန်းပြီး မည်သည့်သက်ဆိုင်ရာ ဥပဒေစည်းမျဉ်းတစ်ရပ်ကိုမျှ ရည်ညွှန်းခြင်း မဟုတ်ပေ။

ယင်းစကားရပ် အသုံးပြုမှုကို ၁၆ ရာစု၌ ဗြိတိန်နိုင်ငံတွင်လည်းကောင်း၊ ၁၇ ရာစု၌ ဘုရင်များ၏ တစ်ချက်လွှတ်အမိန့် ချပိုင်ခွင့်ကို ဆန့်ကျင်ဖော်ပြသည့် စကော့တလန် သဘောတရားရေးရာပညာရှင် ဆင်မြူယယ်ရူသာဖို့ဒ်၏ ဖော်ပြချက်၌လည်းကောင်း အစောဆုံး တွေ့ရှိရသည်ဟု ဆိုနိုင်သည်။ လူ့အဖွဲ့အစည်းအတွင်း၌ လွတ်လပ်မှုဟူသည် လွတ်လပ်မှုအပေါ် အစိုးရနှင့် တစ်သီးပုဂ္ဂလအရ ကန့်သတ်ချုပ်ချုပ်မှုများမှနေ၍ လူတစ်ဦးအနေဖြင့် လွတ်မြောက်ခြင်းအပြင် လူတိုင်းအပေါ်ကျင့်သုံးသည့် ဥပဒေပြုမှုတစ်ရပ် အားဖြင့် ချမှတ်ထားသော ဥပဒေများကို ခံယူခြင်းသာလျှင်ဖြစ်ကြောင်း ဂျွန်လော့က်က ရေးသားခဲ့သည်။ ယင်းနောက် ၁၉ ရာစုတွင် ဗြိတိသျှတရားသူကြီး အေဗွီဒီဆေးကြောင့် တရားဥပဒေစိုးမိုးရေးဟူသည့် စကားရပ်မှာ ထပ်မံခေတ်စားလာခဲ့သည်။ သို့သော် စကားရပ်သက်သက် မဟုတ်သော သဘောတရားကို ရှေးဟောင်းတွေးခေါ်ရှင်များက သတိပြုမိ ပြီးသားဖြစ်သည်။ ဥပမာအားဖြင့် အရစ္စတိုတယ်က “နိုင်ငံသား မည်သူတစ်ဦးတစ်ယောက်မဆိုထက် တရားဥပဒေက လွှမ်းမိုးကြီးစိုးခြင်းသည်သာလျှင် ပို၍မှန်ကန်သင့်မြတ်ပေသည် ဟု ရေးသားခဲ့သည်။

သို့သော် တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ ကမ္ဘာတစ်ဝန်းလုံးမှ သတ်မှတ်သဘောတူထားသော အဓိပ္ပာယ်ဖွင့်ဆိုချက်မျိုး မရှိပေ။ အခြေခံအားဖြင့် လူတိုင်းလူတိုင်းသည် ဥပဒေလက်အောက်တွင် တန်းတူညီမျှ အကာအကွယ်ပေး ဆက်ဆံခံရခြင်း၊ ဥပဒေ တရားရုံးနှင့် ပုံမှန်အတိုင်းမဟုတ်သော ခုံရုံးများ စသည်တို့၏အထက်တွင် မည်သူမျှမရှိခြင်း၊ အစိုးရအဖွဲ့အစည်းများနှင့် အာဏာပိုင်များက ပုဂ္ဂိုလ်တစ်ဦးချင်းစီအား မည်သည့်အချိန်တွင်မဆို တန်းတူညီမျှဆက်ဆံရခြင်းတို့ကို ဆိုလိုသည်။ တရားဥပဒေစိုးမိုး ရေးနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂက ဖွင့်ဆိုသော အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် မရှိမဖြစ် အရေးပါသော အရာများပါဝင်သည်။ ယင်း၌ "တရားဥပဒေစိုးမိုးရေးသည် နိုင်ငံတော်အစိုးရ အဖွဲ့အပါအဝင် တိုင်းသူပြည်သားများ၊ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကနှင့် အများပြည်သူများစသည့် အားလုံးတို့နှင့်ဆိုင်သည့် အုပ်ချုပ်ရေးမူတစ်ရပ်ပင် ဖြစ်သည်။ ယင်းတိုင်းသိ ပြည်သိ ထုတ်ပြန်ထားသည့် အုပ်ချုပ်ရေးမူသည် လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိရမည်ဖြစ်ပြီး အများပြည်သူတို့အားလုံးအပေါ်တွင်လည်း သာတူညီမျှရှိစွာနှင့် အချုပ်အနှောင်ကင်းမဲ့စွာ လုပ်ဆောင်ပေးနိုင်ရန် တရားဥပဒေအပေါ်၌ တာဝန်ရှိသည် ဟု ဖော်ပြထားသည်။

ယင်းအဓိပ္ပာယ်ဖွင့်ဆိုချက်တွင် ပွင့်လင်းမြင်သာမှုရှိခြင်း၊ တန်းတူညီမျှရှိခြင်း၊ တာဝန်ခံမှု တာဝန်ယူမှုရှိခြင်းနှင့် လွတ်လပ်မှုရှိခြင်းတို့၏ တန်ဖိုးများ ပါဝင်သည်။ ယင်းတွင် တရားဥပဒေစိုးမိုးရေးတွင် နိုင်ငံတကာ လူ့အခွင့်အရေးစံချိန်စံညွှန်းများကို လေးစားလိုက်နာရန် ဥပဒေပြုခြင်းနှင့် ဥပဒေဆိုင်ရာ အဖွဲ့အစည်းများ လိုအပ်ကြောင်းကို အထူးပြုဖော်ပြသည်။ တရားဥပဒေစိုးမိုးရေးဟူသည်ကို ခေတ်နှင့်အညီဖြစ်သော အယူအဆတစ်ရပ်ဟု ဆိုနိုင်သည်။ ၎င်းသည် အုပ်ချုပ်မှုစနစ်ပုံစံအပေါ်တွင် ဗဟိုပြုပြီး အာဏာကို ဗဟိုပြုအသားပေးထားသောစနစ် (အာဏာရှင် သို့မဟုတ် သက်ဦးစံပိုင်ဘုရင်စနစ် စသည်) တို့၏ ဆန့်ကျင်ဘက်လားရာဖြစ်သော ဘက်လိုက်မှုမရှိသည့် စည်းမျဉ်းစည်းကမ်းများအပေါ်တွင် အခြေပြုထားသည်။

မည်သို့ပင်ဆိုစေကာမူ တရားဥပဒေ၏ အထက်တွင် မည်သူမျှ မရှိရသကဲ့သို့ လွတ်လပ်မှုကို အမှန်တကယ် ချစ်မြတ်နိုးကြသူတိုင်းသည်လည်း တရားဥပဒေစိုးမိုးရေးကို လေးစားလိုက်နာရမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

■ဇွန် ၂၅ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent