ပိုင်နက်အငြင်းပွားကျောက်တန်းတွင် တရုတ်၏ မြေယာဖော်ယူမှုများကို ဟန့်တားမည်ဟု ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် ပြောကြား

ပိုင်နက်အငြင်းပွားကျောက်တန်းတွင် တရုတ်၏ မြေယာဖော်ယူမှုများကို ဟန့်တားမည်ဟု ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် ပြောကြား
တောင်တရုတ်ပင်လယ်ရှိ ဆာဘီနာကျောက်တန်းအား တွေ့ရစဉ်(Photo:AFP)
တောင်တရုတ်ပင်လယ်ရှိ ဆာဘီနာကျောက်တန်းအား တွေ့ရစဉ်(Photo:AFP)
Published 13 May 2024

တောင်တရုတ်ပင်လယ်ရှိ ပိုင်နက်အငြင်းပွား ဧရိယာတစ်ခုဖြစ်သည့် ဆာဘီနာကျောက်တန်း၌ တရုတ်က မြေယာဖော်ယူသည့် လုပ်ငန်းစဉ်များ မပြုလုပ်နိုင်စေရန် ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က ယင်းဧရိယာ၌ ဆက်ရှိနေပြီး ဟန့်တားသွားမည်ဖြစ်ကြောင်း ကမ်းခြေစောင့်တပ်ပြောခွင့်ရက မေ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

ပင်လယ်ရေကြောင်း အငြင်းပွားမှုများ အရှိန်မြင့်တက်နေသည့်ကြားတွင် တရုတ်က ကျွန်းတု တည်ဆောက်နေသည်ဟု ဖိလစ်ပိုင်က စွပ်စွဲထားသည့် ဆာဘီနာကျောက်တန်းဆီသို့ သင်္ဘောတစ်စင်း စေလွှတ်ထားပြီး နောက်ထပ်သင်္ဘောနှစ်စင်းကိုလည်း ယင်းဧရိယာ၌ အလှည့်ကျတပ်ဖြန့်ထားသည်ဟု ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က မေ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

ဧပြီလလယ်တွင် ယင်းသင်္ဘောကို ဖြန့်ကြက်ခဲ့ပြီးနောက်ပိုင်း ဆာဘီနာကျောက်တန်းရှိ သောင်ခုံများပေါ်တွင် ကြိတ်ခြေထားသည့် သန္တာကျောက်များ စုပုံထားသည်ကို တွေ့ရှိခဲ့ပြီး ယင်းသည် သောင်ခုံများ၏ အ ရွယ်အစားနှင့် အမြင့်ကိုပြောင်းလဲစေသည်ဟု ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က ဆိုသည်။

ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်အနေဖြင့် ဆာဘီနာသန္တာကျောက်တန်းတွင် တရုတ်၏ မြေဖော်ယူမှုများ မအောင်မြင်စေရန် အသေအချာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ကမ်းခြေစောင့်တပ်ပြောခွင့်ရ ဂျေးတာရီရယ်လာက မေ ၁၃ ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ကမ်းခြေစောင့်တပ်အနေဖြင့် အဆိုပါကျောက်တန်းတွင် ဆက်လက်ရှိနေရန် စိတ်ပိုင်းဖြတ်ထားကြောင်းလည်း ၎င်းက ပြောကြားသည်။ ဖိလစ်ပိုင်က ယင်းကျောက်တန်းကို အက်စ်ကိုဒါဟု ခေါ်တွင်သည်။

ဖိလစ်ပိုင်၏ သီးသန့်စီးပွားရေးဇုန်အတွင်း၌ တည်ရှိသည့် ယင်းကျောက်တန်းသည် Second Thomas  သောင်ခုံ၌ ကျောက်ချထားသည့် ဖိလစ်ပိုင်စစ်သင်္ဘောတစ်စင်းတွင် တပ်စွဲထားသည့် ဖိလစ်ပိုင်တပ်ဖွဲ့ဝင်များအ တွက် ထောက်ပို့မစ်ရှင်များ ဆောင်ရွက်ပေးနေသည့် သင်္ဘောများအတွက် ဆုံရပ်ဖြစ်သည်။ Second Thomas   သောင်ခုံ၌ ဖိလစ်ပိုင်နှင့် တရုတ်အကြား ထိပ်တိုက်တွေ့မှုများ မကြာခဏဖြစ်ပွားခဲ့သည်။

တရုတ်သည် တောင်တရုတ်ပင်လယ်ရှိ ကျွန်းအချို့တွင် မြေယာဖော်ယူမှုများ၊ လေတပ်နှင့် အခြားစစ်ဘက်အဆောက်အအုံ တည်ဆောက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လျက်ရှိရာ ဒေသတွင်းနိုင်ငံများနှင့် အမေရိကန်အတွက် စိုးရိမ်မှုများ ဖြစ်စေခဲ့သည်။

တရုတ်က အသေးစားမြေဖော်ယူမှုများပင် မပြုလုပ်နိုင်စေရန် ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က ထိထိရောက်ရောက် ဟန့်တားနိုင်ခဲ့သည်ဟု ယုံကြည်ကြောင်း ကမ်းခြေစောင့်တပ်ပြောခွင့်ရက ဆိုသည်။ ဧပြီလလယ်တွင် ဘက်စုံသုံးတုံ့ပြန်ရေးသင်္ဘောကို တပ်ဖြန့်ထားသည့်အတွက် ဆာဘီနာကျောက်တန်းရှိ တရုတ်သင်္ဘောများ၏ လှုပ်ရှားမှုများကို မှတ်တမ်းတင်နိုင်ခြင်းမရှိပေ။

တာရီရယ်လာ၏ မှတ်ချက်စကားနှင့်ပတ်သက်၍ မနီလာမြို့ရှိ တရုတ်သံရုံးက လတ်တလောတုံ့ပြန်ခြင်း မရှိသေးပေ။

“တရုတ်ဟာ တောင်တရုတ်ပင်လယ်မှာရှိတဲ့ကျွန်းတွေနဲ့ ဆက်စပ်ရေပြင်နယ်နိမိတ်တွေကို အငြင်းပွားဖွယ်မရှိ အချုပ်အခြာအာဏာပိုင်စိုးမှုရှိတယ်”ဟု တရုတ်သံရုံးက မေ ၁၂ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

သယံဇာတ အရင်းအမြစ်ကြွယ်ဝသော တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း တရုတ်က အခိုင်အမာ ပြောဆိုထားပြီး ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ ထိုင်ဝမ်၊ ဗီယက်နမ်တို့နှင့် အငြင်းပွားလျက်ရှိ သည်။ တောင်တရုတ် ပင်လယ်ကိုဖြတ်သန်း၍ နှစ်စဉ်ကုန်သွယ်မှုပမာဏသည် ဒေါ်လာ သုံးထရီ လျံကျော်ရှိသည်။ ၂၀၁၆ ခုနှစ်တွင်သည် ဟိဂ်မြို့အခြေစိုက် အနုညာတစီရင်ဆုံးဖြတ်ခြင်းဆိုင်ရာ အမြဲတမ်းခုံရုံးက တရုတ်၏ပြောကြားချက်ကို ပယ်ချခဲ့သည်။

Ref:Reuters

Most Read

Most Recent