တရုတ်၏ အင်အားကြီးထွားလာမှုသည် ထိုင်ဝမ်အတွက် အကြီးဆုံးစိန်ခေါ်မှုဖြစ်ကြောင်း ထိုင်ဝမ်သမ္မတ ပြောကြား

တရုတ်၏ အင်အားကြီးထွားလာမှုသည် ထိုင်ဝမ်အတွက် အကြီးဆုံးစိန်ခေါ်မှုဖြစ်ကြောင်း ထိုင်ဝမ်သမ္မတ ပြောကြား
မေ ၂၈ ရက်က ထိုင်ဝမ်၏ ဟူလျန်လေတပ်စခန်းတွင် ထိုင်ဝမ်သမ္မတ လိုင်ချင်တယ်က အမှာစကားပြောကြားနေစဉ်
မေ ၂၈ ရက်က ထိုင်ဝမ်၏ ဟူလျန်လေတပ်စခန်းတွင် ထိုင်ဝမ်သမ္မတ လိုင်ချင်တယ်က အမှာစကားပြောကြားနေစဉ်
Published 16 June 2024

တရုတ်၏ အင်အားကြီးထွားလာမှုသည် ထိုင်ဝမ်၏ အကြီးမားဆုံးစိန်ခေါ်မှုဖြစ်သည်ဟု ထိုင်ဝမ်သမ္မတ လိုင်ချင်တယ်က ဇွန် ၁၆ ရက်က ထိုင်ဝမ်စစ်အကယ်ဒမီတွင် ဗိုလ်လောင်းများကို ပြောကြားခဲ့သည်။

တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ်တစ်ခုအဖြစ်ကြေညာထားပြီး မဖြစ်မနေ ပြန်လည်ပေါင်းစည်း ရမည်ဖြစ်ကြောင်း မကြာသေးမီနှစ်များအတွင်း တရုတ်ခေါင်းဆောင်များက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လက ထိုင်ဝမ်တွင် လိုင်၏ သမ္မတကျမ်းသစ္စာကျိန်ဆိုမှုအပြီးတွင် တရုတ်က ထိုင်ဝမ်ကျွန်းကို ၀ိုင်းဝန်းပိတ်ဆို့ပြီး စစ်လေယာဉ်များ၊ ရေတပ်သင်္ဘောများဖြင့် စစ်ရေးလေ့ကျင့်မှုများပြုလုပ်ကာ စစ်ရေးဖိအား များကို တိုးမြှင့်ခဲ့သည်။

ထိုင်ဝမ်၏ Whampoa စစ်အကယ်ဒမီ ထူထောင်သည့် နှစ် ၁၀၀ ပြည့် အထိန်းအမှတ် အခမ်းအနားတွင် လိုင်က မိန့်ခွန်းပြောကြားရာတွင် စစ်သင်တန်းဆရာများနှင့် သင်တန်းသားများအနေဖြင့် စိန်ခေါ်မှုများနှင့် ခေတ် သစ်၏ မစ်ရှင်များကို လက်ခံရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“အကြီးမားဆုံး စိန်ခေါ်မှုကတော့ တရုတ်ရဲ့ ခိုင်ခိုင်မာမာ အင်အားကြီးထွားလာတာကို ရင်ဆိုင်ဖို့ဖြစ်ပါတယ်။ အဲဒီအခြေအနေဟာ ထိုင်ဝမ်ရေလက်ကြားက ရှိရင်းစွဲအခြေအနေကို ထိခိုက်စေခဲ့ပါတယ်”ဟု လိုင် က ပြောကြားခဲ့သည်။

တရုတ်သည် အမျိုးသားရေး ခိုင်မာအားကောင်းစေရန် အကြောင်းတရားအတွက် ထိုင်ဝမ်ကို သိမ်းပိုက်ရန်နှင့် ဖယ်ရှားရန် ရည်ရွယ်ထားကြောင်း လိုင်က ပြောကြားခဲ့သည်။

“အမြင့်ဆုံးမစ်ရှင်ကတော့ ထိုင်ဝမ်ကို ကာကွယ်ဖို့ ကြီးမြတ်တဲ့ တာဝန်ဝတ္တရားတွေကို ရဲရဲဝံ့ဝံ့ လုပ်ဆောင်ဖို့နဲ့ ထိုင်ဝမ်ရေလက်ကြားက ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ကာကွယ်ဖို့ ဖြစ်ပါတယ်”ဟု လိုင်က ပြောကြားခဲ့ သည်။

Whampoa စစ်အကယ်ဒမီကို ၁၉၂၄ ခုနှစ်က တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ကျိုးမြို့တွင် စတင်တည်ထောင်ခဲ့ပြီး တရုတ်ပြည်တွင်းစစ်တွင် ကွန်မြူနစ်များကို ရှုံးနိမ့်ခဲ့သည့် ကူမင်တန်များသည် ၁၉၄၉ ခုနှစ်တွင် ထိုင်ဝမ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီးနောက် ထိုစစ်အကယ်ဒမီကို ထိုင်ဝမ်တောင်ပိုင်း ကောင်းရှောင်မြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။

လိုင်သည် မေ ၂၀ ရက်က ပြုလုပ်ခဲ့သည့် ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားတွင် ထိုင်ဝမ်၏ ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်ကို ကာကွယ်သွားမည့်အကြောင်းကို ထည့်သွင်းပြောကြားခဲ့သည်။

ထိုင်ဝမ်၏ ကြီးကျယ်ခမ်းနားသော ဒီမိုကရေစီခေတ်ကို ရောက်ရှိပြီဖြစ်ကြောင်း လိုင်က ပြောကြားခဲ့ပြီး ပြင်ပအင်အားစုများကြောင့် ယိမ်းယိုင်ခြင်းမရှိဘဲ ဒီမိုကရေစီကို ခိုင်ခိုင်မာမာ ထိန်းသိမ်းကာကွယ်သည့်အတွက် ထိုင်ဝမ်ပြည်သူများကို ကျေးဇူးတင်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။

“တရုတ်ရဲ့ ခြိမ်းခြောက်မှုများစွာနဲ့ စိမ့်ဝင်ထိုးဖောက်ဖို့ ကြိုးပမ်းမှုတွေနဲ့ ရင်ဆိုင်ရချိန်မှာ မိမိတို့အနေနဲ့ ထိုင်ဝမ်ကို ကာကွယ်စောင့်ရှောက်မယ့် စိတ်ပိုင်းဖြတ်မှုကို ပြသပြီး အမျိုးသားလုံခြုံရေးဆိုင်ရာ တရားဝင်မူ ဘောင်ကန့်သတ်ချက်တွေကို ခိုင်မာအားကောင်းအောင် လုပ်ဆောင်ရမှာဖြစ်တယ်”ဟု လိုင်က ဆိုသည်။

ထိုင်ဝမ်အာဏာရ ဒီမိုကရက်တစ်တိုးတက်ပြောင်းလဲရေးပါတီ (DPP) ၏ ရွေးကောက်ခံသမ္မတ လိုင်ချင်းတယ်သည် ခွဲထွက်ရေးသမားဖြစ်သည်ဟု တရုတ်က ရှုတ်ချပြောဆိုထားပြီး ထိုင်ဝမ်၏ တရားဝင်လွတ် လပ်ရေးအတွက် တွန်းအားပေးလုပ်ဆောင်ရန် ကြိုးပမ်းမှုမှန်သမျှသည် ထိပ်တိုက်ပဋိပက္ခဆီသို့ ဦးတည်စေမည် ဖြစ်ကြောင်း တရုတ်က သတိပေးထားသည်။

သမ္မတဟောင်း ဆိုင်အင်းဝမ်ကဲ့သို့ပင် လိုင်က ထိုင်ဝမ်သည် တရုတ်၏အချုပ်အခြာအာဏာပိုင်ဖြစ် သည်ဟူသော ပြောဆိုချက်ကို ပယ်ချထားပြီး ထိုင်ဝမ်၏ အနာဂတ်ကို ထိုင်ဝမ်ပြည်သူများသာလျှင် ဆုံးဖြတ်ခွင့်ရှိသည်ဟု ခံယူထားသည်။                       

Ref:AFP

Most Read

Most Recent