စစ်ဖြစ်နေသော ဂါဇာကမ်းမြောင်တွင် ဆေးဘက်ဆိုင်ရာ အကျပ်အတည်းဖြစ်ပေါ်နေသည်ဟု အမေရိကန်ဆရာဝန်များနှင့် သူနာပြုများက ပြောကြား

စစ်ဖြစ်နေသော ဂါဇာကမ်းမြောင်တွင် ဆေးဘက်ဆိုင်ရာ အကျပ်အတည်းဖြစ်ပေါ်နေသည်ဟု အမေရိကန်ဆရာဝန်များနှင့် သူနာပြုများက ပြောကြား
ဇွန် ၁၄ ရက်က အေအက်ဖ်ပီ၏မေးမြန်းမှုများကို ဖြေကြားနေသည့် အဒမ်ဟာမာဝီကိုတွေ့ရစဉ်(Photo: AFP)
ဇွန် ၁၄ ရက်က အေအက်ဖ်ပီ၏မေးမြန်းမှုများကို ဖြေကြားနေသည့် အဒမ်ဟာမာဝီကိုတွေ့ရစဉ်(Photo: AFP)
Published 27 June 2024

ဂါဇာ၏ဖွင့်ထားသော ဆေးရုံအနည်းငယ်တွင် တက်ရောက်ကုသမှုခံယူနေကြသောလူနာများသည် ဗုံးပေါက်ကွဲမှုများဖြစ်ပွားရာမှရရှိထားသည့် ပြင်းထန်သောဒဏ်ရာများဖြင့်မသေသော်လည်း အကာအ ကွယ်ဝတ်စုံများနှင့်ဆပ်ပြာမရှိခြင်းတို့၏ အကျိုးဆက်ကြောင့်ဖြစ်ရသည့်ကူးစက်ရောဂါများဖြင့် အများအပြား သေအံ့ဆဲဆဲဖြစ်နေသည်ဟု သိရသည်။

ကျန်းမာရေးလုပ်သားများသည် ထိခိုက်နာကျင်စရာကောင်းသောဆုံးဖြတ်ချက်များကို ရင်ဆိုင်နေရသည်။ ပြင်းထန်မီးလောင်ဒဏ်ရာရရှိထားသော အသက်ခုနစ်နှစ်အရွယ်ကလေးသည် ပတ်တီးမရှိသဖြင့် ဆရာဝန်များ လက်လျှော့ရသည့်အနေအထားဖြစ်လာခဲ့သည်။ ထိုကလေးသည် မည်သည့်နည်းနှင့်မဆို သေဆုံးသွားဖွယ်ရာရှိနေသည်။

ထိုအရာများသည် အဝိုင်းခံထားရသော ပါလက်စတိုင်းနယ်မြေစုဂါဇာကမ်းမြောင်မှ ပြန်လာကြသော အမေရိကန်ဆရာဝန်များနှင့်သူနာပြုများ ကိုယ်တွေ့ကြုံခဲ့ရသည့်  ကြောက်မက်ဖွယ်ဖြစ်ရပ်ဆိုးအချို့ဖြစ်သည်။ ၎င်းတို့သည် ဂါဇာ၌ ၎င်းတို့မြင်ခဲ့သမျှကို  အိမ်ဖြူတော်၌ပြောကြားခဲ့သူများဖြစ်ပြီး လူ့အသက်ငယ်နိုင်သော ပစ္စည်းများဂါဇာကို ရောက်လာရေးအတွက် ၎င်းတို့က အစ္စရေးကိုဖိအားပေးလျက်ရှိသည်။

“အပစ်အခတ်ရပ်စဲတာပဲဖြစ်ဖြစ်၊ မရပ်တာပဲဖြစ်ဖြစ် လူသားချင်းစာနာမှုအကူအညီတွေ ရောက်လာအောင် ကျွန်တော်တို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လိုအပ်ချက်တွေ ပြည့်စေဖို့ အကူအညီတွေ အလုံအလောက်ရောက်လာအောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု အမေရိကန်စစ်ဆရာဝန်ဟောင်း အဒမ် ဟာမာဝီက အေအက်ဖ်ပီသတင်းဌာန ကိုပြောကြားခဲ့သည်။ ၎င်းသည်ဂါဇာ၏ဥရောပဆေးရုံသို့ ဆေးဘက်ဆိုင်ရာတာဝန်ဖြင့် လွန်ခဲ့သောလတွင်ရောက်ရှိခဲ့ပြီးနောက် အေအက်ဖ်ပီနှင့်အင်တာဗျူးတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ဆန္ဒရှိသလောက် အားလုံးကို ပေးနိုင်တယ်။ လှူနိုင်တယ်။ ဒါပေမဲ့ အဲဒီအကူအညီရောက်လာဖို့ ဒီနယ်စပ်တွေကို ဖွင့်မပေးဘူးဆိုရင် ဘာပဲလှူလှူ အကျိုးရှိမှာမဟုတ်ပါဘူး” ဟု နယူးဂျာဆီမှ ပလပ်စတစ် ခွဲစိတ်ဆရာဝန် ဟာမာဝီက ပြောသည်။

ဟာမာဝီသည် စစ်ဒဏ်သင့်နိုင်ငံများနှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားသော နိုင်ငံများတွင် စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့သည်မှာ အနှစ် ၃၀ ရှိပြီဖြစ်ပြီး ၎င်းသည် အဆာရာယေဗို အဝိုင်းခံရမှုမှသည် ဟေတီမြေငလျင်အထိ စစ်ပွဲ၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားရာ နိုင်ငံတို့တွင် လုပ်ကိုင်ခဲ့သူဖြစ်သည်။

“ဒါပေမဲ့ အရပ်သား ထိခိုက်သေဆုံးမှု အနေအထားဟာ အရင်ကကျွန်တော်ကြုံခဲ့ ရတဲ့အနေအထားထက်ကို ကျော်လွန်နေပါတယ်”ဟု အသက် ၅၄ နှစ်အရွယ် ဟာမာဝီက ပြောသည်။ အမေရိကန်အထက်လွှတ် တော်အမတ်တမ်မီဒတ်ချ်ဝါ့ အီရတ်တွင် ရဟတ်ယာဉ်စီးနင်းနေချိန် အဆိုပါ ရဟတ်ယာဉ် ပခုံးထမ်းဒုံးကျည်ဖြင့် ပစ်ခတ်ခံရသဖြင့် ယင်းလွှတ်တော်အမတ် ခြေထောက်နှစ်ဖက်ဆုံးရှုံးရသည့်အခါ ဟာမာဝီသည် လွှတ်တော် အမတ်၏အသက်ကို ကယ်ခဲ့သူဖြစ်သည်။

“ကျွန်တော်တို့ရဲ့လူနာအများစုဟာ အသက် ၁၄ နှစ်အောက်တွေဖြစ်ပါတယ်။ ဒီကလေးတွေဟာ ခင်ဗျားတို့ရဲ့နိုင်ငံရေးအမြင်တွေနဲ့လားလားမှမဆိုင်သူတွေဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။ စစ်ပွဲပြီးဆုံးစေရန်ကြိုးပမ်းနေသည်ဟု ဟာမာဝီက ဆက်လက်ပြောကြားခဲ့သည်။              

Ref: AFP

Most Read

Most Recent