ဂါဇာတွင် ကုလသမဂ္ဂက ဖွင့်ထားသည့် စာသင်ကျောင်းကို လေကြောင်းမတိုက်ခိုက်မီ စစ်သွေးကြွ ၁၇ ဦးကို ချေမှုန်းနိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ် ပြောကြား

ဂါဇာတွင် ကုလသမဂ္ဂက ဖွင့်ထားသည့် စာသင်ကျောင်းကို လေကြောင်းမတိုက်ခိုက်မီ စစ်သွေးကြွ ၁၇ ဦးကို ချေမှုန်းနိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ် ပြောကြား
UNRWA က ဖွင့်ထားသည့် စာသင်ကျောင်းတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးနေသည့် စာသင်ခန်းများကို ဇွန် ၇ ရက်က တွေ့ရစဉ်(Photo: AFP)
UNRWA က ဖွင့်ထားသည့် စာသင်ကျောင်းတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးနေသည့် စာသင်ခန်းများကို ဇွန် ၇ ရက်က တွေ့ရစဉ်(Photo: AFP)
Published 8 June 2024

ဂါဇာကမ်းမြောင်ဒေသ၏ အလယ်ပိုင်းတွင် ကုလသမဂ္ဂက ဖွင့်ထားသည့် စာသင်ကျောင်းအား လေကြောင်းတိုက်ခိုက်မှု မပြုလုပ်မီီ တစ်ရက်အလိုက စစ်သွေးကြွ ၁၇ ဦးကို ချေမှုန်းနိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ဇွန် ၇ ရက်တွင် ပြောကြားခဲ့သည်။

အိမ်ပစ်ရာပစ်ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ထောင်နှင့်ချီသည့်လူများ ခိုလှုံနေသည့် ဂါဇာအလယ်ပိုင်း နူဆေးရတ်မြို့တွင် ကုလသမဂ္ဂ၏ ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNRWA)က ဖွင့်ထားသည့် စာသင်ကျောင်းကို ဇွန် ၆ ရက်တွင် အစ္စရေးက လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၃၇ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု စာသင်ကျောင်းအနီးရှိ Al-Aqsa Martyrs ဆေးရုံက ပြောကြားခဲ့သည်။

“ပစ်မှတ်ထားတိုက်ခိုက်မှုပြုလုပ်ပြီးကတည်းက အစ္စရေးစစ်တပ်ဟာ စာသင်ကျောင်းထဲမှာလှုပ်ရှားနေတဲ့ အကြမ်းဖက်သမား ၁၇ ဦးကို ခွဲခြားဖော်ထုတ်အတည်ပြုနိုင်ခဲ့ပါတယ်”ဟု အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့သည်။

ဟားမာ့စ် မီဒီယာရုံးကမူ အစ္စရေးစစ်တပ်သည် သတင်းအမှားများဖြန့်နေကြောင်း စွပ်စွဲခဲ့ပြီး အစ္စရေးစစ်တပ်က သေဆုံးကြောင်းထုတ်ပြန်ခဲ့သူသုံးဦးသည် အသက်ရှင်လျက်ရှိနေဆဲဖြစ်ပြီး အခြားတိုက်ခိုက်မှုများတွင် လူ နှစ်ဦးသေဆုံးကာ စာသင်ကျောင်းတိုက်ခိုက်ခံရမှုတွင် ကလေး ၁၄ ဦးလည်း သေဆုံးခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒန်နီယယ်ဟာဂါရီကမူ စာသင်ကျောင်းအတွင်းရှိ စာသင်ခန်းသုံးခန်းကို တိုက်လေယာဉ်များက တိုက်ခိုက်ခဲ့ချိန်တွင် စစ်သွေးကြွ ကိုးဦးသေဆုံးခဲ့သည်ဟု ဇွန် ၆ ရက်က ပြောကြားခဲ့သည်။

ထိုစာသင်ကျောင်းထဲတွင် အစ္စလာမ်မစ် ဂျီဟတ်အဖွဲ့နှင့် ဟားမာ့စ်အဖွဲ့မှ စစ်သွေးကြွ ၃၀ ခန့် ပုန်းအောင်းနေကြောင်း ၎င်းက ဆိုသည်။

UNRWA အကြီးအကဲ ဖိလစ်ပီလက်ဇာရီနီကမူ ထိုတိုက်ခိုက်မှုကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

UNRWA သည် အဆိုပါ စာသင်ကျောင်းအပါအဝင် ၎င်းတို့ဖွင့်ထားသည့် အဆောက်အအုံများအားလုံးကို အစ္စရေးစစ်တပ်နှင့်သာမက ပဋိပက္ခတွင်ပါဝင်သည့် အဖွဲ့များနှင့် ချိတ်ဆက်လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

“ကုလသမဂ္ဂက အသုံးပြုနေတဲ့ အဆောက်အအုံတွေကို တိုက်ခိုက်တာ၊ ပစ်မှတ်ထားတာ ဒါမှမဟုတ် စစ်ရေးရည်ရွယ်ချက်နဲ့ အသုံးပြုတာဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေကို အလေး မထားမှုဖြစ်ပါတယ်”ဟု လက်ဇာရီနီက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၇ ရက်က  အစ္စရေးကို ဟားမာ့စ်အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် အရပ်သားအများစုအပါအဝင် လူပေါင်း ၁၁၉၄ ဦးခန့်သေဆုံးခဲ့သည်ဟု အစ္စရေး၏ တရားဝင်ထုတ်ပြန်ချက်များအပေါ်အခြေခံပြီး အေအက်ဖ်ပီက ဖော်ပြခဲ့သည်။ဂါဇာတွင် အစ္စရေးစစ်တပ်၏ တုံ့ပြန်တိုက်ခိုက်မှုများကြောင့် အရပ်သားအများစုအပါအဝင် လူပေါင်း ၃၆၇၃၁ ဦးထက်မည်း သေဆုံးခဲ့သည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။            

Ref: AFP

Most Read

Most Recent