သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ စျေးဝယ်စင်တာတစ်ခုတွင် ဓားကိုင်ဆောင်သူတစ်ဦး၏ တိုက်ခိုက်မှုကြောင့် လူခြောက်ဦးသေဆုံး

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ စျေးဝယ်စင်တာတစ်ခုတွင် ဓားကိုင်ဆောင်သူတစ်ဦး၏ တိုက်ခိုက်မှုကြောင့် လူခြောက်ဦးသေဆုံး
Published 13 April 2024

ဧပြီ ၁၃ ရက်က ဆစ်ဒနီမြို့၏ လူစည်ကားသည့် စျေးဝယ်စင်တာတစ်ခုတွင် ဓားကိုင်ဆောင်သူတစ်ဦး၏ တိုက်ခိုက်မှုကြောင့် လူခြောက်ဦးသေဆုံးပြီး ကိုးလသားအရွယ် ကလေးငယ်တစ်ဦး အပါအဝင် လူအချို့ဒဏ်ရာရခဲ့သည်ဟု သြစတြေးလျရဲတပ်ဖွဲ့က ပြောကြားသည်။

အမည်မသိ တိုက်ခိုက်သူတစ်ဦးက လူအများအပြားကို ဓားဖြင့်တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်သူကို အမျိုးသမီးရဲတပ်ဖွဲ့ဝင်တစ်ဦးက အခင်းဖြစ်သည့်နေရာတွင် အသေပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဧပြီ ၁၃ ရက် မွန်းလွဲပိုင်းက စျေးဝယ်သူများဖြင့် စည်းကားလျက်ရှိသည့် ဝက်စ်ဖီးဘွန်ဒီဂျန်းရှင်း စျေးဝယ်စင်တာအဆောက်အအုံ၌ အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

"ပြစ်မှုကျူးလွန်သူရဲ့ လက်ချက်ကြောင့် လူခြောက်ဦး သေဆုံးခဲ့တယ်လို့ မိမိတို့ကို အကြောင်းကြားထားပါတယ်" ဟု နယူးဆောက်ဝေးစ်ပြည်နယ် ရဲတပ်ဖွဲ့၏ လက်ထောက်ရဲချုပ် အန်သနီကွတ်ခ်က ပြောကြားသည်။

လတ်တလောတွင် တိုက်ခိုက်မှုကျူးလွန်သည့် ရည်ရွယ်ချက်ကို မသိရသေးသော်လည်း အကြမ်းဖက်မှု ဖြစ်နိုင်ခြေကို ပယ်ရှား၍မရကြောင်း ၎င်းက ထပ်မံပြောကြားသည်။

ဒဏ်ရာရသူရှစ်ဦးကို ဆစ်ဒနီမြို့ရှိ ဆေးရုံများဆီသို့ ပို့ဆောင်ထားပြီး ၎င်းတို့အနက် ကလေးငယ်တစ်ဦး ပါဝင်ကာ ၎င်းကလေးငယ်ကို ဆစ်ဒနီမြို့ရှိ ကလေးဆေးရုံသို့ ပို့ဆောင်ထားသည်ဟု နယူးဆောက်ဝေးစ်ပြည်နယ် လူနာတင်ယာဉ်ဌာန ပြောခွင့်ရက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားသည်။

့ပြည်တွင်းမီဒီယာများက ထုတ်လွှင့်သည့် လုံခြုံရေးကင်မရာမှတ်တမ်းတွင် သြစတြေးလျ ရက်ဘီလိဂ်ဂျာစီ ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးက စျေးဝယ်စင်တာထဲတွင် ဓားကြီးတစ်လက်ဖြင့် လိုက်လံတိုက်ခိုက်နေပုံနှင့် လူအချို့ ဓားဒဏ်ရာဖြင့် ကြမ်းပြင်ပေါ်တွင်လဲကျနေပုံတို့ကို ပြသထားသည်။

ထိုဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသူများက ထိတ်လန့်ချောက်ချားဖွယ် မြင်ကွင်းဟု ပြောဆိုထားပြီး စျေးဝယ်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရကာ ရဲတပ်ဖွဲ့က လုံခြုံရေးယူရန် ကြိုးပမ်းခဲ့သည်။ အခင်းဖြစ်ပြီးနောက် အဆိုပါစျေးဝယ်စင်တာကို အဝင်အထွက်ပိတ်ပင်လိုက်ပြီး ယင်းနေရာသို့ မသွားကြရန် ရဲတပ်ဖွဲ့က အများပြည်သူကို တိုက်တွန်းခဲ့သည်။

သြစတြေးလျဝန်ကြီးချုပ် အန်သနီ အယ်လ်ဘနိစ်က သေဆုံးဒဏ်ရာရသူများနှင့် ၎င်းတို့၏မိသားစုဝင်များအတွက် ဝမ်းနည်းကြေကွဲကြောင်းနှင့် ယင်းတိုက်ခိုက်မှုအတွက် တုန်လှုပ်မိကြောင်း ဆိုရှယ်မီဒီယာ ပလက်ဖောင်းတစ်ခုဖြစ်သည့် X တွင် ရေးသားခဲ့သည်။

အကြမ်းဖက်မှုဖြစ်ပွားနှုန်း အတော်အတန်နည်းပါးသည့် သြစတြေးလျတွင် ယင်းသို့တိုက်ခိုက်မှုများသည် မကြုံဖူးသလောက်ပင်ဖြစ်သည်။ 

Ref: AFP

Most Read

Most Recent