ကမ္ဘောဒီးယားခွန်ခမာပြိုင်ပွဲ ချန်ပီယံခါးပတ်လုပွဲ ဆီမီးဖိုင်နယ်တွင် မြန်မာ့ရိုးရာလက်ဝှေ့သမား စိုးမိုးဇော် အိမ်ရှင်ဖိုက်တာကို အမှတ်ဖြင့်ရှုံးနိမ့်

ကမ္ဘောဒီးယားခွန်ခမာပြိုင်ပွဲ ချန်ပီယံခါးပတ်လုပွဲ ဆီမီးဖိုင်နယ်တွင် မြန်မာ့ရိုးရာလက်ဝှေ့သမား စိုးမိုးဇော် အိမ်ရှင်ဖိုက်တာကို အမှတ်ဖြင့်ရှုံးနိမ့်
Photo: WURKZ
Photo: WURKZ
Published 29 April 2024

ကမ္ဘောဒီးယားခွန်ခမာပြိုင်ပွဲ ချန်ပီယံခါးပတ်လုပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေသည့်  မြန်မာ့ရိုးရာလက်ဝှေ့သမား စိုးမိုးဇော်သည် ဆီမီးဖိုင်နယ်တွင် အိမ်ရှင်ဖိုက်တာကို အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

Kun Khmer Warriors ဟု အမည်ပေးထားသည့် ကမ္ဘောဒီးယားရိုးရာ ခွန်ခမာပြိုင်ပွဲ ၆၃ ဒသမ ၅ ကီလိုတန်း ခါးပတ်လုပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဧပြီ ၂၈ ရက်က ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့ရိုးရာလက်ဝှေ့သမား စိုးမိုးဇော်သည် ဆီမီးဖိုင်နယ်တွင် အိမ်ရှင်ကမ္ဘောဒီးယားဖိုက်တာ ချန်ဆမရတ်နှင့် သုံးမိနစ်၊ ငါးချီ ယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။

စိုးမိုးဇော်၏ ပြိုင်ဘက် ကမ္ဘောဒီးယားဖိုက်တာ ချန်ဆမရတ်မှာ အသက်(၃၀) ရှိပြီဖြစ်ပြီး ပွဲပေါင်း(၁၂၅) ပွဲ ထိုးသတ်ထားရာ (၁၀၁) ပွဲနိုင်၊ (၃) ပွဲသရေ၊ (၂၁) ပွဲရှုံးနိမ့်ထားသူဖြစ်သည်။

ပထမအချီတွင် နှစ်ဦးစလုံး ဘယ်ညာတွဲလုံး၊ အောက်ခြေခတ်ချက်များဖြင့်သာ အကဲစမ်းသည့်အနေဖြင့် ထိန်းထိုးသွားခဲ့သည်။

ဒုတိယအချီတွင် နှစ်ဦးစလုံး တင်ထိုးလာခဲ့သောကြောင့် ပွဲမှာ ကြည့်ကောင်းလာခဲ့သည်။

စိုးမိုးဇော်သည် လူချင်းအပူးများတွင် တံတောင်ရိုက်ချက်၊ ဒူးတိုက်ချက်များကိုပါ အသုံးပြုခဲ့ပြီး စိုးမိုးဇော်၏ တံတောင်ရိုက်ချက်ကြောင့် ချန်ဆမရတ် ညာမျက်ခုံးကွဲသွားခဲ့သည်။

တတိယအချီတွင် စိုးမိုးဇော်မှာ ထောက်လက်သီးများဖြင့် ခွာထိုးကာ ပွဲကိုပြန်ထိန်းသွားခဲ့သည်။

စတုတ္ထအချီ လူချင်းအပူးတွင် ချန်ဆမရတ်၏ အမှတ်မထင် ခေါင်းတိုက်မှုကြောင့် စိုးမိုးဇော် ဘယ်မျက်ခုံးကွဲသွားပြီး အမှတ်စဉ်ရေခံခဲ့ရသည်။

စိုးမိုးဇော်သည် ကြိုးဝိုင်းဒိုင်ကို Complain တက်ခဲ့သော်လည်း ဒိုင်က လျစ်လျူရှုခဲ့သည်။

နောက်ဆုံးအချီတွင် စိုးမိုးဇော်မှာ ''နင်မလဲ၊ ငါလဲ'' ပုံစံ ထိုးသတ်ရမည့်အစား ခွာထိုးပြီး ထိန်းကစားသွားသောကြောင့် အမှတ်ဖြင့်ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။

စိုးမိုးဇော်သည် ကွာတားဖိုင်နယ်အဆင့်တွင် (၃)ပွဲထိုးသတ်ခဲ့ရပြီး (၂)ပွဲနိုင်၊ (၁)ပွဲရှုံးဖြင့် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

စိုးမိုးဇော်သည် ကွာတားဖိုင်နယ်အဆင့်တွင် ဥဇဘက်ကစ္စတန်ဖိုက်တာ အာဆာ့ဟ်နှင့် ကမ္ဘောဒီးယားဖိုက်တာ ရီသီဆိုဖတ်တို့ကို အမှတ်ဖြင့်အနိုင်ရခဲ့ပြီး  ကမ္ဘောဒီးယားဖိုက်တာ သီဗာရစ်ကို အမှတ်ဖြင့် ရှုံးနိမ့်ခဲ့ကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်လာဖြင်းဖြစ်သည်။

 

Most Read

Most Recent