မန်စီးတီးကစားသမားများသည် လူသားများသာဖြစ်ပြီး ဖိအားများ ခံစားနေရသည်ဟု ဂွါဒီယိုလာ ဖွင့်ဟ

မန်စီးတီးကစားသမားများသည် လူသားများသာဖြစ်ပြီး ဖိအားများ ခံစားနေရသည်ဟု ဂွါဒီယိုလာ ဖွင့်ဟ
Photo : Getty Images
Photo : Getty Images
Published 15 May 2024

မန်စီးတီးနည်းပြ ဂွါဒီယိုလာက အသင်းကစားသမားများသည် သာမန်လူသားများသာဖြစ်ပြီး ဖိအားများခံစားနေရသည်ဟု စပါးအသင်းနှင့်ပွဲအပြီးတွင် ဖွင့်ဟပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ပြီးခဲ့သည့်အင်္ဂါနေ့က ကစားသည့် ပရီးမီးယားလိဂ်ပွဲကျန်တွင် စပါးအသင်းကို (၂-ဝ)ဂိုးဖြင့် အနိုင်ရပြီးနောက် ချန်ပီယံဆုကို (၄)နှစ်ဆက်တိုက်ရယူရန် အခြေအနေကောင်းသွားခဲ့သည်။

မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်ရာသီကုန်ဆုံးရန် (၁)ပွဲသာ လိုတော့သည့်အချိန်တွင် ရမှတ်(၈၈)မှတ်ဖြင့် အဆင့်(၁)နေရာသို့ တက်လှမ်းခဲ့ပြီး အဆင့် (၂) နေရာမှ အာဆင်နယ်အသင်း (၈၆ မှတ်)ကို (၂) မှတ်ဖြတ်နိုင်ခဲ့သည်။

ထို့ကြောင့် မန်စီးတီးအသင်းအနေဖြင့် ရာသီပိတ်ပွဲစဉ်တွင် ဝက်စ်ဟမ်းအသင်းကို အနိုင်ရပါက (အာဆင်နယ်အသင်း၏ရလဒ်ကို ကြည့်စရာမလိုဘဲ) ချန်ပီယံဆုကို ရယူနိုင်မည်ဖြစ်သည်။ ဂွါဒီယိုလာက "သူတို့(မန်စီးတီးကစားသမားတွေ)က လူသားတွေပါ။ သူတို့ ဖိအားခံစားနေရတယ်ဆိုတာကို ကျွန်တော် နားလည်ပါတယ်။ တနင်္ဂနွေနေ့ ကစားမယ့် ဝက်စ်ဟမ်းနဲ့ပွဲမှာလည်း သူတို့ဖိအားတွေ ခံစားရမှာပါ။ အရင်နှစ်တွေကို ကြည့် မယ်ဆိုရင် ဗီလာကို ပွဲပြီးဖို့ (၁၅) မိနစ်အထိ (ဝ-၂)ဂိုးနဲ့ ရှုံးနေခဲ့သလို၊ QPR နဲ့ပွဲဆိုရင် (၉၀+၃)မိနစ်မှာမှ အဂွဲရိုးက သွင်းယူခဲ့တာပါ။ ဒါကြောင့် ရာသီပိတ်မတိုင်ခင်မှာ အားလုံးစိတ်အေးအေးထားပြီး လုပ်နေကျအလုပ်ကို လုပ်ဖို့ပါပဲ"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent