ဆော်ဒီပရိုလိဂ်သို့ ပြောင်းရွှေ့ခဲ့ခြင်းမှာ မှားယွင်းကြောင်း အင်္ဂလန်ဝါရင့်ကွင်းလယ်ကစားသမား ဟန်ဒါဆန် ဝန်ခံ

ဆော်ဒီပရိုလိဂ်သို့ ပြောင်းရွှေ့ခဲ့ခြင်းမှာ မှားယွင်းကြောင်း အင်္ဂလန်ဝါရင့်ကွင်းလယ်ကစားသမား ဟန်ဒါဆန် ဝန်ခံ
Photo: Getty Images
Photo: Getty Images
Published 16 March 2024

 

အင်္ဂလန်ဝါရင့်ကွင်းလယ်ကစားသမား ဟန်ဒါဆန်က ပြီးခဲ့သည့်နွေရာသီတွင် လီဗာပူးလ်အသင်းကို စွန့်ခွာပြီး ကန့်ကွက်မှုများရှိနေသည့်ကြားမှ ဆော်ဒီပရိုလိဂ်သို့ ပြောင်းရွှေ့ခဲ့ခြင်းမှာ မှားယွင်းကြောင်း ဝန်ခံပြောကြားခဲ့သည်။ 

အသက် ၃၃ နှစ်အရွယ်ရှိ ဟန်ဒါဆန် သည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် လီဗာပူးလ်အသင်းမှ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဖာအသင်းထံသို့ ပေါင် ၁၂ သန်းဖြင့် ပြောင်းရွှေ့သွားခဲ့သည်။ ဟန်ဒါဆန်သည် လီဗာပူးလ်အသင်းခေါင်း ဆောင်အဖြစ် ကစားစဉ်က LGBTQ+ အ ခွင့်အရေးများကို အလေးထားဆောင်ရွက်ခဲ့ခြင်းကြောင့် လိင်တူချစ်ခြင်းကို တရားမဝင်အဖြစ် သတ်မှတ်သည့် ဆော်ဒီနိုင်ငံသို့ပြောင်း ရွှေ့ကစားခြင်းအပေါ် ဝေဖန်မှုများစွာ ရှိခဲ့သည်။ 

ဟန်ဒါဆန်သည် လီဗာပူးလ်ဂန္ထဝင်ကစားသမား ဂျရတ် ကိုင်တွယ်နေသည့် ဆော်ဒီကလပ် အယ်လ်အစ်တီဖာအသင်းတွင် ရုန်းကန်ခဲ့ရသည်။ ဟန်ဒါဆန်အနေဖြင့် ဆော်ဒီ တွင် မိသားစုနေရေးထိုင်ရေး အဆင်မပြေခြင်း၊ ရာသီဥတုအဆင်မပြေခြင်းတို့နှင့် ရင် ဆိုင်ခဲ့ရကြောင်း သိရသည်။ ထို့ကြောင့် ဟန်ဒါဆန်သည် အယ်လ်အစ်တီဖာအသင်းနှင့်စာချုပ်ဖျက်သိမ်းပြီး ပြီးခဲ့သည့်ဇန်နဝါရီတွင် အေဂျက်စ်အသင်း သို့ နှစ်နှစ်ခွဲစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့သည်။ 

ဟန်ဒါဆန်က "ကျွန်တော့်အသွေးအသားထဲ ဘောလုံးစီးဆင်းနေတယ်ဆိုတာကို အခု ကျွန်တော် နားလည်သွားပါပြီ။ ဆော်ဒီပရိုလိဂ်က တိုးတက်နေဆဲ လိဂ်တစ်ခုပါ။ ဒါပေမဲ့ ကျွန်တော်နဲ့တော့ မကိုက်ပါဘူး။ ကျွန်တော့် အနေနဲ့ ဆော်ဒီပရိုလိဂ်ကို ပြောင်းရွှေ့ခဲ့တာ မှားပါတယ်။ အရင်တုန်းကတော့ ဆော်ဒီကိုသွားတာ မှန်တယ်လို့ ထင်ခဲ့ပေမဲ့ မဟုတ်ခဲ့ပါဘူး။ အခု အေဂျက်စ်မှာ ကျွန်တော် ပျော်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent