ရစ်ချက်ဟုချ်ကို အသင်းအားကစားဒါရိုက်တာအဖြစ် လီဗာပူးလ်အသင်း ခန့်အပ်

ရစ်ချက်ဟုချ်ကို အသင်းအားကစားဒါရိုက်တာအဖြစ် လီဗာပူးလ်အသင်း ခန့်အပ်
Photo: Anything Liverpool
Photo: Anything Liverpool
Published 21 March 2024

လီဗာပူးလ်အသင်းသည် ဘုန်းမောက်အသင်း၏ နည်းစနစ်ဒါရိုက်တာ ရစ်ချက်ဟုချ်အား အသင်းအားကစားဒါရိုက်တာအဖြစ် ခန့်အပ်ကြောင်း မတ်လ(၂၀) ရက်တွင် ကြေညာခဲ့သည်။

လီဗာပူးလ်အသင်းပိုင်ရှင်များဖြစ်သည့် FSG သည် အသင်းအားကစားဒါရိုက်တာဟောင်း မိုက်ကယ်အက်ဒ်ဝက်ဒ်အား ၎င်းတို့ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်အဖြစ် မတ်လ (၁၂) ရက်က ခန့်အပ်ခဲ့သည်။

ယခုအခါ မိုက်ကယ်အက်ဒ်ဝက်ဒ်က ပို့စ်မောက်အသင်းတွင် ၎င်းနှင့်အတူ လက်တွဲခဲ့ဖူးသည့် ရစ်ချက်ဟုချ်ကို လီဗာပူးလ်အသင်း၏အားကစားဒါရိုက်တာအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

အသက် (၄၄) နှစ်အရွယ်ရှိ ရစ်ချက်ဟုချ်သည် ယခုရာသီကုန်အထိ ဘုန်းမောက်အသင်း၏ နည်းစနစ်ဒါရိုက်တာအဖြစ် ရှိနေမည်ဖြစ်ပြီး ဇွန်လ (၁) ရက်မှ စတင်ကာ လီဗာပူးလ်အသင်းတွင် စတင်တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ရစ်ချက်ဟုချ်က လီဗာပူးလ်အသင်းနှင့်လက်တွဲ ခွင့်ရသည့်အတွက် အလွန်ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။

ရစ်ချက်ဟုချ်က ''အဲဒီအခွင့်အရေးကို ရရှိတဲ့အတွက် ကျွန်တော် အရမ်းဂုဏ်ယူပါတယ်။ လီဗာပူးလ်က ထူးခြားတဲ့ ကလပ်ဖြစ်ပြီး အခုလိုတာဝန်ပေးခံရတဲ့အပေါ် အရမ်းကျေးဇူးတင်မိပါတယ်''ဟု ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ကလော့ပ်ခေတ်လွန်အတွက် အသင်း၏အုပ်ချုပ်ရေးပိုင်းကို ပြင်ဆင်နေပြီး ကလော့ပ်၏နေရာကို ဆက်ဆံမည့်နည်းပြကိုလည်း ရှာဖွေလျက်ရှိကြောင်း သိရှိရသည်။ 

Most Read

Most Recent