စပါးနှင့် ဘိုင်ယန်မြူးနစ်အသင်း ခြေစမ်းပွဲကစားမည်ဖြစ်ပြီး ဟာရီကိန်း အသင်းဟောင်းနှင့် ပြန်လည်ရင်ဆိုင်ရမည်

စပါးနှင့် ဘိုင်ယန်မြူးနစ်အသင်း ခြေစမ်းပွဲကစားမည်ဖြစ်ပြီး ဟာရီကိန်း အသင်းဟောင်းနှင့် ပြန်လည်ရင်ဆိုင်ရမည်
Photo: Tottenham Twitter
Photo: Tottenham Twitter
Published 28 March 2024

စပါးအသင်းနှင့် ဘိုင်ယန်မြူးနစ်အသင်းသည် သြဂုတ်လအတွင်း ရာသီကြိုခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ဟာရီကိန်းအနေဖြင့် အသင်းဟောင်းနှင့် ပြန်လည်ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။

စပါး-ဘိုင်ယန်မြူးနစ်ခြေစမ်းပွဲကို သြဂုတ် ၁၀ ရက်တွင် လန်ဒန်မြို့ရှိ တော့တင်ဟမ်ဟော့စပါးကွင်း၌ ကျင်းပမည်ဖြစ်ကြောင်း စပါးအသင်းက မတ် ၂၇ ရက်တွင် အတည်ပြုထုတ်ပြန်ခဲ့သည်။

သို့ဖြစ်ရာ ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး ဟာရီကိန်းနှင့် နောက်ခံလူ အဲရစ်ဒိုင်ယာမှာ အသင်းဟောင်း စပါးနှင့် ပြိုင်ဘက်အဖြစ် ပထမဆုံးအကြိမ် ပြန်လည်ရင်ဆိုင်ရမည်ဖြစ်သည်။

''ဒါဟာ အသင်းရဲ့သမိုင်းတစ်လျှောက် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ၁၂ ကြိမ်မြောက် တွေ့ဆုံမှုဖြစ်ပြီး အိမ်ကွင်းမှာတော့ လေးကြိမ်မြောက် တွေ့ဆုံမှုဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၄၀ တုန်းက ဂျာမန်ဘီလူးကြီးကို ကျော်ဖြတ်ပြီးတော့ UEFA ဖလား (၁၉၈၃-၁၉၈၄ ရာသီ တတိယအဆင့်တွင် အနိုင်ရ) အောင်မြင်မှုရယူနိုင်ခဲ့တဲ့ အမှတ်တရတွေရှိခဲ့ပါတယ်။ သူတို့နဲ့ နောက်ဆုံးတွေ့ဆုံခဲ့တာကတော့ ၂၀၁၉-၂၀၂၀ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ (အုပ်စုအဆင့်) မှာပါ'' ဟု စပါးအသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဟာရီကိန်း (၃၀ နှစ်) သည် စပါးအသင်းအတွက် ၂၀၀၉ မှ ၂၀၂၃ ခုနှစ်အထိ ပြိုင်ပွဲစုံ ၄၃၅ ပွဲ ကစား၊ ဂိုး ၂၈၀ သွင်းယူကာ အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားသူဖြစ်သည်။

၎င်းသည် ပြီးခဲ့သည့်နှစ် နွေရာသီတွင် ဘိုင်ယန်မြူးနစ်သို့ ဘွန်ဒစ်လီဂါစံချိန်တင်ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၁၀ ဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

 

Most Recent