■ ဘွန်ဒစ်လီဂါပွဲစဉ် (၂၇) ပွဲကြိုသုံးသပ်ချက် 

■ ဘွန်ဒစ်လီဂါပွဲစဉ် (၂၇) ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 29 March 2024

လိုက်ပ်ဇစ် - မိန့်ဇ် (မြန်မာစံတော်ချိန် မတ်လ ၃၀ ရက် ည ၉:၀၀ နာရီ)

လိုက်ပ်ဇစ်အသင်း ဘွန်ဒစ်လီဂါတစ်ခုတည်းကိုပဲ လုံးလုံးလျားလျား အာရုံစိုက်ချိန်မှာ ရလဒ်တွေကောင်းလာပြီး နိုင်ပွဲ ဆက်နေတယ်။ အဝေးကွင်းမှာ ရှုံးပွဲဆက်နေတဲ့ မိန့်ဇ်ကို လိုက်ပ်ဇစ် ဂိုးပြတ်နိုင်ဖို့များတယ်။



လေဗာကူဆင် - ဟော်ဖန်ဟင်မ် (မြန်မာစံတော်ချိန် မတ်လ ၃၀ ရက် ည ၉:၀၀ နာရီ)

လေဗာကူဆင်အသင်း ကြားရက်မှာ ဂျာမန်ဖလား ဆီမီးဖိုင်နယ်ပွဲ ကစားဖို့ရှိပေမဲ့ ဘွန်ဒစ်လီဂါ-၂ ပွဲဖြစ်နေလို့ အခုပွဲကိုပဲ လူစုံတက်စုံ ကစားလိမ့်မယ်။ လေဗာကူဆင်ရဲ့ နောက်ဆုံး ဘွန်ဒစ်လီဂါနိုင်ပွဲ (၉)ပွဲမှာ ဘိုင်ယန်တစ်သင်းကိုပဲ သုံးဂိုးပြတ် အနိုင်ရခဲ့တယ်။ ဟော်ဖန်ဟင်မ်ကလည်း အဝေးကွင်းမှာ စွမ်းဆောင်ရည်တွေ တဖြည်းဖြည်းကျဆင်းလာတယ်။ လေဗာကူဆင် ဂိုးတော့ပြတ်လိမ့်မယ်။



ဖရန့်ဖတ် - အူန်ယွန်းဘာလင် (မြန်မာစံတော်ချိန် မတ်လ ၃၀ ရက် ည ၉:၀၀ နာရီ)

ဖရန့်ဖတ်အသင်းက ဘိုင်ယန်ကို အနိုင်ကစားခဲ့တာအပါအဝင် အိမ်ကွင်း(၆)ပွဲဆက် ရှုံးပွဲမရှိခဲ့ဘူး။ ဒီပွဲလည်း ဖရန့်ဖတ်ကိုပဲ ရွေးချယ်ချင်တယ်။



မိုချန်ဂလာဘတ် - ဖရိုင်းဘတ် (မြန်မာစံတော်ချိန် မတ်လ ၃၀ ရက် ည ၉:၀၀ နာရီ)

မိုချန်ဂလာဘတ်အသင်း အမှတ်ပေးပွဲ (၃)ပွဲဆက်တို်က် သရေကျထားခဲ့တယ်။ ဒီပွဲလည်း မိုချန် သရေထပ်ဖြစ်ခဲ့ရင်တော့ အံ့ဩစရာမရှိပါဘူး။



၀ါဒါဘရီမင် - ဝုလ်ဖ်ဘတ် (မြန်မာစံတော်ချိန် မတ်လ ၃၀ ရက် ည ၉:၀၀ နာရီ)

ဝါဒါဘရီမင်အသင်း နောက်ဆုံး(၃)ပွဲဆက် အရေးနိမ့်ထားသလို၊ ဝုလ်ဖ်ဘတ်ကလည်း (၁၁)ပွဲဆက် နိုင်ပွဲပျောက်ထားတယ်။ အိမ်ရှင် မရှုံးလောက်ဘူး။



ဘိုင်ယန်မြူးနစ် - ဒေါ့မွန် (မြန်မာစံတော်ချိန် မတ်လ ၃၀ ရက် ည ၁၂:၀၀ နာရီ)

လက်ရှိအနေအထားမှာ ဒေါ့မွန်အသင်းကတောင် အမှတ်ပိုလိုအပ်နေတယ်။ နိုင်ပွဲဆက်နေတဲ့ ဒေါ့မွန်အသင်းက အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မကစားခင် ဘိုင်ယန်မြူးနစ်၊ စတုဂတ်အသင်းတွေနဲ့ ဆက်တိုက်ကစားရမှာဖြစ်လို့ အမှတ်လျော့မှာတော့ ရာခိုင်နှုန်းများနေပါတယ်။ ဒါ့အပြင် ဘိုင်ယန်နဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေမှာလည်း ဒေါ့မွန်အသင်း နိုင်ပွဲမရတာ အတော်ကြာနေပြီး ၂၀၁၉ ခုနှစ်က စူပါဖလားမှာ နောက်ဆုံးအနိုင်ရခဲ့တာဖြစ်တယ်။ ဘိုင်ယန်အသင်းမှာတော့ ဟာရီကိန်း ပြန်ကစားနိုင်ဖို့ရှိတယ်။ ဘိုင်ယန်ပဲ ရွေးချယ်ချင်တယ်။

Most Read

Most Recent