ယခုရာသီကုန်တွင် ပိုချက်တီနို၏အနာဂတ်ကို ဆုံးဖြတ်ဖွယ်ရှိနေပြီး ၎င်း၏နေရာ၌ အစားထိုးရန် နည်းပြနှစ်ဦးကို ချယ်လ်ဆီးအသင်း စောင့်ကြည့်နေဟု သတင်းထွက်

ယခုရာသီကုန်တွင် ပိုချက်တီနို၏အနာဂတ်ကို ဆုံးဖြတ်ဖွယ်ရှိနေပြီး ၎င်း၏နေရာ၌ အစားထိုးရန် နည်းပြနှစ်ဦးကို ချယ်လ်ဆီးအသင်း စောင့်ကြည့်နေဟု သတင်းထွက်
Photo: Getty Images
Photo: Getty Images
Published 7 March 2024

ချယ်လ်ဆီးအသင်းသည် ယခုရာသီကုန်တွင် အသင်းနည်းပြ ပိုချက်တီနို၏အနာဂတ်ကို ဆုံးဖြတ်ဖွယ်ရှိနေပြီး ၎င်းနေရာ၌ အစားထိုးရန်အတွက် နည်းပြနှစ်ဦးကို စောင့်ကြည့်နေကြောင်း The Guardian သတင်းစာက ဖော်ပြခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ယခုရာသီ၌ ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်ပွဲစဉ် (၂၇) အပြီးတွင် ရမှတ် (၃၆) မှတ်ဖြင့် အဆင့် (၁၁) နေရာအထိ ရောက်ရှိနေသလို၊ လိဂ်ဖလားဗိုလ်လုပွဲတွင်လည်း အဓိကကစားသမားများစု မပါဝင်နိုင်သည့် လီဗာပူးလ်အသင်းကို အရှုံးပေးခဲ့ရသည်။

ချယ်လ်ဆီးပူးတွဲပိုင်ရှင် တော့ဒ်ဘိုလီအနေဖြင့် နည်းပြ ပိုချက်တီနိုအပေါ် ယုံကြည်မှုရှိနေဆဲဖြစ်သော်လည်း ၎င်း၏အနာဂတ်မှာ အာမခံချက် မရှိကြောင်း သိရှိရသည်။

ချယ်လ်ဆီးအသင်းတာဝန်ရှိသူများသည် ပိုချက်တီနို၏စွမ်းဆောင်မှုကို အကဲဖြတ်သွားမည်ဖြစ်ပြီး ယခုရာသီကုန်တွင်မှ ၎င်း၏အနာဂတ်ကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

The Guardian ၏ ဖော်ပြမှုအရ ချယ်လ်ဆီးအသင်းတာဝန်ရှိသူများသည် အဆိုးဆုံးအခြေအနေ ကြုံတွေ့ခဲ့ရပါက ပိုချက်တီနိုကို ရာထူးမှထုတ်ပယ်ကာ ၎င်း၏နေရာတွင် အစားထိုးရန်အတွက် စပို့တင်းလစ္စဘွန်းနည်းပြ အင်မ်မိုရမ်နှင့် ဘရိုက်တန်နည်းပြ ဒီဇယ်ဘီတို့ကို ပစ်မှတ်ထားနေကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းပိုင်ရှင် တော့ဒ်ဘိုလီနှင့်အဖွဲ့သည် ၂၀၂၂ ခုနှစ်တွင် ရုရှားသူဌေး အေဘရာမိုဗစ်ချ်ထံမှ ချယ်လ်ဆီးအသင်းကို ဝယ်ယူပြီးနောက် ပထမဆုံးရာသီမှာပင် တူဟယ်လ်နှင့် ဂရေဟမ်ပေါ်တာကို ရာထူးမှထုတ်ပယ်ခဲ့သလို၊ အ သင်းဂန္ထဝင်ကစားသမား လမ်းပတ်ကိုလည်း ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့သည်။

တော့ဒ်ဘိုလီနှင့်အဖွဲ့သည် ၎င်းတို့လက်ထက်တွင် ပေါင် (၁) ဘီလီယံကျော်အသုံးပြုကာ ကစားသမားသစ်များ ခေါ်ယူခဲ့ပြီး ယခုရာသီမစတင်မီတွင် ပိုချက်တီနိုကို အသင်းနည်းပြအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ယခုရာသီတွင် ချယ်လ်ဆီးအသင်းအနေဖြင့် ရုန်းကန်နေရသော်လည်း ပိုချက်တီနို၏ ဦးဆောင်မှုကို အသင်းတာဝန်ရှိသူများက ထောက်ခံနေဆဲ ဖြစ်ကြောင်းလည်း သိရသည်။

သို့သော် ချယ်လ်ဆီးအသင်း၏အခြေအနေမှာ ယခုထက်ပိုဆိုးလာပါက ပိုချက်တီနိုအနေဖြင့် ရာထူးမှထုတ်ပယ်ခံရဖွယ်ရှိသည်ဟု သုံးသပ်မှုများရှိနေသည်။

Most Read

Most Recent