အမေရိကန်ဖျက်သင်္ဘော ထိုင်ဝမ်ရေလက်ကြားမှ ဖြတ်သန်းပြီးနောက် ထိုင်ဝမ်အနီးတစ်ဝိုက်၌ တရုတ်စစ်လေယာဉ် ၂၃ စင်းနှင့် စစ်သင်္ဘော ငါးစင်းကို တွေ့ရှိ

အမေရိကန်ဖျက်သင်္ဘော ထိုင်ဝမ်ရေလက်ကြားမှ ဖြတ်သန်းပြီးနောက် ထိုင်ဝမ်အနီးတစ်ဝိုက်၌ တရုတ်စစ်လေယာဉ် ၂၃ စင်းနှင့် စစ်သင်္ဘော ငါးစင်းကို တွေ့ရှိ
မေ ၈ ရက်က ထိုင်ဝမ်ရေလက်ကြားမှ ဖြတ်သန်းသွားသည့် အမေရိကန်ဖျက်သင်္ဘော ယူအက်စ်အက်စ်ဟာလ်ဆီကို တွေ့ရစဉ်(Photo: AFP)
မေ ၈ ရက်က ထိုင်ဝမ်ရေလက်ကြားမှ ဖြတ်သန်းသွားသည့် အမေရိကန်ဖျက်သင်္ဘော ယူအက်စ်အက်စ်ဟာလ်ဆီကို တွေ့ရစဉ်(Photo: AFP)
Published 9 May 2024

ထိုင်ဝမ်ရေလက်ကြားမှ အမေရိကန်စစ် သင်္ဘောတစ်စင်းဖြတ်သန်းခုတ်မောင်းခဲ့ပြီး တစ်ရက်အကြာ၌ ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်တွင် တရုတ်စစ်လေယာဉ် ၂၃ စင်းနှင့် ရေတပ်စစ်သင်္ဘော ၅ စင်းတို့ကို ထောက်လှမ်းတွေ့ရှိခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက မေ ၉ ရက်တွင် ပြောကြားခဲ့သည်။

ထိုင်ဝမ်ရွေးကောက်ခံသမ္မတ လိုင်ချင်းတယ်အား သမ္မတရာထူးအပ်နှင်းမည့် အခမ်းအနားမတိုင်မီ သီတင်းနှစ်ပတ်နီးပါးအလိုတွင် ထိုင်ဝမ်အနီးတစ်ဝိုက်၌ တရုတ်၏စစ်ရေးအရ ဖြန့်ကြက်လှုပ်ရှားမှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထိုင်ဝမ်ရွေးကောက်ခံသမ္မတ လိုင်ချင်းတယ်ကို အန္တရာယ်ရှိသော ခွဲထွက်ရေးသ မားဟု တရုတ်က ရှုမြင်ထားသည်။

တရုတ်က ကိုယ့်မင်းကိုယ့်ချင်းအုပ်ချုပ်နေသည့် ထိုင်ဝမ်ကို ၎င်း၏ပိုင်နက်နယ်မြေအဖြစ် အခိုင်အမာပြောဆိုထားပြီး ၎င်း၏ ထိန်းချုပ်မှုအောက်သို့ အင်အားသုံး၍ ပြန်လည်သွတ်သွင်းမည့် အခြေအနေကိုလည်း ငြင်းပယ်ခြင်းမရှိပေ။

မကြာသေးမီ နှစ်များအတါင်း တရုတ်သည် ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်တွင် စစ်လေယာဉ်နှင့် ရေတပ်သင်္ဘောများ ပျံသန်းမောင်းနှင်မှုများကို တိုးမြှင့်လုပ်ဆောင်ခဲ့သည်။

ကီလိုမီတာ ၁၈၀(မိုင် ၁၁၀)ရှိသည့် ထိုင်ဝမ်ရေလက်ကြားသည် တရုတ်နှင့် ထိုင်ဝမ်ကျွန်းကို ပိုင်းခြားထားပြီး ကုန်စည်သယ်ယူပို့ဆောင်သည့် သင်္ဘောများအတွက် အရေးပါသည့် လမ်းကြောင်းတစ်ခုလည်းဖြစ်သည်။

မေ ၉ ရက် နံနက် ၆ နာရီအထိ ၂၄ နာရီအတွင်း ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်တွင် တရုတ်စစ်လေယာဉ် ၂၃ စင်းနှင့် ရေတပ်စစ်သင်္ဘော ၅ စင်းတို့ကို တွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

“စစ်လေယာဉ်ရှစ်စင်းဟာ ထိုင်ဝမ်ရေလက်ကြား အလယ်မျဉ်းကို ဖြတ်ကျော်ခဲ့တယ်”ဟု ထိုင်ဝမ်ရေလက်ကြားကို ပိုင်းခြားထားသည့်မျဉ်းကို ရည်ညွှန်း၍ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ တရုတ်က အဆိုပါမျဉ်းကို အသိအမှတ်ပြုခြင်းမရှိပေ။

တရုတ်စစ်တပ်၏ ဖြန့်ကြက်တည်ရှိမှုသည် မေ ၈ ရက်တွင် အမေရိကန်စစ်သင်္ဘော ယူအက်စ်အက်စ်ဟာလ်ဆီ ထိုင်ဝမ်ရေလက်ကြားမှ ဖြတ်သန်းခဲ့ချိန်နှင့် တိုက်ဆိုင်လျက်ရှိသည်။

မေ ၈ ရက်က အမေရိကန်ဖျက်သင်္ဘောဟာလ်ဆီသည် နိုင်ငံတကာဥပဒေနှင့်အညီ လွတ်လပ်စွာ ပင်လယ်ရေကြောင်းသွားလာခွင့်နှင့် ဖြတ်ကျော်ပျံသန်းခွင့်တို့ကို ကျင့်သုံး၍ ပုံမှန်လုပ်ရိုးလုပ်စဉ်အဖြစ် ထိုင်ဝမ်ရေလက်ကြားမှ ဖြတ်သန်းမှုပြုလုပ်ခဲ့ကြောင်း အမေရိကန်ရေတပ်၏ အမှတ်-၇ စစ်ရေယာဉ်စုက မေ ၈ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်၏ ဖျက်သင်္ဘောဖြတ်သန်းခုတ်မောင်းခြင်းသည် နိုင်ငံအားလုံး လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ရှိရေး မူဝါဒကိုထိန်းသိမ်းသည့် အမေရိကန်၏ ကတိကဝတ်ကို လက်တွေ့ပြသခြင်း ဖြစ်သည်ဟုလည်း အမေရိကန်ရေတပ်က ဆိုသည်။

တရုတ်စစ်တပ်၏ အရှေ့ဘက်စစ်နယ်ဝန်း ကွပ်ကဲမှုဌာနချုပ်ပြောခွင့်ရ တရုတ်ရေတပ်ဗိုလ်မှူးကြီး လီရှီက အမေရိကန်၏စစ်သင်္ဘော ဖြတ်သန်းမှုသည် လူအများ၏အာရုံစိုက်ခြင်းခံရအောင် စန်းတင်ပြောဆိုနေခြင်း ဖြစ်ကြောင်းနှင့် အမေရိကန်စစ်သင်္ဘော ဖြတ် သန်းသည့်တစ်လျှောက်လုံးတွင် တရုတ်စစ်တပ်က မျက်ခြည်မပြတ် စောင့်ကြည့်ခဲ့သည်ဟု ဆိုသည်။          

Ref: AFP

Most Read

Most Recent