အီရန်က အစ္စရေးကို ဒရုန်း အများအပြား ပစ်လွှတ်ပြီး တိုက်ခိုက်မှုစတင်

အီရန်က အစ္စရေးကို ဒရုန်း အများအပြား ပစ်လွှတ်ပြီး တိုက်ခိုက်မှုစတင်
Published 14 April 2024

Breaking News

အီရန်က အစ္စရေးကို ဧပြီ ၁၃ ရက်တွင် ဒရုန်းအများအပြားပစ်လွှတ်ပြီး တိုက်ခိုက်မှု စတင်ခဲ့ကြောင်းသိရသည်။

ထိုသို့ အီရန်က အစ္စရေးကို ဒရုန်းများပစ်လွှတ် တိုက်ခိုက်ခဲ့သည်ဆိုသော်လည်း အဆိုပါဒရုန်းများသည် ပစ်မှတ်ထံရောက်ရန် နာရီပေါင်းများစွာ ကြာမည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

အီရန်မှ အစ္စရေးသို့ ပစ်ခတ်သည့် ဒရုန်း ဒါဇင်ပေါင်းများစွာသည် အီရတ်လေပိုင်နက်ကိုဖြတ်သန်းကာ ပျံသွားသည်ကို တွေ့ရသည်ဟု အီရတ် ထိပ်တန်းလုံခြုံရေး သတင်းနှစ်ခုကပြောကြားခဲ့သည်။

အီရန် Press TV ကလည်း အဆိုပါဒရုန်းများသည် တော်လှန်ရေး အစောင့်တပ်က ပစ်လွှတ်သည့် များပြားလှသော ဒရုန်းများဖြစ်သည်ဟု ဖော်ပြခဲ့သည်။

အီရန်က ဧပြီ ၁ ရက်တွင် ၎င်း၏ဒမတ်စကတ် ကောင်စစ်ဝန် အဆောက်အအုံတိုက် ခိုက်ခံရခြင်းအတွက် အစ္စရေးကို လက်တုံ့ပြန်မည်ဟု ပြောကြားထားသည်။

ဒမတ်စကတ် တိုက်ခိုက်မှုဖြစ်စဉ်တွင် ဗိုလ်ချုပ်နှစ်ဦးအပါအဝင် တော်လှန်ရေးအစောင့်တပ်ဖွဲ့ဝင် ခုနစ်ဦးသေဆုံးသွားသည်။

အစ္စရေးက ဒမတ်စကတ်တိုက်ခိုက်မှုကို လုပ်ဆောင်သည်ဟု အတည်ပြုခြင်းမရှိသလို ငြင်းဆန်ခြင်းလည်းမပြုပေ။

အီရန်ဘက်က မကြာမီ အစ္စရေးကိုတိုက်ခိုက်လိမ့်မည်ဟု ဧပြီ ၁၃ ရက်တွင် ပြောကြားခဲ့ပြီးနောက် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က အစ္စရေးကို တိုက်ခိုက်ပါက အစ္စရေးဘက်က ရပ်တည်ကြောင်း သတိပေးပြောဆိုခဲ့သည်ဟု အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။

သမ္မသည် ၎င်း၏ထိပ်တန်း အမျိုးသားလုံခြုံရေး အဖွဲ့နှင့် အရေးပေါ်အစည်းအဝေးပြုလုပ်ရာတွင် အစ္စရေးဘက်က ရပ်တည်သည်ဟုပြောကြားခဲ့သည်။

မစ္စတာဘိုင်ဒင်သည် အီရန်က အစ္စရေး ကိုတိုက်ခိုက်တော့မည်ဟူသော သတင်းကိုကြားခဲ့ရပြီးနောက် ဒယ်လာဝဲသို့သွားသည့် သီတင်းပတ်ကုန် ခရီးကို အတိုချုံ့ခဲ့သည်။ အဆိုပါသတင်းထွက်လာချိန်တွင် သမ္မတဘိုင်ဒင်သည် ဝါရှင်တန်သို့ အပြန် ရဟတ်ယာဉ်ပေါ်တွင်ရှိနေခဲ့သည်။

"အီရန်ဟာ အစ္စရေးကို ဝေဟင်တိုက်ခိုက်မှု စတင်လိုက်ပါပြီ။ တိုက်ခိုက်တာကို နာရီပိုင်းအတွင်း သိရနိုင်ပါတယ်"ဟု အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရ အက်ဒရင်းဝပ်ဆင်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အီရန်ဒရုန်းများသည် ဒရုန်းတစ်စင်း၌ ဖောက်ခွဲရေးပစ္စည်း ကီလိုဂရမ် ၂၀ တပ်ဆင်ထားသည်ဟု အစ္စရေးအငြိမ်းစားဗိုလ်ချုပ်ကြီး အေးမော့ယာဒလင်က အစ္စရေးသတင်းလိုင်း Channel 12 ကိုပြောကြားခဲ့သည်။

ခြိမ်းခြောက်ခံရသော ဒေသများတွင် အချက်ပေးဥဩသံများ ပေးမည်ဟု အစ္စရေးစစ်တပ်ကပြောကြားခဲ့ပြီး အစ္စရေးကာကွယ်ရေးသည် အဆိုပါဒရုန်းများကို ကိုင်တွယ်ရန် အသင့်ရှိနေသည်ဟု ဆိုသည်။

အီရတ်နှင့်အစ္စရေးကြားတွင်တည်ရှိသော အိမ်နီးချင်းဂျော်ဒန်နှင့်အစ္စရေးတို့က ဧပြီ၁၃ ရက်ညတွင် ၎င်းတို့၏လေပိုင်နက်များကို ပိတ်ထားသည်ဟု ပြောကြားခဲ့ကြသည်။

Ref:CNA

Photo:Reuters,AFP

Most Read

Most Recent