ဟေတီ၏မြို့တော်အတွင်း အင်အားကြီးလူဆိုးဂိုဏ်းက ထိန်းချုပ်ထားသည့်ရပ်ကွက်ကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်း

ဟေတီ၏မြို့တော်အတွင်း အင်အားကြီးလူဆိုးဂိုဏ်းက ထိန်းချုပ်ထားသည့်ရပ်ကွက်ကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်း
မတ် ၁၂ ရက်က ပို့အော်ပရင့်စ်မြို့တော်တွင် ဝန်ကြီးချုပ်အားဆန့်ကျင်သည့် ဆန္ဒပြသူတစ်ဦးက လမ်းပေါ်တွင် တာယာများကို မီးရှို့နေစဉ်
မတ် ၁၂ ရက်က ပို့အော်ပရင့်စ်မြို့တော်တွင် ဝန်ကြီးချုပ်အားဆန့်ကျင်သည့် ဆန္ဒပြသူတစ်ဦးက လမ်းပေါ်တွင် တာယာများကို မီးရှို့နေစဉ်
Published 17 March 2024

ဟေတီ၏  ပို့အော်ပရင့်စ်မြို့တော်အတွင်းရှိ အင်အားကြီးလူဆိုးဂိုဏ်းခေါင်းဆောင် ဂျင်မီ ဘာဘီကျူး ချီရီဇီယာ ထိန်းချုပ်ထားသည့် ရပ်ကွက်အတွင်းရှိ လမ်းများတွင် ပိတ်ဆို့ထားများမှုကို ရဲတပ်ဖွဲ့က ရှင်းလင်းခဲ့ပြီး လက်နက်များကို သိမ်းဆည်းရမိခဲ့ကာ ထိုစစ်ဆင်ရေးအတွင်း ရာဇဝတ်သားအ ချို့ သေဆုံးခဲ့ကြောင်း အာဏာပိုင်များက မတ် ၁၆ ရက်တွင် ပြောကြားခဲ့သည်။

အမျိုးသား ရဲဌာန၏ တပ်ဖွဲ့များသည် လမ်းများကို ပြန်ဖွင့်ရန် ရည်ရွယ်ချက်ဖြင့် ဒယ်လ်မက်စ်ရပ်ကွက်အတွင်းသို့ မတ် ၁၅ ရက်မွန်းလွဲပိုင်းက ဝင်ရောက်ခဲ့ကြောင်း ဟေတီရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ လီယွန်နယ် လာဇာရီက ပြောကြားခဲ့သည်။

ထိုစစ်ဆင်ရေးအတွင်း ရဲတပ်ဖွဲ့နှင့် ချီရီဇီယာ၏ လူဆိုးဂိုဏ်းဝင်များ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူဆိုးဂိုဏ်းဝင်အချို့ သေဆုံးကာ လက်နက်များ သိမ်းဆည်ရမိခဲ့ပြီး လမ်းများကို အောင်မြင်စွာ ပြန်ဖွင့်ပေးနိုင် ခဲ့ကြောင်း လာဇာရီက ပြောသည်။

“အများပြည်သူ လွတ်လပ်စွာ သွားလာနိုင်စေဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းက အဲဒီလူဆိုးဂိုဏ်းတွေ သိမ်းပိုက်ထားတဲ့ နေရာဒေသတွေကို ပြန်လည်ထိန်းချုပ်ဖို့ ရည်ရွယ်ချက်နဲ့အတူ ရဲတပ်ဖွဲ့က ချမှတ်ခဲ့တဲ့ မဟာဗျူဟာသစ်တွေကို အကောင်အထည်ဖော်ခဲ့ပါတယ်”ဟု လာဇာရီက အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

မတ် ၁၆ ရက် နံနက်ပိုင်းတွင်လည်း လူဆိုးဂိုဏ်းများက ကွန်တိန်နာသေတ္တာများကို ဖောက်ပြီး ပစ္စည်းများ ခိုးယူနေသည့် ပို့အော်ပရင့်စ်မြို့တော်၏ အဓိကဆိပ်ကမ်းကို ပြန်လည်ထိန်းချုပ်နိုင်ရန် ရဲတပ်ဖွဲ့က နောက်ထပ် စစ်ဆင်ရေး ပြုလုပ်နေသည်ဟု သတင်းရင်း မြစ်တစ်ခုက အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့သည်။

ထိုဆိပ်ကမ်းတွင် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် မတ် ၇ ရက်ကလည်းက ဆိပ်ကမ်းကို ပိတ်ထားခဲ့ရသည်။

ဟေတီနိုင်ငံသားများသည် လူဆိုးဂိုဏ်းများ၏ အကြမ်းဖက်မှုများနှင့် ပြင်ပကမ္ဘာနှင့် အဆက်ပြတ်နေသည့် နိုင်ငံကို တည်ငြိမ်မှု ပြန်လည်ရရှိစေရန် အသွင်ကူးပြောင်းရေး ကောင်စီဖွဲ့စည်းမည့်အချိန်ကို စောင့်ဆိုင်း နေကြသည်။

ပို့အော်ပရင့်စ်မြို့တော်၏ ၈၀ ရာခိုင်နှုန်းကို  ထိန်းချုပ်ထားသည့် လူဆိုးဂိုဏ်းများ၏ တိုက်ခိုက်မှုများနှင့် ဖိအားများကြောင့် ဝန်ကြီးချုပ် အေရီယယ် ဟင်နရီသည် နိုင်ငံအတွင်းမှ ထွက်ခွာသွားခဲ့ပြီးနောက် လစ်လပ်နေသည့်  ဟာကွက်ကို အသွင်ကူးပြောင်းရေးကောင်စီက ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဟု ဟေတီ ပြည်သူအချို့က မျှော်လင့်လျက်ရှိသည်။

သို့သော် ပြည်သူအများစုကမူ ကာရစ်ဘီယံဒေသတွင်းအဖွဲ့အစည်း CARICOM ၊ ကုလသမဂ္ဂနှင့် အမေရိကန်တို့က ထောက်ခံပေးထားသည့် အသွင်ကူးပြောင်းရေးကောင်စီဖွဲ့စည်းမှု နှောင့်နှေးကြန့်ကြာနေခြင်းအပေါ် ဝေဖန်ပြစ်တင်နေကြသည်။

ဟေတီ၏ သြဇာကြီးလူဆိုး ဂိုဏ်းခေါင်းဆောင် ချီရီဇီယာကမူ အသွင်ကူးပြောင်းရေးကောင်စီတွင် ပါဝင်လာမည့် ခေါင်းဆောင်များကို ပြီးခဲ့သည့်ရက်ပိုင်းက ခြိမ်းခြောက်စာများ ပေးပို့ခဲ့သည်။

ဝန်ကြီးချုပ် ဟင်နရီကမူ အသွင်ကူးပြောင်းရေးကောင်စီ ဖွဲ့စည်းပြီးသည်နှင့် တစ်ပြိုင်တည်း ရာထူးမှ နုတ်ထွက်မည်ဟု မတ် ၁၁ ရက်က ပြောကြားခဲ့သည်။

လက်နက်ကိုင်အုပ်စုများက တောင်းဆိုခဲ့သည့်အတိုင်း ဝန်ကြီးချုပ် ဟင်နရီက ရာထူးမှ နုတ်ထွက်ပေးရန် သဘောတူထားသည့် တိုင်ချီရီဇီယာက ဆက်လက်တိုက်ခိုက်သွားမည်ဟု ပြောကြားထားသည်။               

အိမ်နီးချင်းနိုင်ငံများက နယ်စပ်လုံခြုံရေးကို တိုးမြှင့်ခဲ့ကြပြီး သံရုံးဝန်ထမ်းများကို ပြန်လည်ခေါ်ယူနေသည့် အခြေအနေတွင်  ကာလရှည် စောင့်ခဲ့ရသော နိုင်ငံတကာလုံခြုံ ရေးတပ်ဖွဲ့များစေလွှတ်မည့် အစီအစဉ်သည်  မရေမရာဖြစ်နေသည်။

ဟေတီနိုင်ငံကို ၁၉၉၀ ပြည့်နှစ်အစောပိုင်းကာလများကတည်းက အမေရိကန်က နှစ်ပေါင်း ၂၀ ကြာ သိမ်းပိုက်ခဲ့ပြီးနောက် ၂၀၁၀ ပြည့်နှစ်တွင်လည်း ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့များ ဝင်ရောက် ခဲ့ကာ ပြည်ပ၏ ကြားဝင်မှုများ ကာလကြာရှည် ရှိခဲ့သည်။                                    Ref:AFP