မွန်ပြည်နယ်အတွင်း နှစ်စဉ် နွေကိုအန်တုနေရတဲ့ သောက်သုံးရေ

မွန်ပြည်နယ်အတွင်း နှစ်စဉ် နွေကိုအန်တုနေရတဲ့ သောက်သုံးရေ
Published 28 April 2024

နှစ်စဉ်နွေရာသီရောက်တိုင်း မွန်ပြည်နယ်  အတွင်းမှာရှိတဲ့ နေရာအတော်များများ သောက် သုံးရေရှားပါးပြတ်လပ်မှုတွေနဲ့ ကြုံတွေ့ရလေ့ရှိ ပါတယ်။ အများအားဖြင့်တော့ မတ်လ၊ ဧပြီလ နဲ့ မေလကုန် မိုးမကျခင်ကာလအထိကို သောက် သုံးရေရှားပါးပြတ်လပ်မှု ပြဿနာတွေနဲ့ ကြုံ တွေ့ရလေ့ရှိပါတယ်။

မွန်ပြည်နယ်အတွင်းမှာ သောက်သုံးရေ ရှားပါးပြတ်လပ်မှု အဓိကအကြောင်းရင်းက အပူရှိန်မြင့်မားခြင်းကြောင့်လို့ဆိုရပေမဲ့ တခြား အကြောင်းရင်းများစွာလည်းရှိပါတယ်။ ကမ္ဘာ့ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကိုလည်း ခံစားနေရတဲ့ သဘောမှာရှိနေပါတယ်။

၂၀၂၄ ခုနှစ် နွေရာသီမှာတော့ မွန်ပြည် နယ်အတွင်းမှာ နေ့အပူချိန်တွေ သိသိသာသာ တိုးလာတဲ့အပြင် တချို့မြို့တွေမှာဆိုရင် နေ့အ ပူချိန်က စံချိန်သစ်ပါ တင်နေပါတယ်။

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဧပြီ ၂၅ ရက်က နေ့အပူချိန် ၃၉ ဒသမ ၅ ဒီဂရီ ဆဲလ်စီး ယပ်အထိ ရှိခဲ့ပြီးတော့ ဒီစံချိန်သစ်ဟာ မော်လ မြိုင်မြို့မှာ မိုးလေဝသစခန်းဖွင့်လှစ်ပြီးနောက် ခုနစ်နှစ်အတွင်းမှာ အမြင့်ဆုံးနေ့အပူချိန်ဖြစ် တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက ထုတ်ပြန်ချက်အရ သိရပါတယ်။

ထို့အတူပဲ မွန်ပြည်နယ် မုဒုံမြို့မှာ ယခုနှစ် မတ်လ ၂၅ ရက်မှာ နေ့အပူချိန် ၃၉ ဒသမ ၂ ဒီဂရီ ဆဲလ်စီးယပ်အထိ အမြင့်ဆုံးစံချိန်သစ် တင်ခဲ့ပါသေးတယ်။ မုဒုံမြို့ရဲ့ နေ့အပူချိန်အမြင့် ဆုံးစံချိန်သစ်က မုဒုံမြို့မှာ မိုးလေဝသစခန်း စတင်ဖွင့်လှစ်ပြီးနောက် နှစ်ပေါင်း ၄၃ နှစ် အတွင်း အမြင့်ဆုံးနေ့အပူချိန်စံချိန်သစ်လည်း ဖြစ်ခဲ့ပါတယ်။

အလားတူ မွန်ပြည်နယ်အတွင်းမှာရှိတဲ့ ကျန်မြို့နယ်တွေမှာလည်း နေ့အပူချိန်တွေ သိ သိသာသာတိုးလာခဲ့တယ်လို့ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရတယ်။

အခုလို စံချိန်သစ်ပါတင်တဲ့ နေ့အပူချိန် တွေကြောင့်လည်း ပြီးခဲ့တဲ့မတ်လဆန်းပိုင်းက တည်းက ရေတွင်း၊ ရေကန်တွေ ခန်းခြောက် တာတော့ အဆန်းတော့မဟုတ်သလို နှစ်စဉ် နွေရာသီရောက်တိုင်း သောက်သုံးရေအခက် အခဲဖြစ်တဲ့ နေရာဒေသတွေကို မြန်မာနိုင်ငံမီး သတ်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြန် မာနိုင်ငံကြက်ခြေနီအသင်းနဲ့ ပရဟိတအရေး ပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ အ လှူရှင်တွေကပဲ သောက်သုံးရေ ဝေငှလှူဒါန်း ပေးနေတာမျိုး တွေ့မြင်နေရတာကလည်း အဆန်းမဟုတ်တော့ပါဘူး။

ရာသီဥတုပူပြင်းခြင်းနဲ့ လျှပ်စစ်မီးလုံ လောက်စွာမရှိခြင်းတို့ကြောင့် သထုံမြို့နဲ့ ပတ် ဝန်းကျင်ရှိကျေးရွာတချို့မှာ သောက်သုံးရေ ပြတ်လပ်မှုနှင့် တွေ့ကြုံနေရကြောင်း သောက် သုံးရေဝေငှလှူဒါန်းပေးနေတဲ့ ပရဟိတလူမှုကူ ညီကယ်ဆယ်ရေးအဖွဲ့များနဲ့ ဒေသခံပြည်သူ တွေရဲ့ပြောကြားချက်များအရ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းကလည်းက သထုံမြို့နဲ့ သထုံမြို့အနီးဝန်းကျင်ရှိဒေသတွေ မှာ နှစ်စဉ်သောက်သုံးရေလိုအပ်နေတဲ့ ရပ် ကွက်များကို သောက်သုံးရေဝေငှလှူဒါန်းပေး နေရကြောင်းနဲ့ သောက်သုံးရေလိုအပ်တဲ့နေ ရာတွေရှိသလို တချို့နေရာတွေမှာလည်း သောက်ရေလိုအပ်ချက်တွရှိနေတယ်လို့ သထုံ မြို့ အကြင်နာတွဲလက် လူမှုကူညီရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

၎င်းကဆက်လက်ပြီး “လိပ်အင်းရပ်ကွက်၊ ကျောက်လုံးကြီးကျေးရွာဘက်ခြမ်း၊ ကော့စံ ကျေးရွာဘက်ခြမ်းတွေက သောက်သုံးရေပြတ် လပ်မှုတွေရှိနေတယ်။ သထုံမြို့ပေါ်မှာဆိုရင် နန်းခဲရပ်ကွက်၊ ဘူတာအပိုင်း၊ ကွက်သစ်ပိုင်း တွေမှာ သောက်ရေအခက်အခဲဖြစ်ကြတယ်” လို့ ပြောပါတယ်။

ယခုနှစ် နွေရာသီမှာ အပူချိန်ပိုမိုပြင်းထန် လာတဲ့အပြင် လျှပ်စစ်မီးကိုလည်း လုံလောက် စွာမရှိကြတဲ့အတွက်ကြောင့် သောက်သုံးရေ ပြတ်လတ်မှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ကြောင်း လည်း သထုံမြို့ခံပြည်သူတစ်ဦးက ဆိုပါ တယ်။

“လျှပ်စစ်မီး လုံလုံလောက်လောက် မရ ဘူး။ အဲဒီတော့ အဝီစိတွင်းတွေရှိတယ်။ ဒါပေ မဲ့ လျှပ်စစ်မီးမလာတော့ ရေမရကြဘူး။ သထုံ မြို့ကို လျှပ်စစ်မီးအချိန်ပိုင်းလေး ပုံမှန်ပို့ပေးနိုင် ရင် မြို့ပေါ်မှာ ရေပြဿနာအတော်အတန်ဖြေ ရှင်းပြီးသားဖြစ်သွားမှာပါ” လို့ သထုံမြို့ခံပြည် သူတစ်ဦးက ပြောပါတယ်။

လက်ရှိ နွေရာသီကာလအတွင်း သထုံမြို့ နယ်အတွင်းက သောက်သုံးရေရှားပါးတဲ့ အ ခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတဲ့အတွက် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနနဲ့ ပရဟိတအရေး ပေါ်လူမှုကူညီကယ်ဆယ်ရေး အသင်းအဖွဲ့ တွေက သောက်သုံးရေလိုအပ်ချက်ရှိသည့်နေ ရာများသို့ ရေများဖြန့်ဝေလှူဒါန်းပေးနေ ကြောင်း သိရပါတယ်။

အလားတူပဲ မွန်ပြည်နယ် ချောင်းဆုံမြို့ နယ်အတွင်းရှိ ကျေးရွာအတော်များများမှာ လည်း သောက်သုံးရေပြတ်လပ်မှုတွေနဲ့ ကြုံ တွေ့နေရတယ်လို့ ဒေသခံတွေထံက သိရပါ တယ်။

တွင်းရေတွေက သုံးရေအနေနဲ့ အသုံးပြု လို့တော့ ရသေးတယ်။ ဒါပေမဲ့ ရေနွေးကျိုလိုက် ရင် ရေက အဝါရောင်ပေါက်သွားတယ်။ အဲဒီ တော့ ထမင်း၊ ဟင်းချက်မရတော့ဘူး။ အဲဒီလို အခြေအနေမျိုးရှိနေတယ်” လို့ ချောင်းဆုံမြို့ နယ်ကော့မုပွန်ကျေးရွာနေ ဒေသခံတစ်ဦးက ပြောပါတယ်။

ချောင်းဆုံမြို့နယ်အတွင်းက ကော့မုပွန်၊ ဇီးကုန်း၊ ခရိုက်နှီးဟု၊ သာယာကုန်း အစရှိတဲ့ ကျေးရွာတွေမှာ သောက်သုံးရေလိုအပ်ချက် တွေရှိလို့ သောက်သုံးရေဝယ်ယူသုံးစွဲလို့ မရတဲ့ ကျေးရွာတွေကို ဦးစားပေးအနေနဲ့ လိုက်လံလှူ ဒါန်းမှုတွေပြုလုပ်ပေးနေတယ်လို့ ချောင်းဆုံမြို့ နယ်က မြန်မာနိုင်ငံကြက်ခြေနီအသင်း တာဝန် ရှိသူတစ်ဦးက ဆိုပါတယ်။

ထို့အတူပါပဲ သထုံမြို့၊ ရေးမြို့၊ သံဖြူဇရပ် အစရှိတဲ့ လူဦးရေများတဲ့မြို့တွေမှာဆိုရင် လည်း ရေအရင်းအမြစ်တွေခြောက်ခန်းကုန်တဲ့အတွက် သောက်သုံးရေအခက်အခဲတွေဖြစ် ကြနေကြရပါတယ်။ နောက်ဆုံး မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်းက ပင်လယ်ကမ်းစပ်နဲ့နီး တဲ့ ကျေးရွာတွေမှာဆိုရင် သောက်သုံးရေပြတ် လပ်မှုတွေနဲ့ ကြုံတွေ့နေကြရပြီလို့ သိရပါတယ်။ ကျန်တဲ့ မွန်ပြည်နယ်အတွင်းက မြို့နယ်တွေမှာ လည်း သောက်သုံးရေအခက်အခဲတွေ ရင်ဆိုင် နေကြရပါတယ်။

သောက်သုံးရေ ပြတ်လပ်ပြီဆိုရင်တော့ လည်း ထုံးစံအတိုင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ နဲ့ ပရဟိတအသင်းအဖွဲ့တွေနဲ့ အလှူရှင်တွေက ပဲရေအခက်အခဲဖြစ်တဲ့ ရပ်ကွက်နဲ့ ကျေးရွာ တွေအထိဆင်းပြီး ပေးဝေလှူဒါန်းတာတွေလုပ် ဆောင်ကြရပါတယ်။

ပြီးခဲ့တဲ့ မတ်လလောက်ကတည်းက သောက်သုံးရေတွေ ဖြန့်ဝေလှူဒါန်းပေးနေကြ တဲ့ ပရဟိတလူမှုကူညီရေးအဖွဲ့တွေအနေနဲ့က လည်း နေ့စဉ်ရက်ဆက်ကို သောက်သုံးရေအ ခက်အခဲဖြစ်နေတဲ့ ရပ်ကွက်နဲ့ ကျေးရွာတွေအ ထိ ရေလိုက်လံပို့ဆောင်လှူဒါန်းပေးနေကြရတဲ့အတွက် အချိန်ကာလကြာလာတော့ အ ခက်အခဲလေးတွေလည်း ရှိလာကြတယ်လို့ သိရပါတယ်။

“အခုလက်ရှိ ရေကားတစ်စီးက တစ်ရက် ကို စက်သုံးဆီအနည်းဆုံး လေးဂါလန်လောက် ကုန်ပါတယ်။ နှစ်စီးဆိုတော့ စက်သုံးဆီ အနည်းဆုံး ရှစ်ဂါလန်လောက်ကုန်ကျတယ်။ လက်ရှိစက်သုံးဆီစျေးနှုန်းကလည်းမြင့်တော့ အဲဒီအခက်အခဲလေးတွေ ရှိပါတယ်။ အလှူ ရှင်တွေကလည်း ၀ိုင်းဝန်းထောက်ပံ့လှူဒါန်း ပေးမှုတွေက စက်သုံးဆီဖိုးအတွက် ထိုက်သင့် သလောက်အဆင်ပြေပေမဲ့ ရေရှည်မှာဆိုတော့ ကားပြင်ဆင်စရိတ်တွေက အခက်အခဲတစ်ခု ဖြစ်လာနိုင်ပါတယ်”လို့ သောက်သုံးရေတွေ ပေးဝေလှူဒါန်းပေးနေတဲ့ မော်လမြိုင်မြို့က ပရဟိတလူမှုကူညီရေးအဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ထို့အတူ သထုံမြို့နဲ့ ပတ်ဝန်းကျင်ကျေးရွာ တွေကို သောက်သုံးရေလိုက်လံပေးဝေလှူဒါန်း ပေးနေတဲ့ ပရဟိတလူမှုကူညီရေးအဖွဲ့က တာ ဝန်ရှိသူတစ်ဦးကလည်း “ကျွန်တော်တို့ အဖွဲ့ အနေနဲ့က ရေကားနှစ်စီးနဲ့ တစ်ရက်ကို ၁၂ ခေါက်၊ ၁၃ ခေါက်လောက်ပို့ပေးရပါတယ်။ နောက်ပြီး နှစ်စဉ်သောက်သုံးရေတွေလှူဒါန်း နေရတော့ ဒီနှစ်အတွက်ကိုလည်း ကြိုတင်ပြင် ဆင်မှုတွေလုပ်ဆောင်ထားပါတယ်။ ကားဖိုး ဆီဖိုးတွေ ကြိုတင်စုဆောင်းရတာမျိုးတွေရှိပါ တယ်။ လတ်တလောဆိုရင်တော့ ရေကားတွေ ရဲ့ စက်သုံးဆီဖိုးတွေ လိုအပ်ချက်ရှိပါတယ်” လို့ပြောပါတယ်။

နွေကတော့ ထုံးစံအတိုင်း ပူလောင်မှုတွေ ကို ပေးနေဆဲပါပဲ။ နွေရာသီရဲ့ အပူဒဏ်တွေ အောက်မှာ ထုံးစံအတိုင်း ရေတွင်း၊ ရေကန်တွေ ခန်းခြောက်နေဆဲပါပဲ။ ရေတွင်း၊ ရေကန်တွေ ခန်းခြောက်တော့ ထုံးစံအတိုင်း ပြည်သူတွေမှာ လည်း သောက်သုံးရေအခက်အခဲတွေဖြစ်နေ ကြဆဲပါပဲ။

အဲဒီတော့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၊ ပရဟိတ လူမှုကူညီရေးအသင်းအဖွဲ့တွေ၊ အ လှူရှင်တွေကလည်း ထုံးစံအတိုင်းသောက်သုံး ရေတွေကို ပေးဝေလှူဒါန်းနေကြဆဲပါပဲ။ အ ချိန်၊ ပိုက်ဆံ၊ လူစွမ်းအားအရင်းအမြစ်တွေက ဒီနွေမှာလည်း ထုံးစံအတိုင်းအခိုးအငွေ့အဖြစ် လွင့်ပျံနေဆဲပါပဲ။

ယခုနွေရာသီမှာ နေ့အပူချိန်တွေစံချိန် သစ်ထူနေတဲ့အချိန်မှာမှ ထူးထူးခြားခြားလူမှု ကွန်ရက်စာမျက်နှာပေါ်မှာ သစ်ပင်တွေစိုက် ကြပါဆိုတဲ့ အကြောင်းတွေ ရေးကြ၊ ပြောလာ ကြတာမျိုးတွေ လတ်တလောမှာ မြင်တွေ့နေရ ပါတယ်။

စနစ်တကျနဲ့ လက်တွေ့အကောင်အ ထည်ဖော်နိုင်ကြဖို့လည်းလိုအပ်သလို အပင် တွေရှင်သန်ကြီးထွားလာအောင်လည်း ထိန်း သိမ်းစောင့်ရှောက်နိုင်ဖို့ကလည်း အရေးကြီးပါ တယ်။ လူတွေက နွေကိုအန်တုဖို့ ကြိုးစားလာ ကြပြီလို့လည်း ဆိုလို့ရပါတယ်။

ထို့အတူပါပဲ နွေရာသီရောက်တိုင်း လူ တွေရဲ့နေ့စဉ်ဘဝမှာ မရှိမဖြစ်လိုအပ်တဲ့ ရေကို လည်း အလဟဿမဖြစ်စေဖို့၊ ရေအရင်းအမြစ် တွေကို ထိန်းသိမ်းစောင့်ရှောက်ကြဖို့လည်း လိုအပ်နေပါသေးတယ်။

ဒါမှလည်း နွေရာသီရောက်တိုင်း သောက် သုံးရေအခက်အခဲဖြစ်နေကျဆိုတဲ့ အစဉ်အ လာဆိုးကနေ ရုန်းထွက်နိုင်ကြမှာဖြစ်ပါတယ်။

Most Read

Most Recent