လိုတိုရှင်း စီးပွားရေးသုတ (၆၆)
စတော့များနှင့် ရှယ်ယာများ (Stock and Shares)
စတော့နှင့်ရှယ်ယာ ဝေါဟာရနှစ်ခုစလုံးသည် ငွေကြေးအရင်းအနှီးချေးငှားမှုနှင့်သက်ဆိုင်ကြသော်လည်း စတော့သည် ယေဘုယျဝေါဟာရဖြစ်ပြီး လုပ်ငန်းတစ်ခုချင်းနှင့်ပတ်သက်၍ အထူးတလည်ပြောဆိုပါက ရှယ်ယာဟူသောစကားလုံးကို အသုံးပြုလေ့ရှိသည်။ ဥပမာ သင်သည် ကုမ္ပဏီများစွာမှ စတော့များကို ဝယ်ယူနိုင်သည်ဟု ပြောနိုင်သကဲ့သို့ သင်သည် (လုပ်ငန်းအမည်တပ်၍) စတားဘက်ခ်ကုမ္ပဏီမှ ရှယ်ယာများကို ပိုင်ဆိုင်နိုင်သည်ဟုလည်း ပြောဆိုနိုင်သည်။
ကုမ္ပဏီတစ်ခုအနေဖြင့် ငွေကြေးအရင်းအနှီးပမာဏ တိုးမြှင့်ရန် လိုအပ်လာသည့်အခါ အများဆုံးအသုံးပြုလေ့ရှိသည့်နည်းလမ်းမှာ ရင်းနှီးမြှုပ်နှံသူများထံသို့ စတော့များ ထုတ်ရောင်းခြင်းဖြစ်သည်။ စတော့များရောင်းချခြင်းသည် ရင်းနှီးမြှုပ်နှံမှု (လုပ်ငန်း) ၏အစိတ်အပိုင်းကို ရောင်းချခြင်းဖြစ်ပြီး စတော့ဝယ်ယူခြင်း သည် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်း၊ လုပ်ငန်း သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုတစ်ခု၏ အစိတ်အပိုင်းကို ပိုင်ဆိုင်ခြင်းဟုလည်း ရှုမြင်ကြသည်။ စတော့ကို အီကွီတီဟုလည်းခေါ်ကြသည်။
ကုမ္ပဏီတိုင်း စတော့များ၊ ရှယ်ယာများကို အလွယ်တကူ ထုတ်ရောင်းနိုင်မည်မဟုတ်ပေ။ သက်ဆိုင်ရာက ခွင့်ပြုထားသည့်အများနှင့် သက်ဆိုင်သော ကုမ္ပဏီများကသာ ရောင်းချနိုင်သည်။ အချို့သော အများပိုင်ကုမ္ပဏီများတွင် ရှယ်ယာသန်းနှင့်ချီ၍ ရှိသည်။ ရင်းနှီးမြှုပ်နှံသူတစ်ဦးသည် အများနှင့်ဆိုင်သော ကုမ္ပဏီ တစ်ခုက ရောင်းချသည့် စတော့များကို ဝယ်ယူထားသူသည် ကုမ္ပဏီ၊ လုပ်ငန်း၏ အစိတ်အပိုင်းတစ်ခုကို ပိုင်ဆိုင်သွားသည်ဟု ဆိုနိုင်သည်။ ဤအခြေအနေကို အီကွီတီစတိတ် (Equity Stake) ဟုခေါ်နိုင်ပြီး ပိုင်ဆိုင်သူများက ကုမ္ပဏီ၏နှစ်ပတ်လည်အစည်းအဝေးများသို့တက်ရောက်လျက် ကုမ္ပဏီနှင့်သက်ဆိုင်သောကိစ္စများ တွင် မဲပေးပိုင်ခွင့်ရှိ သည်ကို ဆိုလိုခြင်းဖြစ်သည်။
ရှယ်ယာဝယ်ယူထားသူများသည် ကုမ္ပဏီမှ အမြတ်ဝေစုဟုခေါ်သော ကုမ္ပဏီက ပေးလာသည့် အမြတ်ပမာဏခွဲဝေရရှိမှုကို တစ်နှစ်လျှင်တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ရရှိခံစားနိုင်သည်။ ကုမ္ပဏီ သို့မဟုတ် လုပ်ငန်းတစ်ခု၏ ရှယ်ယာတန်ဖိုးများသည် အဆိုပါကုမ္ပဏီ၊၏ လုပ်ငန်းလုပ်ဆောင်မှု၊ သတင်းအစီရင်ခံချက်များ၊ အမြတ်ဝေစုများ၊ အနာဂတ်တွင် မျှော်လင့်ထားသောဝင်ငွေများနှင့် စတော့စျေးကွက် အရောင်းအခြေအနေများအပေါ် မူတည်၍ အတက်အကျရှိနိုင်သည်။ ဝေါဟာရများ
စတော့နှင့်ရှယ်ယာ=stock and share
အီကွစ်တီ=equity
အများနှင့်သက်ဆိုင်သော ကုမ္ပဏီ=public company
အမြတ်ဝေစု=dividends
လိုတိုရှင်း စီးပွားရေးသုတ (၆၇)
ဘွန်းများ (Bonds)
ဘွန်းဆိုသည်ကို ငွေချေးစာချုပ်ဟု ယေဘုယျနားလည်နိုင်သည်။ ဘွန်းများထုတ်ဝေခြင်းသည် ကုမ္ပဏီ (သို့မဟုတ်) လုပ်ငန်းတစ်ခုအတွက် ငွေကြေးအရင်းအနှီးမြှင့်တင်နိုင်သော နောက်ထပ်နည်းလမ်းတစ်ခုဖြစ်သည်။ ဘွန်းဝယ်ယူခြင်းသည် စတော့များဝယ်ယူခြင်းနှင့် မတူပေ။ ကုမ္ပဏီတစ်ခုထံမှ စတော့ဝယ်ယူခြင်း သည် အရင်းအနှီးထည့်ဝင်ခြင်း သဘောရှိသဖြင့် အမြတ်ဝေစုရရှိနိုင်ပြီး ဘွန်းဝယ်ယူခြင်းမှာ ငွေချေးငှားခြင်းမျိုးဖြစ်သဖြင့် အတိုးငွေကိုရရှိနိုင်သည်။ ဘွန်း ဝယ်ယူ ထားသူများသည် ၎င်းတို့၏ ချေးငှားလိုက်သောငွေကြေးအတွက် ကုမ္ပဏီများထံမှ ပြန်လည်ပေးချေမှုကိုသတ်မှတ်ထားသောရက်တွင် မျှော်လင့်ကြသည်။
ဘွန်းပိုင်ရှင်များသည် ပုံသေသတ်မှတ်ထားသောအတိုးနှုန်းငွေရရှိသည်။ ရေရှည်ကာလတွင် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဘွန်းများထက် စတော့ရှယ်ယာများမှ ငွေကြေးအကျိုးအမြတ် ပိုမိုရရှိနိုင်သည်။ သို့သော်လည်း ဘွန်းများတွင် အားသာချက်ရှိသည်။ ထိုအားသာချက်မှာ ပြန်လည်ပေးမည့်ငွေကြေးအတွက် အာမခံချက်လုံးဝရှိခြင်းပင်ဖြစ်သည်။ အတိုးငွေကို သတ်မှတ်ထားသောကာလအပိုင်းအခြားအလိုက် ပုံမှန်ရရှိနိုင်သည်။
အစိုးရများနှင့် မြို့ကြီးပြကြီးများရှိ အုပ်ချုပ်ရေးအဖွဲ့များသည်လည်း ၎င်းတို့သုံစွဲရန်ရှိသည့် ငွေကြေးပမာဏမြှင့်တင်ရန်အတွက် ဘွန်းထုတ်ဝေရောင်းချခြင်းနည်းလမ်းကို အသုံးပြုလေ့ရှိကြသည်။ အစိုးရ သို့မဟုတ် မြူနီစပယ်ဘွန်းများမှရရှိသော အတိုးရငွေများအပေါ်တွင်အခွန်စည်းကြပ်ထားခြင်းလည်းမရှိပေ။ စတော့နှင့် ဘွန်းများနှစ်မျိုးစလုံးသည် အာမခံငွေကြေးစာချုပ်အမျိုးအစားများဖြစ်ပြီး ပိုင်ဆိုင်မှု (သို့မဟုတ်) ကြွေးမြီဆိုသည်ကိုရည်ညွှန်းသည့် ရင်းနှီးမြှုပ်နှံမှုကိရိယာကိုအတွက် အသုံးပြုသော စကားလုံးများဖြစ်သည်။
ဝေါဟာရများ
ဘွန်းများ=bonds
အတိုးငွေ=interest
သတ်မှတ်ထားသောရက်=maturity date
မြူနီစပယ်ဘွန်းများ=municipality bonds
ငွေကြေးစာချုပ်အမျိုးအစားများ=types of securities
လိုတိုရှင်း စီးပွားရေးသုတ (၆၈)
စတော့စျေးကွက်များ (Stock Markets)
စတော့စျေးကွက်ဆိုသည်ကို အလွယ်ဆုံးပြောရလျှင် စတော့ရှယ်ယာများ ဝယ်ကြရောင်းကြသည့်နေရာဖြစ်သည်။ စတော့စျေးကွက်သည် ငွေပိုလျှံရှိ၍ ရင်းနှီးမြှုပ်နှံမှုပြုလိုသော သူများနှင့် လုပ်ငန်းလုပ်ရန် ငွေလိုနေသောသူများကို ဆက်သွယ်ပေးသည်။ စတော့စျေးကွက်သည် စီးပွားရေးလုပ်ငန်းများ ကုမ္ပဏီများလုပ်ငန်းကြီးထွားလာစေရန်သာမက စီးပွားရေးအဆောက်အအုံကြီး ဖွံ့ဖြိုးတိုးတက်မှုအတွက်ကိုလည်း အထောက်အကူများစွာရစေသည်။
အချို့သော စတော့ရောင်းဝယ်မှုများကို စတော့အိတ်ချိန်းဟုခေါ်သည့်နေရာတွင် မျက်မြင်တွေ့ဆုံ၍ အရောင်းအဝယ်လုပ်ကြပြီး အချို့မှာမူ အီလက်ထရွန်နစ်နည်းဖြင့် ရောင်းဝယ်ကြသည်။ မည်သို့ရောင်းဝယ်သည်ဖြစ်စေ ထိုအမျိုးအစား နှစ်မျိုးစလုံးသည် စတော့စျေးကွက်၏သရုပ်ကိုဖော်ပြနေသည်။
စတော့စျေးကွက်ထဲရှိ စတော့များဝယ်ယူ၍ ငွေကြေးရင်းနှီးမြှုပ်နှံခြင်းသည် အိမ်ခြံမြေများတွင် ရင်းနှီးမြှုပ်နှံခြင်းများနှင့်မတူဘဲ ငွေဖြစ်လွယ်နိုင်စွမ်းများ စွာရှိသည်။ ငွေဖြစ်လွယ်ခြင်းဆိုသည်မှာ ဥစ္စာဓနအသွင်သဏ္ဍာန်တစ်မျိုးမှ အခြားအသွင်တစ်မျိုးသို့ပြောင်းလဲရန် လွယ်ကူခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ငွေလိုအပ်ပါ က မိမိလက်ထဲရှိ စတော့ရှယ်ယာများကို အလွယ်တကူ ပြန်လည်ရောင်းချနိုင်ပြီး မိမိငွေများကို ရင်းနှီးမြှုပ်နှံချင်သည့်အခါ အလွယ်တကူဝယ်ယူနိုင်သည့်သဘောဖြစ်သည်။
စတော့စျေးနှုန်းများမြင့်ခြင်း၊ ကျဆင်းတို့ကိုနွားသိုး၏ တစ်ရှုးထိုးဖြစ်တတ်သည့်သဘာဝ၊ ဝက်ဝံ၏ လေးလံနှေးကွေးတတ်သည့်သဘာဝတို့ဖြင့် တင်စားပြောဆိုလေ့ရှိကြသည်။ စတော့စျေးနှုန်းများ မြင့်တက်နေသည့်အခြေအနေကို နွားသိုးစျေးကွက် (Bull Market) ဟုခေါ်ပြီး စတော့စျေးနှုန်းများ ကျဆင်းလာနေသည့် အခြေအနေကို ဝက်ဝံစျေးကွက် (Bear Market) ဟုခေါ်လေ့ရှိကြသည်။
သီအိုရီအရ စတော့စျေးကွက်သည် လိုအပ်သည့်နေရာများတွင် အရင်းအနှီးများကို ခွဲဝေချပေးသည်။ စတော့စျေးနှုန်းများသည် ကုမ္ပဏီများ၏ စီးပွားရေးအခြေနေကောင်းမှုနှင့် ကုမ္ပဏီများ၏တန်ဖိုးကို အတိအကျ ထင်ဟပ်နေသည်။ ရင်းနှီးမြှုပ်နှံသူများသည်ကာလတို အကျိုးအမြတ်ရရှိရေးအတွက် လက်ရှိကာလ စျေး တက်နေသော စတော့များကိုဝယ်ယူလေ့ရှိပြီးရှိသင့်သည့်တန်ဘိုးထက် ပိုမိုတန်ဖိုး ဖြတ်စျေးနှုန်း သတ်မှတ် ခြင်း ကြောင့် စျေးကွက်ပေါက်စျေးနှုန်းအဆင့်များကို မြင့်မာပြီး စျေးနှုန်းများကိုဖောင်းပွမှုများဖြစ်စေသည်။
ရင်းနှီးမြှုပ်နှံသူများကြား တစ်ဆင့်ပြီးတစ်ဆင့် သတင်းများရရှိပြီး ဝယ်ယူလိုစိတ်များ စေ့ဆော်ဖြစ်ကာ အုပ်စုလိုက်သဘာဝ (အများလုပ်သည့်နောက်သို့လိုက်လုပ်တတ်သည့်သဘာဝ) ဖြစ်လာတတ်သည်။ ထိုသဘာဝသည် ဈေးကစားမှုပူဖောင်းများ ဖန်တီးတတ်သည်။ စျေးနှုန်းများမြင့်မားလာပြီး ဈေးကွက်သည် လည်း ဈေးနှုန်းများဖောင်းပွသည့်အခြေအနေဖြစ်လာတတ်သည်။ ဥပမာ ၁၉၉၀ ပြည့်နှစ်များက ဖြစ်ပျက်ခဲ့သော ဒေါ့ကွန်းပူဖောင်းများ (dot-com bubbles) ကဲ့သို့ ဖြစ်သည်။ ဒေါ့ကွန်းပူဖောင်းများဆိုသည်မှာ အမေရိကန်စတော့ဈေးကွက်အတွင်း၌ အွန်လိုင်းအင်တာနက်လုပ်ငန်း၏ စတော့ဈေးနှုန်းများ တစ်ရှိန်ထိုးတက်ခဲ့ခြင်းဖြစ်သည်။ ထိုပူဖောင်းများသည် နောက်ဆုံးတွင်ပေါက်ကွဲမှုများဖြစ်ကာ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် နစ်နာဆုံးရှုံးမှုများ ခံစားလာရနိုင်သည်။ နိုင်ငံတစ်နိုင်ငံရှိ စတော့စျေးကွက်တစ်ခုသည်ထိုနိုင်ငံ၏ စီးပွားရေးစွမ်းရည်ကို ပြသသည့်အရေးကြီးသည့် သင်္ကေတလက္ခဏာဖြစ်သည်။
ဝေါဟာရများ
စတော့ဈေးကွက်=stock markets
ငွေဖြစ်လွယ်ခြင်း=liquidity
နွားသိုးဈေးကွက်=bull market
ဝက်ဝံဈေးကွက်=bear market
ဒေါ့ကွန်းပူဖောင်းများ=dot-com bubbles
ကစားမှုပူဖောင်းများ=speculative bubbles
လိုတိုရှင်း စီးပွားရေးသုတ (၆၉)
ငွေကြေးဆင့်ပွားစာချူပ်များ (Derivatives)
ငွေကြေးဆင့်ပွားစာချုပ်ဆိုသည်မှာ ဆင့်ပွားစတော့ရှယ်ယာကို ဆိုလိုခြင်းဖြစ်သည်။ ဆင့်ပွားစတော့ရှယ်ယာတစ်ခုကို ဝယ်ယူခြင်းသည် လောင်းကစားပြုလုပ်သည်နှင့်တူသည်ဟုဆိုသည်။ အဘယ်ကြောင့်ဆိုသော် ထိုစတော့ရှယ်ယာများတွင်ကိုယ်ပိုင်တန်ဖိုးမရှိ၊ ၎င်းတို့၏တန်ဖိုးသည် ရလဒ်တစ်စုံတစ်ရာအပေါ်တွင် မူတည်နေသောကြောင့်ဖြစ်သည်။ ၎င်းတို့၏တန်ဖိုးများသည် အကြောင်းများစွာမှ ဖြစ်ပေါ်လာနိုင်သည်။ ရွှေစျေးနှုန်းများ၊ အတိုးနှုန်းများ၊ ၊စတော့စျေးကွက်၊ ချေးငွေ ဆပ်ရန်ပျက်ကွက်မှုများနှင့် နောက်ဆုံးအခြားဆင့်ပွားစာချုပ်များ၏ စျေးနှုန်းများအပေါ် မူတည်၍ဖြစ်လာနိုင်သည်။
ဥပမာပေးရလျှင် ဇူလိုင်လတွင် အပူအချိန် ၉၀ ဒီဂရီအထက်ကျော်သည့်အချိန်တိုင်း သင်က သင့်၏မိတ်တွေတစ်ဦးကို ဘီယာတစ်ခွက်တိုင်မည့်ဟူသော ကတိကဝတ်ဖြင့် သင့်မိတ်ဆွေက သင်ကို ငွေ ၁၀ ဒေါ်လာပေးထားသည့်ဆိုပါစို့။ ထိုကဲ့သို့အခြေအနေမျိုးသည်လည်း ဆင့်ပွားစာချုပ်သဘောမျိုးပင်ဖြစ်သည်။
ဆင့်ပွားစာချူပ်စျေးကွက်သည် ဒေါ်လာထရီလီယံပေါင်းများစွာ တန်ဖိုးရှိသည်။ ကမ္ဘာ့စီးပွားရေး၏ ၁၀ ဆကျော်မျှရှိသည်။ ရင်းနှီးမြှုပ်နှံသူများသည် စွန့်စားရမည့် အန္တရာယ်များကို အရံအတားကာကွယ်ထားနိုင်ရန် သို့မဟုတ် စွန့်စားရမည့် အန္တရာယ်များမှ စျေးကစားခြင်းပြုလုပ်ရန်အတွက် ဆင့်ပွားစာချုပ်များကိုအသုံးပြုကြသည်။ ကြိုရောင်းကြိုဝယ်စာချုပ်များ (စတော့ရှယ်ယာများ) ကဲ့သို့ အချိုဆင့်ပွားစာချုပ်များ တည်ရှိနေသည်မှာ အချိန်ကာလကြာမြင့်ခဲ့ပြီဖြစ်သော်လည်း လွန်ခဲ့သောနှစ်များက အလွန်ရှုပ်ထွေး၍ အန္တရာယ်များသော ဆင့်ပွားစာချုပ်များ ပေါ်ပေါက်လာခဲ့သည်။
ရင်းနှီးမြှုပ်နှံသူ ဝါရင့်ဘက်ဖတ်က ဆင့်ပွားစာချုပ်များကို အလုံးအရင်းနှင့်ဖျက်ဆီးတတ်သည့် ဘဏ္ဍာရေးလက်နက်ဟုခေါ်သည်။ အဘယ့်ကြောင့်ဆိုသော် အနည်းငယ်ကြီးမားသည့် ဆုံးရှုံးမှုများမှတစ်ဆင့် ဘဏ္ဍာရေးအကျပ်အတည်းကို ဖြစ်လာတတ်သောကြောင့်ဖြစ်သည်။
ဝေါဟာရများ
ဆင့်ပွားစာချူပ်များ=Derivatives
လောင်းကစား=bet
ချေူငွေဆပ်ရန်ပျက်ကွက်မှု=loan default
ဈေးကစားခြင်း=speculation
ငွေဖြစ်လွယ်မှုထောင်ချောက်=liquidity trap
လိုတိုရှင်း စီးပွားရေးသုတ (၇၀)
ကြိုရောင်းကြိုဝယ်စာချုပ်များ (Futures)
အနာဂတ်ကြိုရောင်းကြိုဝယ်စာချုပ်များသည် ငွေကြေးဆင့်ပွားစာချုပ်စာအမျိုးအစားပင်ဖြစ်သည်။ စျေးနှုန်းပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာသော သက်ရောက်မှုများကို ကာကွယ်ပေးနိုင်ရန် လယ်ယာစိုက်ပျိုးရေး ထုတ်ကုန်ထုတ်လုပ်ရောင်းချများနှင့် ဝယ်ယူသူများအတွက် ၁၉၅၀ ပြည့်နှစ်များက ဖန်တီးခဲ့သည့် ဘဏ္ဍာရေး ကိရိယာများဖြစ်သည်။
ရောင်းသူနှင့် ဝယ်သူတို့သည် အမှန်တကယ်အရောင်းအဝယ်ဖြစ်မည့်အချိန်နှင့် လပေါင်းများစွာ ကြိုတင်လျက် အရောင်းအဝယ်ပြုလုပ်မည့် အရာ ( အထူးသဖြင့် သီးနှံတစ်မျိုး၏ သတ်မှတ်ထားသောပမာဏ) ကို သတ်မှတ်ထားသောနေ့တွင် သတ်မှတ်ထားသောစျေးနှုန်းဖြင့် ပြုလုပ်ကြခြင်းဖြစ်သည်။ ထို့သို့ရောင်းခြင်းဝယ်ခြင်းဖြင့် ဆုံးရှုံးမှုများ၊ စွန့်စားရမှုများ လျော့ကျစေသည်။ စျေးကွက်ပေါက်စျေးနှုန်းကျဆင်းသွားခဲ့လျှင် လယ်သမားများ ငွေကြေးဆုံးရှုံးမှုများမရှိနိုင်သကဲ့သို့ မြင့်တက်ခဲ့လျှင်လည်း ဝယ်ယူသူများအနေဖြင့် ငွေကြေးအမြောက်အမြား ပေးရန်မလိုတော့ပေ။ ကြိုရောင်းကြိုဝယ်ပြုလုပ်ခြင်း အဓိကရည်ရွယ်ချက်မှာ ငွေကြေးကွာဟချက်ကိုရယူ၍ အမြတ်အစွန်းအတွက် စျေးကစားရန်သာဖြစ်သည်။
၁၉၇၂ ခုနှစ်တွင် ငွေကြေးကြိုရောင်းကြိုဝယ်စာချုပ်များကို တီထွင်ရောင်းဝယ်ခဲ့ကြသည်။ ၎င်းတို့သည်ရင်းနှီးမြှုပ်နှံမှုများကို ငွေလဲလှယ်နှုန်းပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာမည့် ဆုံးရှုံးမှုများကို အကာအကွယ်ရရှိရန်ကြိုတင်ချိန်ဆစျေးကစားမှုူများကိုပါဖြစ်လာစေသည်။ ထိုအချိန်ကတည်းက ရေနံ၊ ကောက်ပဲသီးနှံကဲ့သို့ အခြားကုန်စည်များ၊ အတိုးနှုန်းများ၊ စတော့ညွှန်ကိန်းများ အပါအဝင် အစိုးရများ၏နိုင်ငံခြားကြွေးမြီများအတွက်အထိ ကြိုရောင်းကြိုဝယ်စာချုပ်များ တီထွင်ရောင်း ဝယ်လာကြသည်။
အချို့သော ငွေကြေးဆိုင်ရာလုပ်ဆောင်ချက်များကဲ့သို့မဟုတ်ဘဲ ကြိုရောင်းကြိုဝယ်စာချုပ်များကို သက်ဆိုင်သည့်အေဂျင်စီများက သတ်မှတ်ထားသည့် စံသတ်မှတ်ချက်များနှင့် စာရင်းရှင်းလင်းရေးကုမွဏီများတွင် ရောင်းဝယ်ကြရခြင်းဖြစ်သည်။
ဝေါဟာရများ
ကြိုရောင်းကြိုဝယ်စာချုပ်များ=future
အမြတ်အစွန်း=profit
ဈေးကွက်ပေါက်ဈေးနှုန်း=spot price
စတော့ ညွှန်းကိန်းများ=Stock indices
စာရင်းရှင်းလင်း ရေးကုမွဏီများ=clearing houses