အင်ဒိုနီးရှားတွင် မီးတောင်ပေါက်ကွဲမှုကြောင့် ဒေသခံ ၁၀,၀၀၀ ကျော်ကို ဘေးလွတ်ရာရွှေ့ပေးထားပြီး ဆူနာမီသတိပေးချက်လည်းထုတ်ထား 

အင်ဒိုနီးရှားတွင် မီးတောင်ပေါက်ကွဲမှုကြောင့် ဒေသခံ ၁၀,၀၀၀ ကျော်ကို ဘေးလွတ်ရာရွှေ့ပေးထားပြီး ဆူနာမီသတိပေးချက်လည်းထုတ်ထား 
Published 18 April 2024

အင်ဒိုနီးရှားနိုင်ငံ ၊ မြောက်ဆူလာဝေစီပြည်နယ်တွင်ရှိသည့်  ရူအန်မီးတောင် ငါးကြိမ်ပေါက်ကွဲခဲ့ပြီးနောက် ဧပြီ ၁၈ ရက်တွင် နီးစပ်ရာဒေသခံများကို အလျှင်အမြန်ဘေးလွတ်ရာ ရွှေ့ပြောင်းပေးလိုက်ရပြီး လေဆိပ်တစ်ခုကိုလည်း ၂၄ နာရီကြာပိတ်ခိုင်းထားကာ ဆူနာမီသတိပေးချက်ပါ ထုတ်ပြန်ထားသည်။

ဧပြီ ၁၇ ရက်တွင် အဆိုပါမီးတောင်ဝမှ ချော်ရည်ပူများထွက်လာပြီး လေးကြိမ်ပေါက်ကွဲပြီးသည့်နောက် အာဏာပိုင်များက အန္တရာယ်အဆင့်လေးဆင့်ရှိသည့်အနက် အမြင့်ဆုံးအဆင့်ကို တိုးမြှင့်သတ်မှတ်လိုက်သည်။ ဧပြီ  ၁၈ ရက်မနက်ပိုင်းအထိ မီးတောင်ဆက်လက် ပေါက်ကွဲနေသည့်အတွက် အနီးစပ်ဆုံးလေဆိပ်တစ်ခုကို ၂၄ နာရီကြာပိတ်ခိုင်းထားသည်။ 

ထို့ပြင် အနီးဒေသများမှ ဒေသခံ ၁၁,၀၀၀ ကို ဘေးလွတ်အောင် ကူညီပြောင်းရွှေ့ပေးခဲ့ရပြီး ကြောက်ကြောက်နှင့်ထွက်ပြေးသွားသူများလည်းရှိသည်ဟု အာဏာပိုင်များကပြောသည်။ မီးတောင်ပေါက်သည့်နေရာမှ အကွာအဝေးခြောက်ကီလိုမီတာအတွင်း နေထိုင်ခြင်းမပြုရန်လည်း တိုးရစ်ဧည့်သည်များနှင့် ဒေသခံများကို သတိပေးထားသည်။ 

ပိုအရေးကြီးသည့် သတိပေးမှုအဖြစ် ဆူနာမီသတိပေးချက်လည်းထုတ်ခဲ့သည်။ ၂၀၁၈ ခုနှစ်က ဂျာဗားကျွန်းနှင့် ဆူမားတြားကျွန်းကြားရှိ အန်းနတ်ကရာကာတောင် မီးတောင်ပေါက်ရာမှ မီးတောင်အပိုင်းအစများ  သမုဒ္ဒရာထဲပြုတ်ကျခဲ့သဖြင့် ဆူနာမီဖြစ်ပေါ်ကာ လူပေါင်း ၄၀၀ ကျော်သေဆုံးခဲ့ပြီး လူထောင်နှင့်ချီ ဒဏ်ရာရခဲ့သည်။

ကျွန်းစုနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားသည် ပစိဖိတ်မီးတောင်ရပ်ဝန်းတွင် တည်ရှိနေမှုကြောင့် မြေငလျင်လှုပ်ခတ်မှုနှင့် မီးတောင်ပေါက်မှုတို့ မကြာခဏကြုံရလေ့ရှိသည်။ 

Ref:AFP 

 

Most Read

Most Recent