Move Forward ပါတီအား ဖျက်သိမ်းပေးရန် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို ထိုင်းရွေးကောက်ပွဲကော်မရှင် တောင်းဆိုမည်

Move Forward ပါတီအား ဖျက်သိမ်းပေးရန် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို ထိုင်းရွေးကောက်ပွဲကော်မရှင် တောင်းဆိုမည်
၂၀၂၃ ခုနှစ် မေ ၁၅ ရက်က ဘန်ကောက်မြို့ရှိ ပါတီဌာနချုပ်တွင် မီဒီယာများနှင့် တွေ့ဆုံနေသည့် Move Forward ပါတီခေါင်းဆောင်ဟောင်း ပီတာလင်ဂျာရွန်ရတ်ကို တွေ့ရစဉ်(Photo: AFP)
၂၀၂၃ ခုနှစ် မေ ၁၅ ရက်က ဘန်ကောက်မြို့ရှိ ပါတီဌာနချုပ်တွင် မီဒီယာများနှင့် တွေ့ဆုံနေသည့် Move Forward ပါတီခေါင်းဆောင်ဟောင်း ပီတာလင်ဂျာရွန်ရတ်ကို တွေ့ရစဉ်(Photo: AFP)
Published 12 March 2024

ပြုပြင်ပြောင်းလဲရေးဝါဒီ Move Forward(ရှေ့သို့ချီ)ပါတီအား ဖျက်သိမ်းပေးရန် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို တောင်းဆိုမည်ဖြစ်ကြောင်း ထိုင်းရွေးကောက်ပွဲကော်မရှင်က မတ်လ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ်က ထိုင်းနိုင်ငံ၏ပြင်းထန်သောတော်ဝင်အသရေဖျက်မှုဥပဒေကို ပြင်ဆင်မည်ဟု ကတိပေးခြင်းအတွက် ၎င်းပါတီအားဖျက်သိမ်းရန် တညီတညွတ်တည်း သဘောတူညီခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

Move Forward ပါတီဟာ ဘုရင်ကို တိုင်းပြည်ရဲ့ဦးသျှောင်အဖြစ်ထားရှိတဲ့ ဒီမိုကရေစီစနစ်ကို ထိခိုက်ပျက်ပြားစေတဲ့ အထောက်အထားရှိနေတယ်”ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

Move Forward ပါတီသည် ထိုင်းနိုင်ငံ၏ ပြင်းထန်သော တော်ဝင်အသရေဖျက်မှုဥပဒေကို ပြင်ဆင်ကာ စစ်တပ်နှင့်စီးပွားရေး လက်ဝါးကြီးအုပ်မှုများကို ပြုပြင်ပြောင်းလဲမည်ဟူသောကတိဖြင့် ယမန်နှစ် မေလကပြု လုပ်သည့် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲအများဆုံး ရရှိခဲ့သည်။

သို့သော် ၎င်းတို့၏ ရဲတင်းသော ကြိုးပမ်းအားထုတ်မှုသည် ထိုင်းနိုင်ငံ၏ သြဇာရှိရှေးရိုးစွဲဝါဒီ အသိုင်းအဝိုင်းကို တုန်လှုပ်စေခဲ့ပြီးနောက် ၎င်းပါတီသည် အစိုးရဖွဲ့မည့်ညွန့်ပေါင်းအုပ်စုမှ ဖယ်ထုတ်ခံခဲ့ရသည်။

တော်ဝင်အသရေဖျက်မှု ဥပဒေကိုပြင်ဆင်မည့် Move Forward ပါတီ၏ ကတိပြုချက်သည် စည်းမျဉ်းခံဘုရင်စနစ်ကို ဖြုတ်ချရန် ကြိုးပမ်းသည့်သဘောသက်ရောက်သည်ဟု ယခုနှစ်အစောပိုင်းတွင် ထိုင်းဖွဲ့စည်းပုံခုံရုံးက ဆုံးဖြတ်ခဲ့သည်။

ဘုရင်မဟာဝဇီရာလောင်ကွန်းကို အသရေဖျက်မှု သို့မဟုတ် ဝေဖန်စော်ကားမှုများကို အကာအကွယ်ပေးထားသည့် ဥပဒေများအား ပြင်ဆင်မည့် ကြိုးပမ်းမှုမှန်သမျှကို ရပ်တန့်ရန် ဖွဲ့စည်းပုံခုံရုံးက ဇန်နဝါရီ ၃၁ ရက်တွင် အမိန့်ချခဲ့သည်။

တော်ဝင်အသရေဖျက်မှု ဥပဒေပြင်ဆင်မည့် အစီအစဉ်သည် ဘုရင်စနစ်ကို ထိုင်းနိုင်ငံမှ ဖယ်ထုတ်မည့် ရည်ရွယ်ချက်ကို ပြသနေပြီး ထိုင်းနိုင်ငံ၏ လုံခြုံရေးအတွက်အကြီးအကျယ် အန္တရာယ်ပေးနိုင်သည်ဟုလည်း ၎င်းခုံရုံးက ပြောကြားခဲ့သည်။

တိုးတက်ပြောင်းလဲရေးဝါဒီ Move Forward ပါတီသည် ဘုရင်နှင့် တော်ဝင်မိသားစုအား ဝေဖန်စော်ကားသူကို ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည့် တော်ဝင်အသရေဖျက်မှုဥပဒေပြင်ဆင်ရေးကို ၎င်းတို့၏ ပါတီလမ်းစဉ်တွင် ထည့်သွင်းထားသည်။

တော်ဝင်အသရေဖျက်မှု ဥပဒေသည် ထိုင်းလူ့အဖွဲ့အစည်းတွင် အလွန်ကြည်ညိုလေးစားခံပုဂ္ဂိုလ်ဖြစ်သည့် ဘုရင်ကို အကာအကွယ်ပေးရန် ရည်ရွယ်သည်။ သို့သော် ပြီးခဲ့သည့်နှစ်များအတွင်း ယင်းဥပဒေကို ကျယ် ကျယ်ပြန့်ပြန့် အဓိပ္ပာယ်ဖွင့်ဆိုကာ တော်ဝင်မိသားစုကို ဝေဖန်လှောင်ပြောင်ခြင်းမှ ကာကွယ်ရန် ကျင့်သုံးခဲ့သည်ဟု ဝေဖန်သူများက ဆိုသည်။

ထိုင်းနိုင်ငံတွင် တရားရေးအရကြားဝင် ဆောင်ရွက်မှုကြောင့် နိုင်ငံရေးပါတီများ အထိနာခဲ့သည့် အစဉ်အလာရှိနေပြီး Move Forward ပါတီ၏ ရှေ့ပြေးပါတီဖြစ်သော Future Forward (အနာဂတ်ရှေ့သို့ချီ) ပါတီသည်လည်း ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များအတွက် ၂၀၂၀ ခုနှစ်က ဖျက်သိမ်းခံခဲ့ရသည်။

Ref: AFP

 

Most Read

Most Recent