ပြည်တွင်းစစ်နှင့် လူမျိုးတုံးသတ်ဖြတ်မှုများ ဖြစ်လာနိုင်ကြောင်း ဟေတီနိုင်ငံ၏ သြဇာကြီးမားသည့် လူဆိုးဂိုဏ်းခေါင်းဆောင်က သတိပေး

ပြည်တွင်းစစ်နှင့် လူမျိုးတုံးသတ်ဖြတ်မှုများ ဖြစ်လာနိုင်ကြောင်း ဟေတီနိုင်ငံ၏ သြဇာကြီးမားသည့် လူဆိုးဂိုဏ်းခေါင်းဆောင်က သတိပေး
မတ် ၅ ရက်က ဟေတီနိုင်ငံ ပို့အူပရင့်စ်မြို့တော်တွင် လူဆိုးဂိုဏ်းခေါင်းဆောင် ချာရီဇီယာ (ဝဲ-ဒု) နှင့် ၄င်း၏နောက်လိုက်များကို တွေ့ရစဉ်(Photo:AFP)
မတ် ၅ ရက်က ဟေတီနိုင်ငံ ပို့အူပရင့်စ်မြို့တော်တွင် လူဆိုးဂိုဏ်းခေါင်းဆောင် ချာရီဇီယာ (ဝဲ-ဒု) နှင့် ၄င်း၏နောက်လိုက်များကို တွေ့ရစဉ်(Photo:AFP)
Published 6 March 2024

ဟေတီတွင် ဝန်ကြီးချုပ် အေရီယယ် ဟင်နရီအနေဖြင့် ရာထူးမှ မနုတ်ထွက်ပါက ပို့အူပရင့်စ်မြို့တော်တွင် ပြည်တွင်းစစ်နှင့် လူမျိုးတုံးသတ်ဖြတ်မှုများ ဖြစ်ပွားလာနိုင်ကြောင်း ဟေတီ၏ သြဇာကြီးမားသည့် လူဆိုး ဂိုဏ်းခေါင်းဆောင်တစ်ဦးက မတ် ၅ ရက်တွင် သတိပေးခဲ့သည်။

ဟေတီတွင် အဓိကလေဆိပ်တစ်ခု တိုက်ခိုက်ခံခဲ့ရပြီး အိမ်နီးချင်း ဒိုမီနီကန် သမ္မတနိုင်ငံကလည်း ပြည်ဝင်ခွင့် ငြင်းဆိုထားသည့် ဝန်ကြီးချုပ်ဟင်နရီသည် ဟေတီသို့ ပြန်လည် ဝင်ရောက်ရန် ရုန်းကန်နေရချိန်တွင် ဘာဘီ ကျူးဟု လူသိများသည့် လူဆိုးဂိုဏ်းခေါင်းဆောင် ဂျင်မီချာရီဇီယာ၏ မှတ်ချက်စကားများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်လအတွင်း ရာထူးမှ နုတ်ထွက်မည်ဟု ပြောကြားခဲ့သည်ဆိုသည့် ဟင်နရီသည် နိုင်ငံ၏ နယ်မြေဒေသအများစုကို ထိန်းချုပ်ထားသည့် လက်နက်ကိုင် ဒုစရိုက်ဂိုဏ်းများက ၎င်းအား ပစ်မှတ်ထားတိုက်ခိုက်မှုများကို စတင်ပြုလုပ်ခဲ့သည့် ပြီးခဲ့သည့်သီတင်းပတ်တွင် နိုင်ငံအတွင်းမှ ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။

“တကယ်လို့ အေရီယယ်ဟင်နရီ မနုတ်ထွက်ဘူးဆိုရင်၊ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း သူ့ကို ဆက်ပြီး ထောက်ခံနေဦးမယ်ဆိုရင် ကျွန်တော်တို့ဟာ လူမျိုးတုံးသတ်ဖြတ်မှုတွေ ဖြစ်ပွားလာနိုင်တဲ့ ပြည်တွင်းစစ်ကို ဆင်နွှဲသွားတော့မှာပါ”ဟု လူ့အခွင့်အရေးချိုးဖောက်မှုများဖြင့် ပိတ်ဆို့မှုများ ချမှတ်ခံထားရသည့် ဟေတီရဲအရာရှိဟောင်း ချာရီဇီယာက ပို့အူပရင့်စ်မြို့တော်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

“ဟေတီဟာ ကျွန်တော်တို့အတွက် သုခဘုံဖြစ်လာမလား ဒါမှမဟုတ် ငရဲဘုံဖြစ်လာ မလားဆိုတာ မသိပါဘူး။ ဒါဟာအလုပ်သမား လူတန်းစားတွေရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးနေတဲ့ ဟိုတယ်ကြီးတွေမှာ နေထိုင်တဲ့ ချမ်းသာတဲ့ အနည်းငယ်သော လူအုပ်စုတွေအတွက် မေးခွန်းတစ်ခုမဟုတ်ပါဘူး”ဟု အသက် ၄၆ နှစ်အရွယ် ချာရီဇီယာက ပြောကြားခဲ့သည်။

အကြမ်းဖက်မှုများ ပြည့်နေသည့် ကာရစ်ဘီယန် နိုင်ငံဖြစ်သည့် ဟေတီတွင် နောက်ဆုံးဖြစ်ပွားခဲ့သည့် အကျပ်အတည်းအတွင်း ပို့အူပရင့်စ်မြို့တော်ရှိ တော့စိန့် လူဗာတူရီ နိုင်ငံတကာလေဆိပ်တွင် ပစ်ခတ်မှုများ ကြောင့် လေကြောင်းလိုင်းအချို့ ဖျက်သိမ်းခဲ့ရသည်။

ဟင်နရီသည် အိမ်နီးချင်း ဒိုမီနီကန်နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ငြင်းပယ်ခံခဲ့ရသည်ဟု ဒိုမီနီကန် သတင်းအဖွဲ့ဖြစ်သည့် CDN က ထုတ်ပြန်ခဲ့သည်။

ပွာတိုရီကိုကျွန်းအနီးရှိ အုပ်ချုပ်ရေးမှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ရှီလာအန်ဂျလီရိုကမူ ဟင်နရီ၏ လေယာဉ်သည် ပွာတိုရီကိုတွင် ယာယီဆင်းသက်ခဲ့ပြီး သူသည် ပွာတိုရီကိုတွင် ရှိနေဆဲ ဟုတ်၊ မဟုတ်ကို မသိရကြောင်း  အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

ဟေတီတွင် သမ္မတ ဂျိုဗန်နယ်မွိုက်စ် လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီးနောက် ၂၀၂၁ ခုနှစ်တွင် အာဏာရလာခဲ့သည့် ဟင်နရီသည် ဖေဖော်ဝါရီလတွင် ရာထူးမှနုတ်ထွက်ရန် စီစဉ်ခဲ့သော်လည်း ရွေးကောက်ပွဲအသစ် မပြု လုပ်မီအချိန်အထိ အတိုက်အခံများနှင့် အာဏာမျှဝေ အုပ်ချုပ်သွားရန် သဘောတူညီမှုရရှိခဲ့သည်။

မတ် ၅ ရက်အစောပိုင်းကလည်း ပို့အူပရင့်စ်မြို့တော်ရှိ ရဲအရာရှိလောင်း ၈၀၀ ကျော်ရှိသည့် ရဲတပ်ဖွဲ့အကယ်ဒမီကို လက်နက်ကိုင်များက တိုက်ခိုက်ခဲ့သည်။  Ref:AFP

Most Read

Most Recent