ပါရီအိုလံပစ် လက်ရည်စစ်ပွဲတွင် အဆင့် (၂၂)နေရာ၌ ရပ်တည်နေသည့် မြန်မာကြက်တောင်မယ် သက်ထားသူဇာ ယှဉ်ပြိုင်ခွင့်ရရန် နီးစပ်နေ

ပါရီအိုလံပစ် လက်ရည်စစ်ပွဲတွင် အဆင့် (၂၂)နေရာ၌ ရပ်တည်နေသည့် မြန်မာကြက်တောင်မယ် သက်ထားသူဇာ ယှဉ်ပြိုင်ခွင့်ရရန် နီးစပ်နေ
Photo: BWF
Photo: BWF
Published 27 April 2024

 

မြန်မာကြက်တောင်အားကစားမယ် သက်ထား သူဇာသည် ၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲဝင်ခွင့်အတွက် အဆင့်သတ်မှတ်ချက်တွင် အဆင့် (၂၂)နေရာ၌ ရပ်တည်နေသဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရန် အခွင့်အရေးများနေကြောင်း သိရသည်။

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF) သည် ပါရီအိုလံပစ်ပြိုင်ပွဲအတွက် လက်ရည်စစ်ပွဲကာလကို ၂၀၂၃ ခုနှစ် မေ (၁)ရက်မှ ၂၀၂၄ ခုနှစ် ဧပြီ (၂၈)ရက်အထိ သတ်မှတ်ခဲ့ပြီး ယင်းကာလအတွင်းကျင်းပသည့် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မှုနှင့် အောင်မြင်မှုများရရှိမှုအပေါ် မူတည်၍ ရမှတ်တွက်ချက်ကာ အဆင့်သတ်မှတ်ခြင်းဖြစ်သည်။ 

BWF ၏ သတ်မှတ်ချက်အရ တစ်ဦးချင်း အမျိုးသား နှင့် အမျိုးသမီးပြိုင်ပွဲတွင် ကစားသမား (၃၈)ဦး ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ပြီး လက်ရည်စစ်ပွဲ အဆင့်သတ်မှတ်ချက်တွင် အဆင့် (၁)မှ (၁၆)အတွင်း ရပ်တည်နေသူများအနက် တစ်နိုင်ငံလျှင် အများဆုံးနှစ်ဦး ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သော်လည်း အဆင့် (၁၇)နောက်ပိုင်း ရပ်တည်သူများအနေဖြင့် တစ်နိုင်ငံလျှင် အများဆုံး တစ်ဦးသာ ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ ထို့ကြောင့် သက်ထားသူဇာအနေဖြင့် ရမှတ် (၃၂၆၃၀)ဖြင့် အဆင့် (၂၂)နေရာတွင် ရပ်တည်နေခြင်းဖြစ်သည်။ 

သက်ထားသူဇာသည် ယင်းကာလအတွင်း ပြိုင်ပွဲစုစုပေါင်း (၂၃)ခု ယှဉ်ပြိုင်ခဲ့ပြီး ချန်ပီယံဆု ရယူနိုင်ခြင်းမရှိသော်လည်း တတိယနှစ်ကြိမ်အပါအဝင် အဆင့်သတ်မှတ်ချက်မြင့်မားသည့် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သဖြင့် ရမှတ်များစွာ ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ သက်ထားသူဇာသည် မြန်မာကြက်တောင်အား ကစားသမားများတွင် ပထမဆုံး အိုလံပစ်ပြိုင်ပွဲ ယှဉ်ပြိုင် ခွင့်ရခဲ့သူဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် ပြန်လည်ကျင်းပသည့် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် လက်ရည်စစ်ပွဲအောင်မြင်ကာ ယှဉ်ပြိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။ 

သက်ထားသူဇာသည် တိုကျိုအိုလံပစ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိပြီးနောက် ၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်ခွင့်ရရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ အိုလံပစ်ပြိုင်ပွဲတွင် ဆက်တိုက်ယှဉ်ပြိုင်ခွင့်ရရန် အတွက် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က စီစဉ်ကျင်းပသည့် ပြိုင်ပွဲများတွင် စဉ်ဆက်မပြတ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အာရှဒေသတွင်း နိုင်ငံများအပြင် ဥရောပနိုင်ငံများအထိ သွားရောက်ကာ ပြိုင်ပွဲများယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ 

သက်ထားသူဇာသည် နှစ်စဉ် ဥရောပနိုင်ငံများသို့ တစ်လဝန်းကျင်သွားရောက်၍ ပြိုင်ပွဲများစွာ သွားရောက်ယှဉ်ပြိုင်ခဲ့သလို အာရှနိုင်ငံများတွင်ကျင်းပသည့် အဆင့်သတ်မှတ်ချက်မြင့်မားသည့် ပြိုင်ပွဲများတွင်လည်း ယှဉ်ပြိုင်ခဲ့သည်။ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်သည် ပါရီအိုလံပစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရမည့် ကစားသမားစာရင်းကို မေလအတွင်း ထုတ်ပြန်မည်ဖြစ်သည်။

Most Read

Most Recent