ထိုင်းနိုင်ငံ ဖိုးဖရစစ်ဆေးရေးဂိတ်တွင် စစ်ဆေးမခံဘဲ ထွက်ပြေးသည့်ယာဉ် တိမ်းမှောက်မှုဖြစ်ပွားပြီး တရားမဝင် ဝင်ရောက်လာသည့် ယာဉ်ပေါ်ပါ မြန်မာနိုင်ငံသား ၁၂ ဦး ဒဏ်ရာရရှိကြောင်း သိရ

ထိုင်းနိုင်ငံ ဖိုးဖရစစ်ဆေးရေးဂိတ်တွင် စစ်ဆေးမခံဘဲ ထွက်ပြေးသည့်ယာဉ် တိမ်းမှောက်မှုဖြစ်ပွားပြီး တရားမဝင် ဝင်ရောက်လာသည့် ယာဉ်ပေါ်ပါ မြန်မာနိုင်ငံသား ၁၂ ဦး ဒဏ်ရာရရှိကြောင်း သိရ
Published 8 May 2024

မြဝတီ-မဲဆောက်လမ်းမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများ စီးနင်းလိုက်ပါလာသော ပစ်ကပ်ကားသည် တာ့ခ်ပြည်နယ်၊ ဖိုးဖရာ့မြို့နယ်၊ ခီရီရတ်ကျေးရွာအနီးတွင် မေ ၇ ရက်နံနက်က တိမ်းမှောက်ခဲ့ခြင်းကြောင့် ယာဉ်ပေါ်ပါ မြန်မာနိုင်ငံသား ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသားများအား တင်ဆောင်လာသည့် အဆိုပါပစ်ကပ်ကားသည် မေ ၇ ရက် နံနက် ၈ နာရီခန့်က ဖိုးဖရမြို့နယ်၊ ခီရီရတ်ကျေးရွာအနီး မဲဆောက် - အုန်းဖန် ကားလမ်းပေါ်ရှိ စစ်ဆေးရေးဂိတ်တွင် ရပ်တန့်ပေးခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသည့်အတွက် တာဝန်ရှိသူများက လိုက်လံဖမ်းဆီးရာ ကီလိုမီတာ ၅၀၀ ခန့်အရောက်တွင် အဆိုပါပစ်ကပ်ကားမှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးကျတိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုယာဉ်တိမ်းမှောက်မှုမှာ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်သူများ၏ ငါးကြိမ် မြောက်ယာဉ်မတော်တဆမှုဖြစ်ကြောင်းနှင့် ယာဉ်တိမ်းမှောက်မှုကြောင့် ပစ်ကပ်ကားပေါ်၌ လိုက်ပါလာသည့် မြန်မာလုပ်သား ၁၂ ဦးစလုံး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသဖြင့် ဒေသခံလူမှုကယ်ဆယ်အဖွဲ့များမှ ဖိုးဖဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း အလျော်အစားကြီးသည့် တရားမဝင်လမ်းကြောင်းမှ မလာကြဘဲတရားဝင် Mou လမ်းကြောင်းကသာ လာကြဖို့တိုက်တွန်းလိုကြောင်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။

“အခု ၂၀၂၄ ခုနှစ်အတွင်းမှာ ကျွန်တော်တို့ JACBA အဖွဲမှတ်တမ်းအရ တရားမဝင် နယ်စပ်ဖြတ်ကျော်ရင်းနဲ့ မော်တော်ယာဉ်မတော်တဆမှု ငါးမှုရှိတယ်။ အဲထဲမှာ တရားမဝင်မြန်မာ ငါးဦးသေဆုံးပြီးတော့ ၅၉ ဦး ဒဏ်ရာရတယ်ဗျ။ အခုငါးခုမြောက်ဖြစ်စဉ်မှာ ဒဏ်ရာရရှိ မြန်မာ ၁၂ ဦးကို ဖုတ်ဖရဆေးရုံမှ ဒဏ်ရာပျောက်ကင်းတဲ့ထိဆေးကုသမယ်။ ဒဏ်ရာသက်သာရင် ထိုင်းလဝက ဥပဒေအရ အရေးယူမယ်။ တစ်ဆက်တည်းမှာ လူကုန်ကူးမှုရဲ့သားကောင်ဖြစ်တဲ့အတွက် ထိုင်းလူကုန်ကူးမှုဥပဒေအရ ထောင်ဒဏ် ၆ လကနေ တစ်နှစ်ဆိုတဲ့အရာကိုတော့ အပြစ်ပေးမလား မပေးဘူးလားဆိုတာတော့မသိသေးဘူး၊ ဘာလို့ဆိုတော့ ထိုင်းအကျဉ်းထောင်အသီးသီမှာ မြန်မာနိုင်ငံသားတွေနဲ့ ပြည့်နေလိုဗျ။ ဘယ်လိုပဲဖြစ်ဖြစ် စားဝတ်နေရေးကျပ်တည်းမှုတွေကြားမှာ ရာသီဥတုကလည်းပူ၊ အပေါ်ကပူ အောက်ကပူနဲ့ လူစင်စစ်က ဘိန်းမုန့်ပမာ ဖြစ်နေရတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဘဝကိုလည်း နားလည်ပါတယ်။ တရားမဝင် နယ်စပ်ဖြတ်ကျော်တယ်ဆိုတာက ယာဉ်မတော်တဆမှုတွေဖြစ်နိုင်တယ်။ ပွဲစားက နေစွန့်ပစ်လို့ အစာရေစာငတ်ပြတ်ပြီးတော့ လူခြုံရေးအဖွဲ့တွေတွေမှ စားရသောက်ရတာတွေရှိပါတယ်။ အသက်ဆုံးရှုံးတာ၊ ဒဏ်ရာရတာတွေရှိတယ်။ စွန့်စားခြင်းကြီးလွန်းပါတယ်၊ စိတ်မကောင်းစွာနဲ့ပြောရရင် တရားဝင် MoU စနစ်နဲ့လာကြပါ။ တရားဝင်စနစ်ကို ကိုင် ဆောင်ထားတဲ့သူတွေအနေနဲ့လည်း ဖြည်းဖြည်းချင်း ဖြေလျော့ပေးပါ၊ မေတ္တာရပ်ခံလိုပါတယ်” ဟု ဦးမိုးကြိုးက ပြောကြားသည်။

Most Read

Most Recent