မြန်မာတိုင်းရင်းသား လက်နက်ကိုင်အုပ်စုများနှင့် ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်တို့ တွေ့ဆုံခဲ့ခြင်းမှာ ကိုယ်ရေးကိုယ်တာအရဖြစ်ပြီး ထိုင်းအစိုးရ၏ မူဝါဒအစိတ်အပိုင်းမဟုတ်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောကြား

မြန်မာတိုင်းရင်းသား လက်နက်ကိုင်အုပ်စုများနှင့် ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်တို့ တွေ့ဆုံခဲ့ခြင်းမှာ ကိုယ်ရေးကိုယ်တာအရဖြစ်ပြီး ထိုင်းအစိုးရ၏ မူဝါဒအစိတ်အပိုင်းမဟုတ်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောကြား
Published 8 May 2024

မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများနှင့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာတို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်းမှာ ကိုယ်ရေးကိုယ်တာအရဖြစ်ပြီး အိမ်နီးချင်းမြန်မာနိုင်ငံအပေါ်ထားသည့် ထိုင်းအစိုးရ၏မူဝါဒ အစိတ်အပိုင်းမဟုတ်ဟု နိုင်ငံခြားရေးဝန်ကြီး မာရစ်ဆန်ဂိုင်ယာပွန်ဆာက မေ ၇ ရက်တွင် ပြောကြားသည်။

သက်ဆင်နှင့် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများ၏ ခေါင်းဆောင်များတွေ့ဆုံခဲ့သည်ဆိုခြင်းကို မစ္စတာမာရစ်က ငြင်းဆန်ခြင်းမပြုပေ။ ယင်းသည် မြန်မာအစိုးရအတွက် ပြည်တွင်းရေးကိစ္စဖြစ်ပြီး ထိုင်းအစိုးရ ပါဝင်ပတ်သက်ခြင်းမရှိဟု ၎င်းက ပြောကြားသည်။

"မြန်မာနိုင်ငံက တော်လှန်ရေးအုပ်စုတွေက သူ့(မစ္စတာသက်ဆင်)နဲ့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စမှာ ထိုင်းအစိုးရ ပါဝင်ပတ်သက်ခြင်းမရှိပါဘူး"ဟု ၎င်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံနှင့် နှစ်ဦးနှစ်ဘက်အပြန်အလှန်ဆက်ဆံမှုများမှလည်းကောင်း၊ အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ဆောင်ရွက်ခြင်းဖြင့်လည်းကောင်း မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ရင်ကြားစေ့ရေးတို့ကို ဗဟိုပြုထားသော ထိုင်း၏ နိုင်ငံခြားရေးမူဝါဒသည် အပြောင်းအလဲမရှိဟု မစ္စတာမာရစ်က ပြောကြားခဲ့သည်။

စစ်ပွဲ အချိန်ရှည်ကြာမည်ဆိုပါက ထိုင်နိုင်ငံကို တိုက်ရိုက်သက်ရောက်လိမ့်မည်ဟု ၎င်းကပြောကြားသည်။ ပဋိပက္ခပြီးဆုံးရန် ကြိုးပမ်းဆောင်ရွက်နေသည်ဟု မာရစ်က ပြောကြားခဲ့သည်ဆိုသော်လည်း အသေးစိတ် ပြောကြားခဲ့ခြင်း မရှိပေ။

သက်ဆင်သည် ပြီးခဲ့သည့်ရက်ပိုင်းက ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/ SSA) ၏ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည့်အပြင် မတ်လကလည်း ကချင်၊ ကရင်နှင့် ကရင်နီအဖွဲ့များအပြင် အန်ယူဂျီကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည်ဟု သက်ဆင်နှင့်နီးစပ်သော သတင်းအရင်းအမြစ်များကို ကိုးကားပြီး VOA မြန်မာက မေ ၆ ရက်တွင် ဖော်ပြခဲ့သည်။

တက်ခ်ပြည်နယ် မဲဆောက်ခရိုင် တစ်ဘက်ရှိ မြဝတီနယ်စပ်မြို့တွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုအဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားပြီးနောက် သက်ဆင်နှင့် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများ၏ခေါင်းဆောင်များ အလွတ်သဘော တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

Most Read

Most Recent