မုတ်သုံမလာမီ သတိထားရဦးမယ့် နေ့အပူချိန်

မုတ်သုံမလာမီ သတိထားရဦးမယ့် နေ့အပူချိန်
Published 19 May 2024
ဇော်မင်းနိုင်

မန္တလေးမြို့တွင် Heat Stroke ခံစားရသူတစ်ဦးကို မဏီစလ လူမှုကူညီရေးအဖွဲ့က အကူအညီပေးနေစဉ်  (ဓာတ်ပုံ -မဏီစလ လူမှုကူညီရေးအသင်း )

မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသို့ မုတ်သုံလေဝင်ရောက်မှုမှာ မေလကုန်ပိုင်း တွင် ဝင်ရောက်မည်ဟု ကြေညာထားသည်။

အနောက်တောင်မုတ်သုံလေသည် မေ ၂၁ ရက်မှ ၂၆ ရက်အတွင်း မြန်မာနိုင်ငံတောင် ပိုင်းဒေသများသို့လည်းကောင်း၊ မေ ၂၇ ရက် မှ ဇွန် ၂ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများသို့လည်းကောင်း အသီးသီးဝင်ရောက် နိုင်ကြောင်း၊ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ် နိုင်ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း၊ ယင်းကာလ အတွင်း အနောက်တောင်မုတ်သုံလေသည် အားအနည်းငယ်မှ အားအသင့်အတင့် ရှိနိုင် ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

လက်ရှိတွင်လည်း မြန်မာနိုင်ငံရှိနေရာ အချို့တွင် မိုးရွာသွန်းမှုများရှိနေသော်လည်း အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ များတွင်မူ အပူချိန်များမြင့်တက်လာသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် မေ ၁၆ ရက်တွင် တံတားဦး (လေကြောင်းမိုးလေဝသ)၊ စစ်ကိုင်း၊ ရွှေဘို၊ အောင်လံ၊ တောင်တွင်းကြီး၊ ကျောက်ဆည် (လွန်ကျော်)၊ ဟုမ္မလင်းနှင့် ဖျာပုံမြို့တို့တွင် တစ်ရက်တည်း၌ အမြင့်ဆုံးအပူချိန် စံချိန် သစ်များတင်ခဲ့သည်။

တံတားဦး (လေကြောင်းမိုးလေဝသ) တွင် နှစ်ပေါင်း ၃၀ နှစ်အတွင်း အမြင့်ဆုံးအပူ ချိန်စံချိန်ဟောင်း ၄၃ ဒသမ ၈ ဒီဂရီဆဲလ်စီး ယပ်မှ အမြင့်ဆုံးအပူချိန် စံချိန်သစ် ၄၅ ဒသမ ၃ ဒီဂရီဆဲလ်စီးယပ်အဖြစ်လည်းကောင်း၊ စစ်ကိုင်းမြို့တွင် နှစ်ပေါင်း ၅၉ နှစ်အတွင်း အမြင့်ဆုံးအပူချိန်စံချိန်ဟောင်း ၄၄ ဒီဂရီ ဆဲလ်စီးယပ်မှ အမြင့်ဆုံးအပူချိန် စံချိန်သစ် ၄၅ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်အဖြစ်လည်း ကောင်း၊ ရွှေဘိုမြို့တွင် နှစ်ပေါင်း ၆၀ အတွင်း အမြင့်ဆုံးအပူချိန်စံချိန်ဟောင်း ၄၄ ဒီဂရီ ဆဲလ်စီးယပ်မှ အမြင့်ဆုံးအပူချိန်စံချိန်သစ် ၄၅ ဒီဂရီဆဲလ်စီးယပ်အဖြစ်လည်းကောင်း၊ အောင်လံမြို့တွင် နှစ်ပေါင်း ၄၀ အတွင်း အမြင့်ဆုံးအပူချိန်စံချိန်ဟောင်း ၄၄ ဒသမ ၆ ဒီဂရီဆဲလ်စီးယပ်မှ အမြင့်ဆုံးအပူချိန် စံချိန်သစ် ၄၅ ဒီဂရီဆဲလ်စီးယပ်အဖြစ်လည်း ကောင်း အမြင့်ဆုံးအပူချိန်စံချိန်သစ်များ တင်ခဲ့ကြောင်း သိရသည်။

          အလားတူ တောင်တွင်းကြီးမြို့တွင် နှစ် ပေါင်း ၂၇ နှစ်အတွင်း အမြင့်ဆုံးအပူချိန်စံချိန် ဟောင်း ၄၄ ဒသမ ၆ ဒီဂရီဆဲလ်စီးယပ်မှ အမြင့်ဆုံးအပူချိန်စံချိန်သစ် ၄၅ ဒီဂရီဆဲလ် စီးယပ်အဖြစ်လည်းကောင်း၊ ကျောက်ဆည် (လွန်ကျော်) တွင် နှစ်ပေါင်း ၅၁ နှစ်အတွင်း အမြင့်ဆုံးအပူချိန် စံချိန်ဟောင်း ၄၃ ဒီဂရီ ဆဲလ်စီးယပ်မှ အမြင့်ဆုံးအပူချိန်စံချိန်သစ် ၄၄ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်အဖြစ်လည်း ကောင်း၊ ဟုမ္မလင်းမြို့တွင် နှစ်ပေါင်း ၅၉ နှစ် အတွင်း အမြင့်ဆုံးအပူချိန်စံချိန်ဟောင်း ၄၂ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်မှ အမြင့်ဆုံးအပူချိန် စံချိန်သစ် ၄၃ ဒီဂရီဆဲလ်စီးယပ်အဖြစ်လည်း ကောင်း၊ ဖျာပုံမြို့တွင် နှစ်ပေါင်း ၂၃ နှစ်အ တွင်း အမြင့်ဆုံးအပူချိန်စံချိန်ဟောင်း ၃၉ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်မှ အမြင့်ဆုံးအပူချိန် စံချိန်သစ် ၃၉ ဒသမ ၇ ဒီဂရီဆဲလ်စီးယပ်အဖြစ် လည်းကောင်း အသီးသီးစံချိန်သစ်တင်ခဲ့ ကြောင်း သိရသည်။

          မေ ၁၅ ရက်ကလည်း ကျောက်ဆည်မြို့ တွင် နှစ်ပေါင်း ၂၅ နှစ်အတွင်း အမြင့်ဆုံးအပူ ချိန်စံချိန်ဟောင်း ၄၃ ဒသမ ၂ ဒီဂရီဆဲလ် စီးယပ်မှ အမြင့်ဆုံးအပူချိန်စံချိန်သစ် ၄၃ ဒသမ ၃ ဒီဂရီဆဲလ်စီးယပ်အဖြစ်လည်း ကောင်း၊ ဟဲဟိုးမြို့တွင် နှစ်ပေါင်း ၄၅ နှစ်အ တွင်း အမြင့်ဆုံးအပူချိန်စံချိန်ဟောင်း ၃၇ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်မှ အမြင့်ဆုံးအပူချိန် စံချိန်သစ် ၃၇ ဒသမ ၈ ဒီဂရီဆဲလ်စီးယပ်အဖြစ် စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။

 

တစ်ကျော့ပြန်အပူချိန်နဲ့ Heat Stroke အန္တရာယ်

ယခုနှစ် နွေရာသီတွင် မြန်မာနိုင်ငံအပါ အဝင် အရှေ့တောင်အာရှနိုင်ငံများတွင် စံချိန် တင်အပူမြင့်တက်မှုများ ကြုံတွေ့နေရသည်ဟု ဆိုရမည်ဖြစ်သည်။

          အရှေ့တောင်အာရှ ဒေသအနှံ့  သမိုင်း တွင်စေသည့် အပူလှိုင်း ကျရောက်နေသည် ဟု ရာသီဥတုပညာရှင်နှင့် မိုးလေဝသ သမိုင်း ပညာရှင်ဖြစ်သည့် မက်စီမီလီယာနို ဟာရဲရား က ပြောကြားခဲ့သည်။

          ထို့ပြင် အရှေ့တောင်အာရှတွင် ဧပြီလ အစောပိုင်းက အပူချိန်သည် မကြုံစဖူးအခြေ အနေအဖြစ် ယခုသီတင်းပတ်တွင် မှတ်တမ်း တင်နိုင်ခဲ့ကြောင်း၊  မြန်မာနိုင်ငံအလယ်ပိုင်း မင်းဘူးမြို့တွင် အပူချိန်သည် ၄၄ ဒီဂရီ ဆဲလ် စီးယပ်စ်အထိရှိမှုအပါအဝင် အရှေ့တောင် အာရှ၏ ရာသီဥတုသမိုင်းတွင် ယခုလအ တွင်း ထိုကဲ့သို့ မြင့်မားသည့်အပူချိန်များသည် စောစီးစွာ ရောက်ရှိခဲ့ကြောင်း ၎င်းက X လူမှု မီဒီယာတွင် ထပ်မံရေးသားခဲ့သည်။

          ထိုင်းနိုင်ငံ၏ ဟတ်ယိုင်မြို့တွင် အပူချိန် သည် ၄၀ ဒသမ ၂ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ ရောက်ရှိခဲ့ပြီး ယင်းသည် ထိုမြို့သမိုင်းတွင် အပူဆုံးစံချိန်ဖြစ်ကာ ဗီယက်နမ်အနောက် မြောက်ဘက် ယန်ချူမြို့တွင် အပူချိန်သည် ၄၀ ဒသမ ၆ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ မကြုံ စဖူး မြင့်တက်ခဲ့သည်။

          ဖိလစ်ပိုင်တွင် ပြင်းထန်သည့် အပူချိန် ကြောင့် ထောင်နှင့်ချီသည့် စာသင်ကျောင်း များကို ပိတ်ထားရကာ အင်ဒိုနီးရှားတွင်လည်း ခြောက်သွေ့သည့် ရာသီဥတုကြောင့် ဆန် စျေးများ မြင့်တက်ခဲ့သည်။

          ထိုင်းနိုင်ငံပိုင် ရေပြင်များအတွင်း အပူ ချိန်အလွန်မြင့်တက်နေသဖြင့် သန္တာကျောက် များ ပျက်စီးမည့်အရေးကို သိပ္ပံပညာရှင်များ က စိုးရိမ်လျက်ရှိသည်။

          အရှေ့တောင်အာရှဒေသတွင် ၃၀ ဒီဂရီဆဲလ်စီးယပ်စ်နှင့်အထက်ရှိသည့် အပူချိန် များ မြင့်တက်ခဲ့သည့် ဖေဖော်ဝါရီလကလည်း ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO)  က ထိုဒေသ သည် ဆိုးရွားသည့် အပူချိန်နှင့် ကြုံတွေ့ခဲ့ရ ကြောင်း ပြောကြားခဲ့သည်။

          လက်ရှိဖြစ်ပွားနေသည့် အယ်နီညိုရာသီ ဥတုဖြစ်စဉ်အပြင် လူသားများကြောင့် ထိခိုက် ခဲ့ရသည့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု များကြောင့် အရှေ့တောင်အာရှတွင် ပိုမိုပူ ပြင်းခြောက်သွေ့လာခြင်း ဖြစ်သည်ဟု ကျွမ်း ကျင်သူများက ပြောကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ ကြိုတင်ပြင်ဆင် မှုတွေ မလုပ်ခဲ့ပါဘူး။ ကမ္ဘာပေါ်မှာ ဒီလိုမျိုး အပူချိန်တွေကို ခံနိုင်တဲ့နေရာ မရှိသလောက် ရှားပါတယ်”ဟု မိုးလေဝသပညာရှင်တစ်ဦး ဖြစ်သူ ဘင်ဂျမင်ဟော်တန်က ပြောကြား သည်။

          ပြီးခဲ့သည့် သီတင်းပတ်ကလည်း ကမ္ဘာ့ ကြက်ခြေနီအဖွဲ့နှင့် အမေရိကန်၏ နိုင်ငံတ ကာ ဖွံ့ဖြိုးတိုး တက်ရေးအေဂျင်စီ - USAID တို့ ကမူ အလွန်အမင်း ဆိုးရွားပြင်းထန်သည့် အပူချိန်များကို “အသံတိတ် လူသတ်သမား”ဟု အွန်လိုင်းမှပြုလုပ်သည့် အစည်းအဝေး တစ်ခုတွင် သုံးနှုန်းဖော်ပြခဲ့သည်။

“ကမ္ဘာတစ်ဝန်းမှာ အလွန်အမင်းဆိုး ရွားပြင်းထန်တဲ့ အပူချိန်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတွေနဲ့ လူ့အဖွဲ့အစည်းတွေကို ကြိုတင် ပြင်ဆင်မှုတွေရှိစေဖို့အတွက် ခိုင်မာတဲ့ အစီ အစဉ်တွေ လုပ်ဆောင်ပေးကြဖို့  အစိုးရတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ လူငယ်တွေနဲ့ စီးပွား ရေးအဖွဲ့အစည်းတွေအားလုံးကို ကျွန်တော် တို့ တိုက်တွန်းပါတယ်”ဟု နိုင်ငံတကာ ကြက် ခြေနီနှင့် လခြမ်းနီ အဖွဲ့ချုပ်၏ အတွင်းရေးမှူး ချုပ် ဂျာဂန် ချာပါဂါအင်က ပြောကြားခဲ့သည်။

ဧပြီလပိုင်းအတွင်းမှာပင် ရန်ကုန်မြို့၌ အပူချိန်မြင့်တက်မှုကြောင့် လူအချို့လဲကျမူး လဲခဲ့သည့်ဖြစ်စဉ်များနှင့်အတူ အသက်ဆုံးရှုံး ခြင်းများရှိခဲ့သည်။

          ဧပြီ ၃ ရက်နှင့် ၄ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် အလုံမြို့နယ်တို့တွင် နေ့အပူချိန်ပြင်းထန်သ ဖြင့် လူနှစ်ဦးလဲကျခဲ့သဖြင့် လူမှုကူညီရေး အသင်းများက ကူညီပေးခဲ့ရသည်။

          ဧပြီ ၄ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်တွင် နေ့လယ်ပိုင်းက အပူဒဏ် ကြောင့် သတိလစ်နေသူတစ်ဦးကို အလုံမြို့ နယ်ကြက်ခြေနီအသင်းက ရှေးဦးလူနာပြုစုပြီး ရန်ကုန်အနောက်ပိုင်းဆေးရုံသို့ ပို့ဆောင် ခဲ့ကြောင်း၊ ယင်းနောက် ရန်ကုန်ပြည်သူ့ဆေး ရုံကြီးသို့  ကြက်ခြေနီလူနာတင်ယာဉ်ဖြင့်  ပို့ ဆောင်ကူညီခဲ့ကြောင်း အလုံမြို့နယ် ကြက် ခြေနီအဖွဲ့က ထုတ်ပြန်သည်။

          ပြီးခဲ့သည့် ဧပြီ ၃ ရက်ကလည်း နေ့အပူ ချိန်ပြင်းသဖြင့် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ် ဘူတာကြီးဘေး ကားမှတ်တိုင်တွင် အမျိုးသားတစ်ဦး မူးလဲကျသဖြင့် လင်းလက် လူမှုကူညီရေးအသင်းမှရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

          အလားတူမန္တလေးမြို့တွင်လည်း ဧပြီလ ပိုင်းက အပူချိန်မြင့်တက်မှုကြောင့်လူသေဆုံး မှုများလည်းရှိခဲ့ပြီး မေလဆန်းပိုင်းတွင် အပူ ချိန်ပြန်လည်လျော့ကျမှုကြောင့် Heat Stroke လူနာများ ပြန်လည်လျော့ကျလာခဲ့သည်။

          သို့သော် မေ ၁၀ ရက်နောက်ပိုင်းတွင် Heat Stroke ခံစားရသူများ ပြန်လည်မြင့် တက်လာခဲ့သည်ဟု မန္တလေးမြို့အခြေစိုက် ပရဟိတအသင်းများထံမှ သိရသည်။

          “မေ ၁၈ ရက် နံနက်ပိုင်းမှာကတည်းက Heat Stroke လူနာသုံးယောက်ကို  ကုသပေး လိုက်ရတယ်။ ဒါတောင် မနက်ပိုင်းပဲ ရှိသေး တယ်။ အခုဒီရက်ပိုင်းမှာ Heat Stroke ဖြစ် တဲ့သူ ပိုများလာတယ်” ဟု မဏီစလ လူမှုကူ ညီရေးအသင်းဥက္ကဋ္ဌက ပြောကြားသည်။

          မေ ၁၆ ရက်တွင်လည်း လူသုံးဦးမှာ Heat Stroke ခံစားခဲ့ရပြီး လူလတ်ပိုင်းများ လည်းပါဝင်သည်ဟု ၎င်းင်းကဆက်လက်ပြော ကြားသည်။

          “မနေ့ကဆိုရင်လည်း သုံးယောက်ပဲ။ လူလတ်ပိုင်းတွေလည်းပါတယ်။ နေပူမှာ ကုန်ထမ်းရတဲ့သူလည်းပါတယ်” ဟု မဏီစလ လူမှုကူညီရေးအသင်းဥက္ကဋ္ဌက ပြောကြား သည်။

          ၁၉၈၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ မြို့ ပေါင်း ၃၇ မြို့၏ နှစ်အလိုက်အပူဆုံးနေ့များ ၏ ပြောင်းလဲမှုအလားအလာကို လေ့လာ တွက်ချက်မှုများအရ မြို့ပေါင်း ၃၂ မြို့တွင် ဆယ်စုနှစ်အလိုက် အပူဆုံးနေ့များ ပိုတိုးလာ နေသည်ကို တွေ့ရကြောင်း၊ အညာဒေသများ တွင် ဆယ်စုနှစ်အလိုက် နေ့အပူချိန်မြင့်တက် လာသည်ကိုသိသာထင်ရှားစွာ တွေ့ရကြောင်း သိရသည်။

 

အပူချိန်မြင့်တက်မှုကြောင့် သတိထားရမယ့် ကျန်းမာရေးသတိပေးချက်

          အပူချိန်မြင့်တက်လာမှုကြောင့် နောက် ဆက်တွဲသတိထားရမည့် ပြဿနာမှာ ကျန်း မာရေးဆိုင်ရာပြဿနာများပင်ဖြစ်သည်။

ပတ်ဝန်းကျင်အပူချိန် မြင့်တက်လာခြင်း နှင့်အတူ အထူးဂရုပြုရမည့် ကျန်းမာရေးအန္တ ရာယ် တစ်ရပ်မှာ အပူလျှပ်ခြင်း (heat stroke) ဖြစ်သည်။

ယင်းသည် အပူကြောင့်ဖြစ်သော ထိခိုက် မှုများထဲတွင် အဆိုးဆုံးဖြစ်သည်။ လူတစ်ဦး၏ ကိုယ်ခန္ဓာအပူချိန် ၁၀၄ ဒီဂရီဖာရင်ဟိုက် (၄၀ ဒီဂရီ စင်တီဂရိတ်) နှင့်အထက်တွင် ဖြစ်ပွား တတ်သည်။ အရေးပေါ် ကုသမှုခံယူရန် လို အပ်သည့် အခြေအနေမျိုးဖြစ်ပြီး အချိန်မီ မကု သနိုင်ပါက ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်နှင့် ကြွက်သားများကို ထိခိုက်ပျက်စီးသွားစေနိုင် ပြီး ကုသမှုခံယူရန် နှောင့်နှေးလေလေ ထိခိုက် ပျက်စီးခံရနိုင်ခြေ မျာလေလေဖြစ်ကာ အသက်ဆုံးရှုံးနိုင်သည်အထိ အန္တရာယ်ရှိ သည်။

          အပူလျှပ်ခြင်း ဖြစ်ပွားရသည့် အကြောင်း ရင်းများမှာ အပူလွန်ကဲသော ပတ်ဝန်းကျင် နှင့် ထိတွေ့ခြင်း၊ ပြင်းထန်စွာအလုပ်လုပ်ခြင်း၊ အဝတ်အစားများ ထူထဲစွာ ဝတ်ဆင်ခြင်း၊ အ ရက်သောက်ခြင်း၊ ဆုံးရှုံးသွားသော ရေဓာတ် များကို ပြန်လည်မဖြည့်ခြင်း အစရှိသည်တို့ ဖြစ်သည်။

          မည်သူမဆို အပူလျှပ်ခြင်း  ဖြစ်နိုင်သော် လည်း ဖြစ်နိုင်ခြေ ပို၍မြင့်မားစေသော အ ချက်များမှာ အသက်အရွယ် အပူဒဏ်ခံနိုင် စွမ်းသည် ဗဟိုအာရုံကြောစနစ်အပေါ်မူ တည်ပြီး ငယ်ရွယ်လွန်းပါက အာရုံကြောစနစ် ကောင်းစွာ မဖွံ့ဖြိုးသေးသကဲ့သို့ အသက် ၆၅ နှစ်အထက်တွင်လည်း အာရုံကြောစနစ်ယို ယွင်းပျက်စီးလာနိုင်ကြောင်း၊ ကလေးများနှင့် သက်ကြီးရွယ်အိုများသည် အပူချိန်ပြောင်းလဲ မှုဒဏ်ကို ခံနိုင်ရည်နည်းပါးကြောင်း သိရ သည်။

          ထို့ပြင် ပူပြင်းသော ရာသီဥတု၌ ပြင်း ထန်စွာလှုပ်ရှားခြင်း ဥပမာ ပူပြင်းသောရာ သီဥတုမှာ ပြင်းထန်သော လေ့ကျင့်ခန်းနှင့် ဘောလုံးကဲ့သို့သော အားကစားများ၌ ပါဝင် ခြင်းတို့ဖြစ်ကြောင်း၊ ရုတ်တရက် ပူပြင်းသော ရာသီဥတုနှင့် တွေ့ထိခြင်း၊ အဲကွန်းမရှိခြင်း (ပန်ကာကြောင့် အပူဒဏ် သက်သာနိုင်သော် လည်း တစ်လျှောက်လုံး ပူပြင်းသော ရာသီဖြစ် ပါက အဲကွန်းသည်သာ အပူကို အထိရောက် ဆုံး လျှော့ချပေးနိုင်သည်)၊ ဆေးဝါးများ (အချို့ သောဆေးဝါးများက ခန္ဓာကိုယ်၏ ရေ ဓာတ်ထိန်းသိမ်းမှုနှင့် အပူကို တုံ့ပြန်မှုအား ထိခိုက်စေနိုင်သည်။ ရာသီဥတု ပူပြင်းပါက သွေးကြောကျဉ်းစေသော ဆေးများ၊ သွေးကျ ဆေးများ၊ ဆီးဆေးများနှင့် စိတ်ကျရောဂါ အတွက် သုံးသောဆေးများကို သတိထားသုံး စွဲသင့်သည်) အစရှိသည်တို့ ဖြစ်သည်။ ၎င်းင်း အပြင် အဝလွန်သူများ၊ ယခင်က အပူလျှပ် ခြင်း ဖြစ်ဖူးသူများနှင့် နာတာရှည်ရောဂါများ ဖြစ်သည့် နှလုံး (သို့မဟုတ်) အဆုတ်ရောဂါ ခံစားနေရသူများမှာ အပူလျှပ်ခြင်း ဖြစ်နိုင်ခြေ ပိုများကြောင်း သိရသည်။

          အပူလျှပ်ခြင်း၏ ရောဂါလက္ခဏာများ မှာ ကိုယ်ပူချိန်တက်ခြင်း (ကိုယ်အပူချိန် ၁၀၄ ဒီဂရီဖာရင်ဟိုက် သို့မဟုတ် ၄၀ ဒီဂရီစင်တီ ဂရိတ်နှင့်အထက်သည် အပူလျှပ်ခြင်း၏ အဓိကလက္ခဏာဖြစ်သည်)။ စိတ်အခြေအ နေ ပြောင်းလဲခြင်း  (စိတ်ရှုပ်ထွေးခြင်း၊  စကား မပီခြင်း၊ စိတ်ဆိုးလွယ်ခြင်း၊ ကယောင်ကတမ်း ဖြစ်ခြင်း၊ တက်ခြင်းနှင့် သတိလစ်ခြင်းများ ဖြစ် ပွားနိုင်သည်)။ ချွေးထွက်မှုပုံစံပြောင်းခြင်း (ရာသီဥတုပူ၍ ဖြစ်ပွားသော အပူလျှပ်ခြင်း၌ အရေပြားသည် ပူ၍ခြောက်သွေ့နေတတ်ပြီး လေ့ကျင့်ခန်းကြောင့် ဖြစ်ပွားပါက အရေပြား သည် စိုစွတ်နေတတ်သည်)။ ပျို့ခြင်းနှင့်  အော့အန်ခြင်း၊ အရေပြား နီမြန်းလာခြင်း၊ အသက်ရှူမြန်ခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်းနှင့် ခေါင်းကိုက်ခြင်းတို့ ဖြစ်ကြောင်း သိရသည်။

          ယင်းသို့ အပူလျှပ်ခြင်း ဖြစ်ပွားသူအား နေအိမ်၌ကုသ၍ မလုံလောက်နိုင်ကြောင်း၊  ရောဂါလက္ခဏာများပြားပါက အရေးပေါ်ဆေး ကုသမှုခံယူရမည်ဖြစ်ကြောင်း သိရသည်။

          ယင်းသို့ ဆေးရုံ၊ ဆေးခန်းသို့ မရောက်မီ အပူလွန်ကဲသူအား အေးသွားစေရန် အရိပ်ထဲ သို့မဟုတ် အဲကွန်းရှိသောနေရာ သို့မဟုတ် အိမ်ထဲသို့ ချက်ချင်းခေါ်လာရမည် ဖြစ် ကြောင်း၊ ရေအေးဖြင့် ရေချိုးပေးခြင်း သို့မ ဟုတ်  ရေပတ်တိုက်ပေးခြင်းများ ပြုလုပ်ရမည် ဖြစ်ကြောင်း၊ ရေငွေ့ပန်ကာဖြင့် အအေးပေး ခြင်း၊ ရေခဲကပ်ခြင်း၊ ဦးခေါင်း၊ လည်ပင်း၊ ချိုင်း၊ ပေါင်ခြံတို့ကို ရေစိုဝတ်ဖြင့် အုပ်ပေးခြင်းတို့ ပြုလုပ်ပေးနိုင်ကြောင်း၊ ရေဓာတ်ပြန်လည် ဖြည့်တင်းရန် ရေများများသောက်ရမည်ဖြစ် ကြောင်း၊ ချွေးထွက်များပါက ဆားဓာတ်ဆုံးရှုံး နိုင်သဖြင့် ဓာတ်ဆားသောက်သုံးရမည်ဖြစ် ကြောင်း သိရသည်။

          အပူလျှပ်ခြင်းကဲ့သို့ ရှောင်လွှဲမရနိုင် သည့့် အခြားကျန်းမာရေးတစ်ခုမှာ နေရောင် ခြည်ကြောင့် အရေပြားထိခိုက်မှုများဖြစ်သည်။

          ပုံမှန်အခြေအနေများတွင် နေရောင်ခြည် မှထွက်ပေါ်လာသည့် ခရမ်းလွန်ရောင်ခြည် ကို  လေထုထဲမှ အိုဇုန်းလွှာက ကာကွယ်ပေး ထားခြင်းဖြစ်သည်။

          သို့သော် သက်ရင့်ရုပ်ကြွင်း (ရေနံ၊ ကျောက်မီးသွေး) အလွန်အကျွံသုံးစွဲခြင်း၊ တောမီးလောင်ခြင်း၊ လူသားတို့ ကလိုရိုဖလူရို ကာဗွန်များဖြစ်သည့် အဲကွန်း၊ ရေခဲသေတ္တာ ဓာတ်ငွေ့ဖြည့်ခြင်း၊ ဖျက်မင်၊ လက်သည်းချွတ် ဆေး၊ ရင်ကျပ်ရှူဆေးတို့ အမြောက်အမြား သုံးစွဲလာကာ လေထုထဲက အိုဇုန်းလွှာပေါက်ပြဲ လာပြီး ခရမ်းလွန်ရောင်ခြည် ကမ္ဘာမြေကိုကျ ရောက်စေသည်။

          ခရမ်းလွန်ရောင်ခြည်မှာ ညပိုင်းများတွင်  သုညဖြစ်သော်လည်း ပူပြင်းသည့် နေ့အချိန် တွင်မူ ၁၀ မှ ၁၄ ကြား ရှိနိုင်ကြောင်း သိရသည်။

          ယင်းကြောင့် ခရမ်းလွန်ရောင်ခြည်မြင့် မားသည့် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ အ တွင်း နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်း ရှောင်ကြဉ်သင့်ကြောင်း၊ မဖြစ်မနေ အပြင် ထွက်ရမည်ဆိုပါက ထီး၊ ဦးထုပ်ဆောင်းသင့် ကြောင်း၊ နေရောင်ခံခရင်မ် လိမ်းသင့်ကြောင်း၊ ခရမ်းလွန်ရောင်ခြည်သည် မျက်စိကို တိမ်စွဲ ခြင်းဖြစ်စေကာ အမြင်အာရုံ ထိခိုက်စေနိုင် သဖြင့် ခရမ်းလွန်ရောင်ခြည် ၉၉ ရာခိုင်နှုန်း ကာကွယ်ပေးသည့် နေကာမျက်မှန်များ တပ် သင့်ကြောင်း ဆရာဝန်များက အကြံပြုပြော ကြားထားသည်။

          မုတ်သုံမလာမီတွင် နေ့အပူချိန်မြင့်တက် မှုများ ရက်ပိုင်းအတွင်းရှိနေမည်ဖြစ်သဖြင့် အပူချိန်မြင့်တက်မှုကြောင့်ဖြစ်ပွားလာမည့် ရောဂါများကိုလည်း ဂရုပြုသတိထားရမည်ဖြစ် ကြောင်း ဆရာဝန်များ၏ ပြောကြားချက်များ အရ သိရသည်။