ညောင်ရွှေနယ်မှ ထူးခြားဆန်းပြားနေရာများနှင့် ဓလေ့ရိုးရာများ

ညောင်ရွှေနယ်မှ ထူးခြားဆန်းပြားနေရာများနှင့် ဓလေ့ရိုးရာများ
သီရိဓမ္မာသောကမင်းကြီး တည်ထားကိုးကွယ်ခဲ့သော ပေါရိသတ် ဓာတ်တော်မွေတော်ဘုရား (ဓာတ်ပုံ-စည်သာ)
သီရိဓမ္မာသောကမင်းကြီး တည်ထားကိုးကွယ်ခဲ့သော ပေါရိသတ် ဓာတ်တော်မွေတော်ဘုရား (ဓာတ်ပုံ-စည်သာ)
Published 19 May 2024
စည်သာ (တောင်ကြီး)

          ညောင်ရွှေနယ်သည် ရှမ်းပြည်နယ် တောင်ပိုင်းတွင် ထင်ရှားကျော်ကြားပြီး သာ ယာလှပသော ခရီးသွားမြို့တော်လည်းဖြစ် သည်။ ညောင်ရွှေနယ်တွင် ထူးခြားဆန်းပြား သော နေရာများနှင့် ဓလေ့ရိုးရာများလည်း ရှိကြသည်။

          ညောင်ရွှေနယ်၏ ထူးခြားဆန်းပြားနေ ရာများနှင့် ဓလေ့ရိုးရာများအကြောင်းကို လေ့ လာမိသမျှ တင်ပြသွားပါမည်။

          ညောင်ရွှေနယ်သည် ရှမ်းပြည်တောင် ပိုင်းတွင် ထူးခြားသောမြို့နယ်တစ်ခုဖြစ် သည်။ ညောင်ရွှေမြို့နယ်တွင် သဘာဝလိုဏ် ဂူ၊  သဘာဝရေတံခွန်၊ တောနှင့် တောင်တန်း များ၊ ကြီးမားသော အင်းအိုင်တို့ မြို့နယ်တွင်း တည်ရှိနေသည်မှာ ထူးခြားပါသည်။ (အခြား ဒေသများ ထိုမျှလောက် မစုံလင်ပါ)။

          ညောင်ရွှေနယ်တွင်ရှိသော အဆိုပါနေ ရာများမှာ ထပ်အိမ်ဂူ သဘာဝလိုဏ်ဂူ၊ အင်း လေး ရေတံခွန်နှင့် စမ်းချောင်း၊ လက်မောင်း ကွေးတောင်တန်းအပါအဝင် တောင်ပေါ် ဘုရားများတည်ရှိရာ တောင်တန်းများ၊ အင်း လေးကန်တို့ ဖြစ်ကြသည်။

          ညောင်ရွှေနယ်တွင် တည်ရှိသော ထူး ခြားသော နေရာဒေသများကို ဆက်လက် တင်ပြပါမည်။

မီးငြိမ်းတောင်ခြေမှ ထွက်လာသော ရေပူကန်

          အင်းလေးကန် အနောက်ဘက်ကမ်းတွင် ပွက်ပွက်ဆူနေသော ရေပူများထွက်ရှိသော ဒေသတစ်ခု တည်ရှိသည်ဟုကြားလျှင် အံ့သြ ကြပေလိမ့်မည်။ ထိုရေပူကန်တွင် ထွက်ရှိ သောရေများမှာ ပွက်ပွက်ဆူနေသော ရေများ တောင်ခြေမှ စီးထွက်လာခြင်းဖြစ်ကာ တစ် ဖက်တွင် ရေပူကန်များတည်ဆောက်၍ အများပြည်သူ ရေချိုးခန်းတည်ဆောက်ပေး ထားခြင်းဖြစ်သည်။

          အင်းလေးကန်အနောက်ဘက်ခြမ်းရှိ ခေါင်တိုင်ရွာအနီး ရေပူရွာတွင် သဘာဝအ တိုင်း တည်ဆောက်ပေးထားသော အများပြည် သူရေချိုးခန်း တည်ရှိသည်။ မည်သူမဆို လွတ် လပ်စွာ ဝင်ရောက်ရေချိုးနိုင်သဖြင့် လမ်းဘေး တွင် အကာအရံများကိုပင် လုပ်မထားဘဲ လွတ် လပ်စွာ ဖွင့်ထားပေးခြင်းဖြစ်သည်။ ထိုရေပူ ကန်၏အကျော်ဘေးနားတွင် အခကြေးငွေ ဖြင့်ချိုးရသော ရေပူရေချိုးခန်းများလည်း ရှိပါသေးသည်။

          ထိုရေပူများသည် လမ်းအနောက်ဘက်၌ ရှိသော မီးငြိမ်းတောင်မှ ထွက်ရှိသော ရေပူ များဖြစ်ကြောင်း လိုက်လံပို့ဆောင်ပေးသော ဒေသခံလမ်းပြက ပြောပြသည်။ မီးငြိမ်းတောင် ခြေမှ စိမ့်စမ်းရေထွက်ပမာ ရေပူများစီးထွက် လာကာ လမ်းတစ်ဖက်တစ်ချက်တွင် ရေထွက် ကန်များ စုဆောင်း၍ ရေမြောင်းသွယ်၍ ရေ ချိုးကန်အတွင်း ရေလှောင်ပေးထားသည်ကို လည်း လေ့လာခဲ့ရသည်။

          ကျွန်တော်လည်း အစက နေပူလို့ရေပူ တယ်ထင်ပြီး ကိုင်ကြည့်ရာ လွန်စွာပူနေသည် ကို တွေ့ရသည်။

          ထိုရေပိုက်မှ ခေါင်းကို ဖွင့်ချလိုက်ရာ လက် အပူလောင်မတတ် ရေပူများ ပန်းထွက်လာ သည်ကို တွေ့ရသည်။ တောင်ခြေမှကျလာ သော ရေပူရေထွက်ကန်ငယ်ကို သွားရောက် လေ့လာရာ ရေပွက်ပွက်ဆူနေပြီး အခိုးအငွေ့ များ မှိုင်းထနေသည်ကိုလည်း တွေ့ရသည်။

          အဆိုပါရေပူများတွင် ဆာလဖာနံ့လိုလို အနံ့များလည်း ရနေသည်ကို ခံစားမိသည်။ ရေပူရခြင်းမှာ တောင်ခြေတွင်ရှိသော ကန့် ဓာတ်ကြောင့် ရေပူရခြင်းဖြစ်မည်ဟု ကျွန် တော် ယူဆပါသည်။ ထိုရေပူများရှိရာ ကန် ငယ်တွင် မြေပဲများ ပြောင်းဖူးများ ထည့်ပြုတ်၍ တောင်သူများ စျေးသွားရောင်းကြကြောင်း၊ ရေညစ်ညမ်းမှု မရှိကြောင်း ဒေသခံလမ်းပြက ဆိုသည်။ မီးငြိမ်းတောင်ပေါ်ကိုလည်း တက် ရောက်လေ့လာခဲ့ပါသည်။ ရှေးယခင်က မီး တောင်ဟောင်း ဖြစ်ခဲ့ဖူး၍များ မီးငြိမ်းတောင် ခေါ်ဆိုသည်လားဟု တွေးနေမိသည်။

          ရေပူကန်တွင် တစ်နှစ်တစ်ခါ ရေချိုးပေး ခြင်းဖြင့် ခန္ဓာကိုယ်အရေပြားတွင် ပေါက်တတ် သော ဝဲ၊ ယားနာများ ပျောက်ကင်းသည်ဟု ဆိုသည်။ အင်းလေးကန် ရေပူမှာ ရေပွက်ပွက် ဆူနေသောရေများ ထွက်နေသည်မှာ ထူးခြား ချက်တစ်ခု ဖြစ်ကြောင်း ဖော်ပြလိုက်ပါသည်။ ရေပူရွာမှ ဆက်သွားလျှင် အင်းလေးမုန့်ရွာဟု ခေါ်သော ခေါင်တိုင်စံပြကျေးရွာတွင် လည် ပတ်၍ မုန့်များ စားသောက်နိုင်ပါသေးသည်။     

          “”ငါတို့ စက်မှုဇုန် စတည်တုန်းက သွား လေ့လာတာ။ အင်းလေးကန်က မီးတောင် ဟောင်းကြီး။ အဲဒီကနေ မီးတောင်မှုတ်တာ အေးသာယာ၊ စက်မှုဇုန်မှာ ပုပ္ပားတောင်မှာ တွေ့တဲ့ ချော်ရည်အလုံးလေးတွေကို တွေ့လိမ့် မယ်။ စက်မှုဇုန်မှာ ရှိတယ်ဗျာ နေရာအနှံ့ပဲ။ မြေကြီးထဲတူးရှာရင် တစ်ပေပတ်ဝန်းကျင်မှာ ရှိတယ် ချော်ရည်တွေ။ မီးတောင်ကြီးက ပေါက် ကွဲပြီး ဖြစ်လာတာ။ နောက်ဘက်မှာ ရေပူကန် ရေနွေးကန် ထွက်လာတာ မီးသေတောင်ကြီး။ ရွှေညောင်မှာလည်း ရေနွေးကန်ရှိတယ်။ အရင်က ဧရိယာဆိုရင် ရွှေညောင်ဟိုဘက် ကျော်တယ်။ အင်းပြင်ကြီးက ကျယ်တယ်။ အကုန်လုံးပါတာပေါ့။ တို့က အိမ်သစ်နေရာ ချတော့ အဲဒီချော်လုံးလေးတွေကို တွေ့တာ။ မီးတောင်ဟောင်းဆိုတာ တို့က အဲဒီမှလက်ခံ တာ။ အဲဒါ မီးတောင်ဝကြီး။ အခု ရေပူစမ်း ဖြစ်နေတယ်။ တောင်လေးလုံးမှာလဲ ရေနွေးရွာ ရှိတယ်” ဟု ရှေ့မီနောက်မီ ဦးတင့်ဆွေက ပြောသည်။

          ရွှေညောင်မြို့တွင်လည်း ရေနွေးရာ တည်ရှိသည်။ အရိပ်မပေါ် မွေတော်ဘုရား တည်ရှိရာ လွယ်မင်းစဉ်တောင်ခြေတွင် ရေ နွေးရွာတည်ရှိပြီး သဘာဝရေနွေးများထွက် ရှိခြင်းဖြစ်သည်။ ထို့ပြင် ရွာငံမြို့နယ်တွင် ရေ ဖြူထွက် သဘာဝရေကန်တည်ရှိ၍ သဘာဝ အတိုင်း အဖြူရောင်ရေများ တောင်ခြေမှစီး ထွက်လာခြင်းဖြစ်သည်။ ထို့ပြင် ပင်းတယမြို့ နယ်တွင် ရေပူရေအေးပေါင်းစပ်ခြင်းမရှိသော ဇော်ဂျီရေထွက်ရှိကြောင်း လမ်းပြက ဆိုသည်။

အင်းလေးအစ နန်းသဲက

          နန်းသဲသမိုင်းကြောင်းကို ပြည့်ပြည့်စုံစုံ ပြောမှသာ ရေလည်စွာ နားလည်နိုင်ပေမည်။ နန်းသဲရွာသည် အင်းလေးကန် အစအဦးရွာ ဟုပင် ဆိုနိုင်ကြောင်း ပြင်သာကျောင်းဆရာ တော်က မိန့်ကြားသည်။

          အင်းလေးကန်သို့ ရောက်ရှိလာသော အလောင်းစည်သူမင်းကြီး၏ လှေသားများထဲ တွင် လိုက်ပါလာသော ထားဝယ်သား ငထောင်  နှင့် ငနောင်တို့သည် အင်းလေးတွင် နေခဲ့လို ကြောင်း မင်းတရားထံ လျှောက်ထားသည်။ ထားဝယ်နှင့် ရေကန် ဆင်တူသဖြင့် နေခဲ့လို ကြောင်း လျှောက်တင်သဖြင့် အိမ်ထောင်စု ၃၆ စု နှင့် နန်းသဲရွာတည်သည်ဟု စာထဲတွင် ပါရှိသည်။ ၎င်းင်းတို့ ထားဝယ်မှ ပင့်ဆောင်လာ သော ၂၈ ဆူ ဘုရားကိုလည်း ဦးစွာ ကိုးကွယ်ခဲ့ ကြောင်း ဖတ်ရသည်။

          ထို့ကြောင့် အင်းလေးဖောင်တော်ဦး ထက်ပင် နန်းသဲရွာပြင်သာကျောင်းတွင် ကိုး ကွယ်ထားသော နှစ်ကျိပ်ရှစ်ဆူဘုရားသည် ပို၍ ရှေးကျသည်ဟု ဆရာတော်က မိန့်ကြား သည်။

ထူးခြားသော အင်းလေးကန်

          အင်းလေးကန်ကဲ့သို့ ရေပေါ်တွင် အိမ် ဆောက်၍ လူနေထိုင်သောမြို့များလည်း ကမ္ဘာအနှံ့ ရှိကြသည်။ ထင်ရှားသောမြို့မှာ ဗင်းနစ်မြို့ဖြစ်ပြီး အရှေ့အင်းလေး၊ အနောက် ဗင်းနစ်ဟူသော ဆိုရိုးစကားရှိသည်။ အီတလီ နိုင်ငံ အရှေ့မြောက်ဘက်မှာရှိသော ဗင်းနစ် မြို့သည် ပင်လယ်ထုံးအိုင်ဟုခေါ်သော ပင် လယ်နှင့် ဆက်နေသော ရေပြာအိုင်ကြီးထဲတွင် တည်ရှိနေခြင်းဖြစ်သည်။ မြို့တွင်းတူးမြောင်း များမှတစ်ဆင့် ကြည်လင်သော စိမ်းပြာရောင် ရေများကြောင့် လှပကြောင်း မြင်ဖူးဖတ်ဖူး သည်။ ဗင်းနစ်မြို့သည် ကျွန်းပေါ်တွင် တည် ဆောက်ထားခြင်းမဟုတ်ဘဲ သန်းနှင့်ချီသော သစ်လုံးများပေါ်တွင် အိမ်ဆောက်ခြင်းဖြစ် ကြောင်း သိရသည်။ သစ်လုံးများကို စေ့နေ အောင် ဒေါင်လိုက်စိုက်ထားပြီး အပေါ်မှ ရွှံ့ လောင်း၍ မြို့ကွက်ဖော် တည်ဆောက်ထား ခြင်းဖြစ်ကြောင်း သိရသည်။

          အင်းလေးကန်ရှိ ကျေးရွာများသည် ရေ ပြင်ပေါ်တွင် တိုင်စိုက်၍ အိမ်ဆောက်ထား ကြခြင်းဖြစ်သည်။ ဗင်းနစ်တွင် အထပ်မြင့် တိုက်တာကြီးများ ဆောက်ကြသလို အင်းလေး တွင်လည်း ရေပေါ်အိမ်ကြီးများ၊ ကျောင်းကြီး များ ဆောက်လုပ်ထားသည်ကို မြင်တွေ့နိုင်ပါ သည်။ အင်းလေးဖောင်တောင်ဦးဘုရား စံ ကျောင်းတော်ကြီးကို ဆောက်လုပ်ရာတွင် အောက်ခြေတွင် ဂျစ်ကားဘော်ဒီများ ထည့်၍ ကာရံစေပြီး မြေဖို့ထားခြင်းဖြစ်ကြောင်း သမိုင်းလေ့လာသူတစ်ဦးက ပြောပြဖူးသည်ကို မှတ်သားခဲ့ဖူးသည်။

          အင်းလေး နမ့်ဟူးဖောင်တော်ဦးဘုရား ကျောင်းတော်သစ်ကြီးကို ခရစ် ၁၉၀၅ ခု၊ ကောဇာသက္ကရာဇ် ၁၃၁၃ ခုနှစ်၊ တန်ခူးလ ဆန်း ၅ ရက်နေ့၊ နမ့်ဟူးရွာနှစ်သစ်ကူး နှစ်ဦး တရားနာအလှူပွဲတွင် ဆရာတော် သံဃာ တော်များနှင့် ဒကာ၊ ဒကာမများ အစည်း အဝေးတစ်ရပ် ကျင်းပပြီးလျှင် မိုင်းပျိုးဂိုဏ်း ထောက် ပထမကျောင်းဆရာတော် ဘုရားကြီး ဦးပဏ္ဍိတက ဥက္ကဋ္ဌအဖြစ် ပါဝင်သော ဖောင် တော်ဦးကျောင်းတော်သစ် ဆောက်လုပ်ရေး ရှစ်ဦးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

          အဆိုပါ ကျောင်းတော်သစ်ကြီးဆောက် လုပ်ရန် မူလရှိရင်းဖြစ်သော ကျောင်းတော် ဟောင်းကိုဖျက်၍ ထိုကျောင်းတော်ဟောင်း နေရာကိုပင် မြေကြီးတို့ဖြင့်လည်းကောင်း၊ သဲတို့ဖြင့်လည်းကောင်း၊ အသစ် ထပ်မံဖို့ခြင်း၊ နေရာတိုးချဲ့၍ဖို့ခြင်းများ ပြုလုပ်ပြီးလျှင် တည် ဆောက်ခဲ့ရကြောင်း ဖောင်တော်ဦး ဘုရားသ မိုင်းစာအုပ်တွင် ပါရှိသည်။ အင်းလေးကန် နှင့်တူသော လူနေရပ်ကွက်တစ်ခု ဥရောပ တိုက်ရှိ နယ်သာလန်နိုင်ငံတွင် တည်ရှိကြောင်း သိရသည်။

     အဆိုပါ  IJburg (Netherland) ဟု ဆို သော နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်တွင် ရေပေါ်ကျွန်းတုများဖြင့် နေထိုင်သော လူနေ ရပ်ကွက်တစ်ခုမှာ ထူးခြားပါသည်။ မြေပေါ် အိမ်ခြေများ ပြည့်ကျပ်လာမှုကို လျှော့ချနိုင်ရန် အတွက် ရေပေါ်အိမ်ခြေ ရပ်ကွက်များ ဖန်တီး လာခြင်းလည်းဖြစ်သည်။ ထူးခြားချက်မှာ အိမ်ခြေများကို ကြီးမားသော ရေမြှုပ်များနှင့် အင်္ဂတေများဖြင့် ဖန်တီးတည်ဆောက်ထား ခြင်းကြောင့် ရေအတက်အကျနှင့်အတူ ရွေ့ မျောနေကြောင်း သိရသည်။ ကျွန်းခြောက်ခု ပေါ်၌ ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင် ရွက်ခြင်းဖြစ်ကာ လက်ရှိအချိန်အထိ ဆောင် ရွက်ဆဲ အခြေအနေများလည်း ရှိသေးကြောင်း သိရသည်။

ခြေထောက်ဖြင့် လှေလှော်သော ထူးခြားဓလေ့

          မြန်မာတွင်သာမက တစ်ကမ္ဘာလုံးတွင် အင်းသားလူမျိုးကဲ့သို့ ခြေထောက်ဖြင့် လှေ လှော်ခြင်းအတတ်ပညာကို မည်သူမျှမတတ် စွမ်းကြပါ။ ခြေထောက်ဖြင့် လှေလှော်ခြင်း ရိုးရာဓလေ့ကို အင်းလေးကန်တစ်နေရာ တည်းတွင်သာ လေ့လာနိုင်ပါသည်။ အင်းသား တို့သည် ကလေး၊ လူကြီးမှအစ ရိုးရာလှေ လှော်ခတ်ရာတွင် အင်းသားတို့၏ ဓလေ့အ တိုင်း ခြေဖြင့်လှော်ခတ်သွားလာလေ့ရှိသည်။ တချို့လည်း ထိုင်၍လှော်ခတ်ကြသည်။

          ရိုးရာပွဲတော် တို့နွှဲပျော်၊ ခြေထောက်လှေ လှော် ၊ ကမ္ဘာကျော်တဲ့ တို့အင်းသားဟူသော စကားအတိုင်း အင်းသားတို့၏ ခြေထောက်ဖြင့် လှေလှော်ခြင်း အတတ်ပညာသည် ထင်ရှားပါ သည်။ အင်းသားတို့၏ ရိုးရာဓလေ့တစ်ခုဖြစ် သော ခြေထောက်ဖြင့် လှေလှော်ခြင်းအတတ် ပညာ မပပျောက်စေရန် ရိုးရာ ထိန်းသိမ်းသော အားဖြင့် ဖောင်တော်ဦးဘုရားပွဲတော်တွင် အင်းသားရိုးရာ လှေလှော်ပြိုင်ပွဲကို နှစ်စဉ် ကျင်းပကြပါသည်။

          အင်းသားတိုင်းရင်းသားတို့သည် ရေပေါ် တွင် နေထိုင်သဖြင့် လမ်းလျှောက်ခြင်းနည်း သဖြင့် ကိုယ်လက်လှုပ်ရှား ကျန်းမာရေးအ တွက်လည်းကောင်း၊ မြန်ဆန်စွာ ခရီးပေါက်နိုင် ရန်အတွက်လည်းကောင်း မတ်တပ်ရပ်ပြီး ခြေဖြင့်လှော်ခတ်ခြင်း ဖြစ်ကြောင်း အင်းလေး ဒေသခံ တစ်ဦးက သူ့အမြင်ကိုရှင်းပြသည်။

          အင်းသားရိုးရာ လှေလှော်ပြိုင်ပွဲမှာ ထင် ရှား၍ အင်းသားတို့၏ ပင်ကိုဟန်ပန်အတိုင်း ခြေဖြင့်လှော်ခတ်၍ ပြိုင်ပွဲဝင်ကြခြင်းဖြစ် ပါသည်။ အင်းလေး ဖောင်တော်ဦးဘုရား ရုပ်ရှင်တော်မြတ်များ ဒေသစာရီ<ကချီ ပွဲတော် အချိန်ကာလရောက်တိုင်း အင်းသားရိုးရာ လှေလှော်ပြိုင်ပွဲကို ကျင်းပလေ့ရှိသည်။ ဖောင် တော်ဦး ဘုရားဆွဲလှေများမှာလည်း ရာကျော် လှေအမျိုးအစားများဖြစ်၍ အမျိုးသားများက တူညီဝတ်စုံများဖြင့် မတ်တပ်ရပ် ခြေဖြင့် လှေ ကိုလှော်ခတ်၍ ဘုရားပင့်ဆောင်ကြခြင်း လည်းဖြစ်သည်။ ဘုရားပင့်ဆောင်သော ဆွဲ လှေနှင့် ပြိုင်လှေအသုံးပြုသလို ပြိုင်လှေများ ဖြင့်လည်း ဆွဲလှေအဖြစ် အသုံးပြုကြသည်။

          အင်းသားတို့၏ လှေပြိုင်ပွဲကို အမျိုးအ စား လေးမျိုး ခွဲခြားထားပါသည်။

(၁) တစ်ကိုယ်တော်

(၂) (နှစ်ကျိပ်ခြောက်တက်) ၂၆ တက်

(၃) (လေးကျိပ်ခြောက်တက်) ၄၆ တက်

(၄) ရာကျော်လှေ (၁ဝဝကျော်လှေ) တို့ဖြစ် ပါသည်။

          အင်းသားတို့၏ ခြေထောက်ဖြင့် လှော် ခတ်ရခြင်းအကြောင်းရင်းကို မေးမြန်းကြည့်ရာ အောက်ပါအတိုင်း ရှင်းပြပါသည်။ အင်းလေး ကန်သည် ကျယ်ပြန့်ခြင်း၊ ကျွန်းမျောများ ရွေ့လျားနေခြင်းတို့ကြောင့် ရေလမ်းကြောင်း ပိတ်ဆို့နေတတ်ပါသည်။ လှေကို လှော်ခတ်နေ စဉ် ကျွန်းမျောပေါ်ရှိ ဗေဒါ ၊ ပိန်းပင်၊ ကျူပင်၊ မြက်ရိုင်းပင်များကြောင့် ရှေ့မြင်ကွင်းကွယ် သောကြောင့် ထိုင်ပြီးလှော်လျှင် ခရီးမရောက် သည့်အတွက် မတ်တတ်ရပ်ကာ လှော်ခတ် ခြင်းဖြစ်သည်။ မတ်တတ်ရပ်ခြေဖြင့်အားထည့် လှော်ခြင်းကြောင့် ကျွန်းမျောများရှင်းလင်းနိုင် သည့်အပြင် ခြေဖြင့်အားမာန်အပြည့်လှော် ခြင်းကြောင့် လိုရာခရီး မြန်ဆန်စွာသွားနိုင် ခြင်းဖြစ်ကြောင်းဆိုသည်။ ထိုသို့ ခြေဖြင့်လှေ ကို လှော်ခတ်ခြင်းအတတ်ပညာကို မြန်မာ နိုင်ငံတွင်သာမက မည်သည့်နိုင်ငံတွင်မှ မမြင် ဖူး မကြားဖူးသော လှော်ခတ်ခြင်းပုံစံတစ်ခုဖြစ် သောကြောင့် ထူးခြားချက်အဖြစ် ဖော်ပြလိုက် ရပါသည်။

အင်းသားတို့၏ ထူးခြားသော မြန်မာ့အနုသုခုမ ပညာ ပန်းဆယ်မျိုး လက်မှုပညာရပ်များ

          မြန်မာ့ရိုးရာ အနုသုခုမအနုပညာရပ် များဖြစ်သော ပန်းဆယ်မျိုး ဆိုသည်မှာ ပန်းပဲ၊ ပန်းထိမ်၊ ပန်းပု၊ ပန်းချီ၊ ပန်းယွန်း၊ ပန်းပွတ်၊ ပန်းတော့၊ ပန်းတမော့ ၊ ပန်းရန်၊ ပန်းတဉ်းတို့ ဖြစ်ကြသည်။

          အင်းလေးကန်တွင် ထုတ်လုပ်သော သံ ထည်ပစ္စည်းများဖြစ်သည့် ကတ်ကြေး၊ ဓား၊ ဓားမ စသောအိမ်အသုံးအဆောင် ပစ္စည်းများ မှာ ခိုင်ခံ့အကြမ်းခံမှု နာမည်ကြီးသည်။

          အင်းလေးတွင် ရွှေငွေစသည့်လက်ဝတ် တန်ဆာမှစ၍ အသုံးအဆောင်ပစ္စည်းအမျိုး မျိုးကို သွန်းထုခတ်လုပ်သည့်ပညာ ဖြစ်သော ပန်းထိမ်လည်း နာမည်ကျော်ပါသည်။ အင်း လေး ရွာမတွင် ရွှေပန်းထိမ်၊ ငွေပန်းထိမ်လက် မှုလုပ်ငန်းများ လုပ်ကိုင်ကြသည်။ အင်းလေး တွင် ရှေးဟောင်းပစ္စည်းများ ၊ သစ်သားပန်းပု ရုပ်လုံးရုပ်ကြွများ၊ အမှတ်တရရှေးဟောင်း ပစ္စည်းများ ရောင်းချသောဆိုင်များလည်း ရှိကြပါသည်။

          ထို့ပြင် အင်းပေါခုံရွာရှိ အင်းလေးရက် ကန်းရုံများသည် ထင်ရှားသည်။ အင်းပေါခုံရွာ သည် လွတ်လပ်ရေးမရမီကပင် ရက်ကန်း လုပ်ကိုင်သူများရှိပြီး ပိုးထည်လုပ်ငန်းဖြင့် နာမည်ကျော်ကြားခြင်း ဖြစ်သည်။

ရေအောက်မြုပ်သွားသော မြို့တော်နှင့် ပေါ်ထွက်လာသော တာရိုး

          အင်းလေးကန် တောင်ဘက်ပိုင်းတွင် မိုးဗြဲဆည် တည်ဆောက်လိုက်သဖြင့် ရေ အောက်မြုပ်သွားသော စံကားမြို့ဟောင်း တည် ရှိပါသည်။ ယခုအခါ စံကားကျေးရွာအဆင့် သာ ရှိတော့သည်။

          အင်းလေးကန်၏ တောင်ဘက်ပိုင်း စကားအနီး ကုန်းသာရွာမှ ရေသွယ်မြောင်းကို သွားရောက်နိုင်သည်။ အင်းသားအခေါ် တာ ရိုးခေါ်သည်။ 

          စံကားမြို့ကို ကျိုင်းဟိုင်းစော်ဘွား ““စဝ် ပြားစဲ” ညီတော် ““စဝ်ပြားလဲ” က နောက်ပါ ယွန်းရှမ်းလူမျိုးများဖြင့် မြန်မာသက္ကရာဇ် ၈၄၁ ခု၊ ခရစ်နှစ် ၁၄၇၆ ခုက လွယ်နွဲ့ဘုရားကုန်း အရှေ့မြောက်အရပ်တွင် (ပန်လုံမြို့) ဟု သတ် မှတ်ပြီး မြို့တည်ကာ အုပ်ချုပ်စိုးစံခဲ့ကြောင်း သိရသည်။ ကျိုင်းဟိုင်းကလာသည့် ယွန်းမင်း က စံကားကို စတင်အုပ်ချုပ်ချိန်သည် မြို့၏အနောက်ဘက်ခြမ်းတွင်ရှိသည့် လယ်ကွင်း များကို ရေပေးဝေရန် တာရိုး (ခေါ်) ရေသွယ် မြောင်းဆောက်လုပ်ပြီး ““လိန်လမ်”ရေထွက် ကနေ ရေသွယ်တန်း ပေးခဲ့ခြင်းဖြစ်ကြောင်း စံကားစော်ဘွား၏ အဆက်အနွယ်များ ပြောပြ ချက်အရ သိရသည်။

          ၁၉၇၃ ခုနှစ်က မိုးဗြဲဆည် (ရေလှောင် တမံ) တည်ဆောက်လိုက်ခြင်းကြောင့် ရှမ်း စော်ဘွားများ အုပ်ချုပ်လာခဲ့သည့် စံကားမြို့ သည် ရေမြုပ်သွားကာ ယခုချိန်တွင် ကျေးရွာ အဖြစ်သာ ကျန်ရှိတော့ကြောင်း သိရသည်။ တာရိုး (ခေါ်) ရေသွယ်မြောင်းအုတ်တံတိုင်း လည်း ရေမြုပ်သွားပြီး ပျက်စီးသွားခဲ့ကြောင်း သိရသည်။

          ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး ခရိုင်၊ ညောင်ရွှေမြို့နယ်ရှိ ရှမ်း၊ အင်း၊ ပအိုဝ်း တိုင်းရင်းသားများ နေထိုင်ရာ စံကားရွာသည် တိမ်မြှုပ်နေသော ရှေးဟောင်းမြို့ဟောင်း ကျေး ရွာတစ်ရွာအဖြစ် ထင်ရှားပြီး ရှေးဟောင်းယဉ် ကျေးမှု ဘုရားစေတီများစွာရှိပါသည်။ စံကား တွင် တာခေါင်မွေတော်စေတီစု တည်ရှိပြီး ကက္ကူမွေတော်ဘုရားကဲ့သို့ပင် ယွန်းရှမ်းများ ၏ လက်ရာ ရှေးဟောင်းဗိသုကာ အမွေအနှစ် များကို လေ့လာနိုင်ပေသည်။

          စံကားမြို့သည် အေဒီ ၁၄၇၉ ခုနှစ် တွင် ထိုင်းနိုင်ငံ ချင်းဟိုင်းကိုအုပ်စိုးသော စော်ဘွား ညီတော် ဗရားလိုင်း ၊ နောက်ပါများက အခြေချ ခဲ့ကြောင်း မှတ်တမ်းအရ သိရသည်။ ခရစ် သက္ကရာဇ် ၁၇၉၀ ခုနှစ်တွင် အိမ်ခြေ ၁၉၆၀ နီးပါးရှိသော စံကားမြို့သည် စည်ပင်တိုးတက် ခဲ့သည်။ ၁၉၇၀ ခုနှစ်ခန့်တွင် မိုးဗြဲရေလှောင် တမံ တည်ဆောက်ခြင်းကြောင့် စံကားမြို့ တော် တစ်ဝက်ကျော် ရေဖုံးလွှမ်းခဲ့ပြီး ကျေးရွာ ပေါင်းများစွာ ပြောင်းရွှေ့ခဲ့ရပြီး စံကားအင်း နှင့် ဖယ်ခုံအင်းဖြစ်လာပါသည်။

ညောင်ရွှေမြို့ ဘိုးဆင်တောင်၊ ဘွားဆင်တောင် ပူဇော်သောဓလေ့

          တခြားမြို့ရွာများတွင် မရှိဘဲ ညောင်ရွှေ မြို့တွင်သာရှိသော ဓလေ့တစ်ခုလည်း ဖြစ် သည်။ ညောင်ရွှေဒေသခံများက ဘိုးဆင် တောင်၊ ဘွားဆင်တောင် ပူဇော်ခြင်းဟုသာ ပြောဆိုကြသည်။

          ညောင်ရွှေနယ်တွင် ရှင်ပြုအလှူပွဲတိုင်း ပူဇော်ပသလေ့ ရှိသော ဘိုးဆင်တောင် ၊ ဘွား ဆင်တောင် နတ်နန်းတွင် လာရောက် ကုသိုလ် ပြု အမျှအတန်းပေးဝေလေ့ရှိပါသည်။

          ယခင်က ညောင်ရွှေမြို့ ဆင်တောင်တွင် နေထိုင်သော အဘိုးနှင့် အဘွားတို့ကို ညောင် ရွှေမြို့တွင် နတ်စင်ဖြင့် ကိုးကွယ်ထား၍ အလှူ အတန်းများ၊ လုပ်ငန်းများဆောင်ရွက်သော အခါ ပူဇော်ပသ၍ အမျှအတန်းပေးဝေသော ဓလေ့ဖြစ်ကြောင်း နတ်စင်တွင် ကူညီဆောင် ရွက်ပေးနေသော ဦးဝင်းမြင့်က ဆိုသည်။

          ညောင်ရွှေမြို့ အရှေ့မြောက်ယွန်းယွန်း တွင် တည်ရှိသော ဆင်တောင်၌ တည်ရှိ သော နတ်နန်းပင်ဖြစ်ကြောင်း သိရသည်။ မြန်မာ သက္ကရာဇ် ၇၂၁ ခုနှစ် ဆီဆိုင်ဖလက်ထက် ကတည်းကပင် ဆင်တောင်တွင် ထိုနတ်နန်း ရှိခဲ့ကြောင်း သိရသည်။

          အင်္ဂလိပ်များ မြန်မာနိုင်ငံကို သိမ်းပိုက် လိုက်ပြီးနောက် ရှမ်းပြည်နယ် စော်ဘွားများ တစ်နယ်နှင့်တစ်နယ် တိုက်ခိုက်ကြရာတွင် ကူကြိုးဘုရားတွင် အခြားစော်ဘွားများက ညောင်ရွှေစော်ဘွားကို တိုက်ခိုက်ကြကြောင်း၊ စော်ဘွား၏ ညာဘက်ပေါင်တွင် သေနတ် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဆုတ်ပြေးလာစဉ် ဆင် တောင်အရောက် သူ့အသက်ကို ဘိုးဆင် တောင်၊ ဘွားဆင်တောင် ကယ်တော်မူပါရန်၊ စော်ဘွားအသက်ကို ကယ်တင်လျှင် ညောင် ရွှေမြို့ကို ပင့်ဆောင်၍ နတ်နန်းဖြင့် ကျေးဇူး ဆပ်မည်ဟု အဓိဋ္ဌာန်ပြုရာ ရန်သူများက မမြင် တော့ဘဲ ရှာမတွေ့ဘဲ ပြန်သွားကြောင်း သိရ သည်။ စော်ဘွားသည် မြန်မာပြည် သွားရောက် ဆေးကုသမည်ဆိုကာ ရွာငံဘက်မှဆင်း၍ ပြည်မတွင် သွားရောက်ဆေးကုခဲ့ကြောင်း သိရသည်။

          ညောင်ရွှေစော်ဘွားကြီး ဆာစောမောင် ၏ ညီတော်က ပြန်တိုက်ရာ နိုင်သဖြင့် ညောင် ရွှေကို ပြန်လည်အုပ်စိုးခွင့်ရခဲ့ကြောင်း၊ စော် ဘွားကြီး ဆာစောမောင်မှာ စော်ဘွားလက် မဲ့ဖြင့် နေခဲ့ကြောင်း သိရသည်။ နောင်တစ်ချိန် စော်ဘွားရာထူးအာဏာ ပြန်လည်ရရှိလာချိန် ညောင်ရွှေမြို့၊ မင်္ဂလာရပ်၊ ဘိုးတော်ကုန်းသို့ ဘိုးဆင်တောင် ဘွားဆင်တောင် ပင့်ဆောင်၍ နတ်နန်းတည်ထားကြောင်း သိရသည်။ မင်္ဂ လာရပ်ကိုလည်း ဘိုးတော်ကုန်းဟုခေါ်ဆို ကြောင်း ၊ ထိုအချိန်မှစ၍ ဘိုးဆင်တောင်၊ ဘွားဆင်တောင်နတ်နန်း ပေါ်လာကြောင်း သိရသည်။ ဆင်တောင်၏ ရေဝေရေလဲဒေသ တွင်ရှိသော သတ္တဝါအများကို ကျန်းမာချမ်း သာစေရန် စောင့်ရှောက်ခဲ့ခြင်းဖြစ်ကြောင်း၊ အသက်ရှည်သော နတ်ဟုပင် သဘောထားကြ ကြောင်း ဦးဝင်းမြင့်က ဆိုသည်။ ညောင်ရွှေ ကို ရောက်လာပြီးချိန် ကုသိုလ်ကောင်းမှုများ ပြုလုပ်ရာတွင် လုပ်ငန်းအောင်မြင်ရန် ဘိုးဆင် တောင်၊ ဘွားဆင်တောင်သို့ လာရောက်၍ ကန်တော့ပွဲပေးကာ ဆောင်ရွက်ရာ အောင်မြင် သဖြင့် အလှူအတန်း ပြုလုပ်ရာတွင်လည်း ကောင်း၊ ရှင်ပြုရာတွင်လည်းကောင်း ၊ ကန် တော့ပွဲဖြင့် လာရောက် ပြသခြင်း ဖြစ်ကြောင်း ၎င်းင်းက ပြောပြသည်။

ညောင်ရွှေနယ်မှ ရှေးအကျဆုံး မွေတော်ဘုရား နှစ်နေရာ

 

          ညောင်ရွှေနယ်ရှိ ရှေးအကျဆုံး ပထမဆုံး ဘုရားမှာ အင်းတိမ်ဘုရားဖြစ်သည်။ ရွှေအင်း တိမ်ဘုရားတည် ကျောက်စာတွင် ရွှေအင်း တိမ်ဘုရားကို သာသနာနှစ် ၂၀၀ ကျော်တွင် သီရိဓမ္မာသောကမင်းကြီး စတင်တည်ခဲ့ ကြောင်း ရေးထိုးဖော်ပြထားသည်။ ထို့နောက် ပုဂံ အနော်ရထာမင်းလက်ထက် အနော်ရထာ မင်းက ထပ်ဆင့်တည်ပြီး သာသနာမြေနေရာ နှင့် ဘုရားကို စောင့်ရှောက်ရန် ကျွန်သီးတော် အခြွေအရံများကိုပါ ထားရှိ လှူဒါန်းကြောင်း သိရသည်။ အနော်ရထာမင်းက ရှေးဦးစွာ ပြု ပြင်ထပ်ဆင့်တည်ထား၍ ထပ်မံပြုပြင်ခဲ့သော မင်းများမှာ နရပတိစည်သူမင်း၊ မိုးညှင်းမင်း တရားကြီး၊ မင်းရဲကျော်စွာ၊ မင်းခေါင်၊ ဆင်ဖြူ ရှင်မင်းတို့ဖြစ်ကြောင်း သိရသည်။

          စာရေးသူ ရွှေအင်းတိမ်ရောက်ရှိတိုင်း ခံစားရသည်မှာ ပုဂံ ခေတ် စေတီဘုရားပုထိုး များအတိုင်း တည်ထားသော ရှေးဟောင်း ဘုရားများကို မြင်တွေ့ရသဖြင့် ရှေးဟောင်း လက်ရာအငွေ့အသက်ကို ပြန်လည်ခံစားမိ သည်။

          အင်းတိမ်ဘုရားတွင်ရှိသော စောင်းတန်း ကြီးမှာ ကြီးမားခိုင်ခန့်၍ လှပသောရှုခင်းဖြစ် သည်။ အင်းတိမ်ဘုရား စောင်းတန်းသည် ညောင်ရွှေနယ်၊ အင်းလေးဒေသတွင် ထုထည် အကောင်းဆုံးနှင့် အရှည်လျားဆုံး စောင်း တန်းတစ်ခု ဖြစ်ပေသည်။

          အင်းတိမ်ဘုရားစောင်းတန်းတွင် တိုင် ပေါင်း ၄၀၃ တိုင်ရှိပြီး စောင်းတန်းမှာ အင်း တိမ်ချောင်းထိပ်မှစ၍ ဘုရားအထိ အရှည်မှာ အတောင် ၂၀၀၀ ဖြစ်ကြောင်း သိရသည်။ အင်း တိမ်ဘုရားစောင်းတန်းကြီးတွင် ကွန်ကရစ် အုတ်တိုင်များဖြစ်ပြီး အချို့နေရာများတွင် ကျွန်းတိုင်များဖြစ်သည်။ တန်ဆောင်းကြီးဆုံး လျှင် ရွှေအင်းတိမ်ဘုရားကို ဖူးတွေ့နိုင်သည်။ ရွှေအင်းတိမ်ဘုရား၌ အလွန်အဖိုးတန်သော ယဉ်ကျေးမှုအနုပညာလက်ရာများဖြစ်သော မန္တလေး ပန်းချီဆရာ နိုင်ငံကျော် ဦးစောမောင် လက်ရာများစွာ တွေ့ရသည်။

          ရွှေအင်းတိမ်ဘုရားတွင် ဘုရားပုထိုး စေတီပေါင်း ၁၀၅၈ ဆူ ရှိကာ ရှမ်းပြည်နယ် တွင် ကက္ကူပြီးလျှင် ဒုတိယမြောက် စေတီတော် အစုအဝေးအများဆုံး နေရာတစ်ခုလည်းဖြစ် သည်။ စမ်ကား (စံကား) ဘက်တွင် ဗုဒ္ဓဘာသာ သာသနာပြု ယွန်းရှမ်းတို့၏ လက်ရာများ တည်ထားခဲ့ကြောင်း ဖတ်ဖူးပါသည်။ ကက္ကူဘု ရားများမှာလည်း ယွန်းရှမ်းတို့၏ လက်ရာ များဖြစ်ကြောင်း သိရသည်။

          နောက်ထပ်ရှေးကျသော စေတီတော် တစ်ဆူမှာ ညောင်ရွှေမြို့အဝင်တွင် တည်ရှိ သော ပေါရိသတ်ဘုရားဖြစ်သည်။

         သီရိဓမ္မာသောကမင်းကြီး တည်ထားကိုးကွယ်သော ပေါရိသတ်ဘုရား

          ပေါရိသတ်ဘုရား မူလခေါင်းလောင်း တော်တွင် ရေးသားထားသော ခေါင်းလောင်း စာအရ သက္ကရာဇ် ၁၅၃ ခု ၊ တန်ခူးလဆန်း၊ ပေါရိသတ်ဆရာတော်က လှူဒါန်းခြင်းဖြစ် ကြောင်း ရေးထိုးထားသည်ကိုကြည့်ခြင်းအား ဖြင့် သက်တမ်းမှာ နှစ်ပေါင်း ၂၀၀၀ ကျော်ပြီ ဟု ခန့်မှန်းနိုင်သည်။ အဆိုပါခေါင်းလောင်း သည် ဒုတိယခေါင်းလောင်းဖြစ်ပြီး ပထမ ခေါင်းလောင်းမှာ ပျောက်ဆုံးခဲ့ရကြောင်း ဂေါပကအဖွဲ့က ဆိုသည်။

          ကောသမ္ဘီမင်းကြီးပင် ပေါရိသတ်ဘုရား ကို ကြည်ညိုကန်တော့ရသည်ဟုဆိုသဖြင့် ပေါရိသတ်ဘုရားသည် ရှေးကျကြောင်းဆို သည်။ ကောသမ္ဘီသည် ပုဂံထက် နှစ် ၆၀၀ စောသည်ဟုလည်း ဂေါပကအဖွဲ့က ဆိုသေး သည်။

          ပေါရိသတ်ဘုရားသည် ပင်မစေတီတစ် ဆူ၊ ဘေးမှ အရန်စေတီငယ် လေးဆူ၊ အရန်စေ တီပေါင်း ၇၂ ဆူရှိသဖြင့် စေတီပေါင်း ၇၇ ဆူ ရှိကြောင်း ဆိုသည်။ ပေါရိသတ်ဘုရားသည် နှစ်ပေါင်း ၂၀၀၀ ကျော်ပြီဖြစ်ကာ ပေါရိသတ် ဘုရားကို ပြန်လည်ပြင်ဆင်ထားသည်မှာ နှစ်ပေါင်း ၁၈၀ ကျော်ပြီဖြစ်ကြောင်း ဂေါပက အဖွဲ့က ဆိုသည်။

          ပေါရိသတ်ဘုရား၏ တောင်ဘက်မုခ်၌ ပူဇော်ထားသော ဆင်းတုတော်မှာ (အမည် မမှတ်မိ) စော်ဘွားကိုးကွယ်ပူဇော်ထားသော နှီးဘုရားဖြစ်ကာ အံ့ဖွယ်လေးချက်ဖြင့် ပြည့်စုံ ကြောင်း ဂေါပကအဖွဲ့က ဆိုသည်။

          ၎င်းင်းတို့မှာ နှီးပင်ပေါင်း ၈၄၀၀၀ ပင်ကို မဖြတ်ဘဲ ဘုရားရက်လုပ်ပူဇော်ခြင်း၊ ဗောဓိ ပက္ခိယ ၃၇ ပါးကို ပူဇော်သောအားဖြင့် ကနုတ် ပေါင်း ၃၇ ခု၊ အဘိဓမ္မာ ခုနစ်ကျမ်းကို ပူဇော် သောအားဖြင့် ဆင်းတုတော် ပလင်တော် ခုနစ်ဆင့်၊ သိက္ခာသုံးရပ် ကိုယ်စားပြုသောအား ဖြင့် မင်းကျင့်တရား ၁၀ ပါး ပြည့်စုံသော မင်း၊ သီလ သမာဓိ သိက္ခာ ပြည့်စုံသော သံဃာ တော်၊ အကျင့်သီလရှစ်ပါး သီလမြဲသော ဗိသု ကာဆရာ၊ ထိုသုံးပါးသုံးရပ် စုံညီစွာဖြင့် ရက် လုပ်ပူဇော်ခြင်း ဖြစ်ကြောင်းဆိုသည်။ (အဆိုပါ ပေါရိသတ်ဘုရားသမိုင်းကို ရှည်လျားစွာ ပြော ပြသော်လည်း မင်းနာမည်၊ သက္ကရာဇ်ကို အ တည်ပြုနိုင်ခြင်း မရှိသဖြင့် ချန်လှပ်ထားခဲ့ ပါမည်)။

          ကောသမ္ဘီမြို့ကို ရှမ်းဘာသာအသံဖြင့် ကော့ဆံပီဟု အသံထွက်ပြီး အဓိပ္ပာယ်မှာ မောင်နှမနှစ်ယောက် သုံးနှစ်တစ်ကြိမ် တစ် လှည့်စီ အုပ်ချုပ်သည်ဟု ဆိုလိုသည်။

ယဉ်ကျေးမှုဝန်ကြီးဌာန သုတေသန စမ်းသပ်ချက်

          ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပေါရိသတ် မြို့ဟောင်း (ခေါ်) ကောသမ္ဘီမြို့ဟောင်း မြို့ဝင် ပေါက်ကို ယဉ်ကျေးမှုဝန်ကြီးဌာနက စမ်းသပ် တူးဖော်သုတေသနပြု လုပ်ငန်းဆောင်ရွက် ခဲ့ကြောင်း ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

          ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး ခရိုင်၊ ညောင်ရွှေမြို့နယ်၊ တောင်လေးလုံး ကျေးရွာအုပ်စု၊ ဘုရားနီကျေးရွာအနီးရှိ ပေါရိ သတ် (ခေါ်) ကောသမ္ဘီမြို့ဟောင်း၊ မြို့ဝင် ပေါက် သုတေသန စမ်းသပ် တူးဖော်ပြီးစီးမှုကို ၁၄-၂-၂၀၁၆ ရက်နေ့ မွန်းလွဲပိုင်းတွင် ယဉ် ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ ကြည့်ရှု စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

          အဆိုပါ ပေါရိသတ်မြို့ဟောင်း (ခေါ်) ကောသမ္ဘီမြို့ဟောင်း (ဒေသအခေါ်-မြို့ကြီး ကွင်း) သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင် ကြီးခရိုင်၊ ညောင်ရွှေမြို့မှ မြောက်ဘက် လေး မိုင်နှင့် ရွှေညောင်မြို့မှ တောင်ဘက် ၁ ဒသမ ၃၄ မိုင်အကွာတွင် တည်ရှိပြီး မြို့ဟောင်း၏ ပုံသဏ္ဌာန်သည် မှန်ကူကွက်ပုံ သို့မဟုတ် အနားပြိုင် စတုဂံပုံ တည်ရှိကာ မြို့ဟောင်း၏ မြို့ဝင်ပေါက် တူးဖော်သုတေသနပြုမှုကို ၁၆-၁၂-၂၀၁၅ ရက်မှ ၂-၁-၂၀၁၆ ရက်အထိ ဆောင်ရွက်ခဲ့ကြပြီး မြို့ရိုးနှင့် မြို့ဝင်ပေါက်၏ ဗိသုကာလက်ရာနှင့်  အထောက်အထားတို့ကို ဖော်ထုတ်ထိန်းသိမ်းရန်၊ အဆောက်အအုံ တည်ဆောက်မှု နည်းစနစ်ကို သိရှိနိုင်ရန်၊ တွေ့ရှိလာမည့် အထောက်အထားများ၊ ဝတ္ထု ပစ္စည်းများကို ပျူခေတ်ယဉ်ကျေးမှုများနှင့် နှိုင်းယှဉ်လေ့လာနိုင်ရန်ရည်ရွယ်၍ တူးဖော် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

          တူးဖော်မှုအရ မြို့ဝင်ပေါက်သည်  ၄၈၄ စင်တီမီတာကျယ်ပြီး မြို့ရိုးသည် ၁၇၀ စင်တီမီ တာထုနှင့် မြို့ဝင်ပေါက်လက်တံသည်  ၁၆၃ စင်တီမီတာထုရှိကြောင်း သိရသည်။ မြို့ရိုး ကိုအောက်ခြေတွင် မီးသင့်ကျောက် (ဒေသ အခေါ် ဓာတ်ကျောက်) ကိုခင်း၍ အုတ်မြစ်ခံ ထားကြောင်း သိရသည်။

          ပစ္စည်းများအနေဖြင့် အခြယ်အလှယ် မပါသော အိုးခြမ်းကွဲများနှင့် ဆီမီးခွက်၊ ရေ သယ်အိုး၊ သိုလှောင်အိုး၊ ချက်ပြုတ်အိုး၊ ရေစင် တော်သွန်းအိုး၊ သပိတ်ပုံသဏ္ဌာန်အိုး စသည် တို့၏ အခြယ်အလှယ်များပါသော အိုးခြမ်းကွဲ များ၊ လက်ရေးစင်းများ၊ ပျူဂဏန်း၊ သချင်္ာ ဂဏန်းများဟုယူဆရသော (၂၀၊ ၈၀) ဂဏန်း များ၊ ခွေးခြေရာများပါရှိသော (၁၈_၉_၃) လက်မအရွယ် အုတ်များ၊ ခုံးအုတ်၊ လိုင်းတွန့် သုံးတွန့်ပါ အုတ်၊ ထပ်ဆက်နိုင်သည့် မြောင်းပါ အုတ်များ၊ သံမယ်နများ ၊ ကြေးချောင်းများတွေ့ ရှိရသည်။

          ပေါရိသတ်မြို့ဟောင်း (ခေါ်) ကောသမ္ဘီ မြို့ဟောင်း၏ မြို့ရိုးဝင်ပေါက်သည် မန္တလေး တိုင်းဒေသကြီး၊ မြစ်သားမြို့နယ်ရှိ ပင်လယ် မြို့ဟောင်း (မိုင်းမော) ၏ မြို့ဝင်ပေါက် ကုန်း အမှတ် ၁၈ နှင့် လည်းကောင်း၊ တွေ့ရှိရသည့် အုတ်များသည် ကုန်းအမှတ်၂၀ ရှိ အုတ်များ နှင့်လည်းကောင်း ဆင်တူသည်ကို တွေ့ရှိရ သဖြင့် ပျူခေတ်နှင့် မရှေးမနှောင်းထွန်းကား ခဲ့သည့် မြို့ဟောင်းတစ်ခုဖြစ်သည်ဟု လတ် တလောအားဖြင့် သုံးသပ်ကြောင်းနှင့် ယခု ထက်ပိုမို တိကျခိုင်လုံသော ရလာဘ်များရရှိ နိုင်ရန်အတွက် ထပ်မံသုတေသနပြုတူးဖော် ရန် လိုအပ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။

          ညောင်ရွှေ၏ ထူးခြားသော နေရာဒေသ များနှင့် ဓလေ့များအကြောင်းကို ခရီးသွား ဆောင်းပါးဖြင့် မှတ်တမ်းတင် ဖော်ပြလိုက်ပါ သည်။

          ညောင်ရွှေနယ်၏ ထင်ရှားထူးခြားသော နေရာများအကြောင်းကို ဆက်လက် လေ့လာ ၍ ရေးသားဖော်ပြသွားမည်ဖြစ်ပါသည်။