အရှေ့ပိုင်းစစ်မျက်နှာရှိ ရွာသုံးရွာမှ ယူကရိန်းစစ်သားများ ဆုတ်ခွာခဲ့ရပြီးနောက် သမ္မတဇယ်လန်းစကီးက လက်နက်များ မြန်မြန်ပို့ပေးရန် မဟာမိတ်များကို မေတ္တာရပ်ခံ

အရှေ့ပိုင်းစစ်မျက်နှာရှိ ရွာသုံးရွာမှ ယူကရိန်းစစ်သားများ ဆုတ်ခွာခဲ့ရပြီးနောက် သမ္မတဇယ်လန်းစကီးက လက်နက်များ မြန်မြန်ပို့ပေးရန် မဟာမိတ်များကို မေတ္တာရပ်ခံ
ရုရှားတပ်သားများဘက်သို့ပစ်မည့် ဟောင်ဝဇ္ဇာအမြောက်ကျည်ဆန်များဘေး၌ ယူကရိန်းအမြောက်တပ်သား ထိုင်နေပုံကို ဧပြီ ၂၀ ရက်တွင်တွေ့ရစဉ်။(Photo:Reuters)
ရုရှားတပ်သားများဘက်သို့ပစ်မည့် ဟောင်ဝဇ္ဇာအမြောက်ကျည်ဆန်များဘေး၌ ယူကရိန်းအမြောက်တပ်သား ထိုင်နေပုံကို ဧပြီ ၂၀ ရက်တွင်တွေ့ရစဉ်။(Photo:Reuters)
Published 29 April 2024

ရုရှားထက် အရေအတွက် လျော့နည်းနေသော ယူကရိန်းတပ်များသည် အရှေ့ပိုင်းစစ်မျက်နှာရှိ ရွာသုံးရွာ၏အနောက်ဘက်က နေရာသစ်များသို့ ဆုတ်ခဲ့ရသည်ဟု ဧပြီ ၂၈ ရက်တွင် ယူကရိန်းဒုတိယဗိုလ်ချုပ်က ပြောကြားခဲ့သည်။

အရှေ့ပိုင်းစစ်မျက်နှာတွင် ရုရှားသည် သာလွန်စစ်သည်အင်အားချထားသောကြောင့် အရေအတွက် ပိုနည်းနေသောယူ ကရိန်းစစ်သားများသည် နောက်ဆုတ်ခဲ့ရခြင်းဖြစ်သည်ဟုဆိုသည်။

ဒုတိယဗိုလ်ချုပ် အိုလက်ဇန်ဒါဆိုင်ရီစကီး၏ ထုတ်ပြန်ချက်သည် အရှေ့ပိုင်းစစ်မျက်နှာ၌ ယူကရိန်း၏ ပိုမိုဆိုးရွားနေသော အနေအထားကို ထင်ဟပ်လျက်ရှိသည်။ သို့ရာတွင် မကြာသေးမီက အမေရိကန်က အ တည်ပြုပေးခဲ့သော စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာ ၆၁ ဘီလျံတန်ကြေးရှိသော လက်နက်များ ရောက်လာသည်နှင့် တစ်ပြိုင်တည်း အခြေအနေသည် တည်ငြိမ်သွားနိုင်သည်ဟု ယူကရိန်းက မျှော်လင့်ထား သည်။

“ရှေ့တန်းမှာ အခြေအနေဟာ ပိုမိုဆိုးရွားလာပါတယ်”ဟု ၎င်းက တယ်လီဂရမ်တွင် ရေးသားခဲ့သည်။ အခက်အခဲအများဆုံးကြုံနေရသော  နေရာများသည် အသိမ်းခံထားရသော မာရင်ကာ အနောက်ပိုင်းနှင့် ဖေဖော်ဝါရီတွင် ရုရှားတပ်ဖွဲ့များက သိမ်းပိုက်ထားသော အက်ဒီဗကာမြို့၏ အနောက်မြောက် ပိုင်းတို့ဖြစ်သည်ဟု ဆိုသည်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးက လက်နက်အကူအညီများ မြန်မြန်ပို့ပေးရန် နိုင်ငံတကာ မဟာမိတ်များကို ပန်ကြားထားသည်။ လက်နက်များ မြန်မြန်ဆန်ဆန် ရောက်လာမှသာ ယူကရိန်းသည် အဆိုပါ နေရာများကို ထိန်းထားနိုင်မည်ဖြစ်ကာ ရုရှားအကြံအစည်များကို အနှောင့်အယှက်ပေးနိုင်မည်ဟု ဆိုသည်။

ယူကရိန်းတပ်ဖွဲ့များသည် ကျေးရွာသုံးရွာတွင် နေရာသစ်များကို ရယူထားသည်ဟု ဆိုင်ရီစကီးက ပြောကြားခဲ့သည်။ ဘာဒိုင်ချီရွာနှင့်ဆီနီဗကာ ကျေးရွာတို့၏အနောက်ဘက်တွင်လည်းကောင်း၊ အက်ဒီဗကာ မြောက်ဘက်၊ မာရင်ကာမြို့၏အနီးတောင်ဘက်တို့တွင်ရှိသော နေရာသစ်များတွင် ယူကရိန်းစစ်သားများ နေရာယူထားသည်ဟု ဆိုသည်။

“ယေဘုယျပြောရမယ်ဆိုရင် ရန်သူဟာ အဲဒီနယ်မြေတွေမှာနည်းဗျူဟာပိုင်း အောင်မြင်မှုအချို့ကို ရရှိခဲ့ပါတယ်။ ရုရှားဟာအဲ ဒီစစ်ဆင်ရေးအတွက်  တပ်မဟာလေးခုကို အသုံးပြုထားတာဖြစ်ပါတယ်”ဟု ၎င်းက ဖော်ပြခဲ့သည်။

အဆိုပါနယ်မြေများတွင် ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသော တပ်ဖွဲ့များ၏နေရာတွင် ယူကရိန်းတပ်ရင်းများ အသစ်များကို အလှည့်ကျချထားသည်ဟု သိရသည်။

နိုဗိုဘတ်မွတ်တီဗကာ၏ အနေအထားကိုလည်းကောင်း၊ ဘာဒိုင်ချီအနီးတွင် တည်ရှိသော နောက်ထပ်ရွာတစ်ရွာ၏ အနေအထားကိုလည်းကောင်း ၎င်းက ဖော်ပြခဲ့ခြင်းမရှိပေ။   ဘာဒိုင်ချီအနီးတွင်တည်ရှိသော ရွာကို ရုရှားတပ်ဖွဲ့များက သိမ်းပိုက်ထားသည်ဟု ဧပြီ ၂၈ ရက်တွင်  ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ရုရှားတပ်များသည် ယူကရိိန်းဘက်၌ လက်နက်ကြီးကျည်ဆန်များနှင့်လူအင်အား ပြတ်လပ်မှုတို့ကို အခွင့်ကောင်းယူကာ အက်ဒီဗကာမြို့ကို သိမ်းခဲ့ပြီးကတည်းက ရှေ့ကို ချီတက်လာခဲ့သည်။                   

Ref:Reuters

Most Read

Most Recent