ဖြူးမြို့နယ် မြို့ချောင်းကျေးရွာနှင့် အောင်စည်ယွန်းကျေးရွာသို့ ဆက်သွယ်ထားသည့် ဖြူးချောင်းကူးတံတား မိုင်းခွဲဖျက်ဆီးခံရပြီး တံတားပေ ၂၀ ခန့် ကျိုးကျပျက်စီး

ဖြူးမြို့နယ် မြို့ချောင်းကျေးရွာနှင့် အောင်စည်ယွန်းကျေးရွာသို့ ဆက်သွယ်ထားသည့် ဖြူးချောင်းကူးတံတား မိုင်းခွဲဖျက်ဆီးခံရပြီး တံတားပေ ၂၀ ခန့် ကျိုးကျပျက်စီး
Published 15 May 2024

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် မြို့ချောင်းကျေးရွာနှင့် အောင်စည်ယွန်းကျေးရွာသို့ ဆက်သွယ်ထားသည့် ဖြူးချောင်းကူးတံတား မေ ၁၃ ရက်က မိုင်းခွဲဖျက်ဆီးခံရပြီး တံတားပေ ၂၀ ခန့် ကျိုးကျပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါတံတားအား မေ ၁၃ ရက်ညပိုင်းက KNU၊ PDF ပူးပေါင်းအဖွဲ့က မိုင်း်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး တံတားအရှည်မှာ အလျား ၃၉၉ ပေ၊ အနံ ၁၄ ပေရှိသည့်အနက် တံတားအလယ်တွင် ပေ ၂၀ ခန့် ကျိုးကျပျက်စီးခဲ့ကြောင်းနှင့် တံတားပျက်စီးမှုကြောင့် လူနှင့်ယာဉ်များ သွားလာ၍ မရတော့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ယခုမိုင်းခွဲခံရသည့် တံတားသည် ဖြူးမြို့၏ အရှေ့မြောက်ဘက် ဇီးခုန်ကျေးရွာအုပ်စုရှိ မြို့ချောင်းကျေးရွာနှင် ့အောင်စည်ယွန်းကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် အဘယမုနိ အောင်စည်ယွန်းဘုရားကြီးသို့ ဆက်သွယ်ထားခြင်းဖြစ်သည့်အပြင် အောင်စည်ယွန်းကျေးရွာတစ်ဝိုက်မှ ဒေသခံများ အုတ်ဖြတ်လမ်းမကြီးသို့ သွားရောက်ရန်အတွက်လည်း အရေးပါသော တံတားတစ်စင်းဖြစ်ကြောင်း သိရသည်။

ယင်းတံတားကို မြို့ချောင်းကျေးရွာမှ အောင်စည်ယွန်းကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် အဘယမုနိ အောင်စည်ယွန်းဘုရားကြီးသို့ သွားရောက်ရန် ၂၀၁၃ ခုနှစ်တွင် ဇေယျဝတီမြို့ဟောင်း အဘယမုနိဘုရားကြီးကျောင်း ဆရာတော်ကဦးစီး၍ နိုင်ငံတော်မှ ပံ့ပိုးငွေကျပ်သိန်းငါးရာကျော်၊  အများပြည်သူများမှ လှူဒါန်းငွေကျပ် သိန်း ၉၇၀ ဝန်းကျင်နှင့်  စုစုပေါင်းကျပ် ၁၄၈၁ သိန်းကျော် ကုန်ကျခံဆောက်လုပ်ထားသည့် သံကူကွန်ကရစ်တံတားဖြစ်ကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

Most Read

Most Recent