မီးလောင်ချိန် ၁၆ နာရီကျော် ကြာမြင်ခဲ့သည့် ထားဝယ်မြို့ ဆီတင်သင်္ဘောမီးလောင်မှု ရှစ်ဦး သေဆုံးကာ သုံးဦးဒဏ်ရာရရှိပြီး တစ်ဦး ပျောက်ဆုံးနေ

မီးလောင်ချိန် ၁၆ နာရီကျော် ကြာမြင်ခဲ့သည့် ထားဝယ်မြို့ ဆီတင်သင်္ဘောမီးလောင်မှု ရှစ်ဦး သေဆုံးကာ သုံးဦးဒဏ်ရာရရှိပြီး တစ်ဦး ပျောက်ဆုံးနေ
Published 15 October 2024

မီးလောင်ချိန် ၁၆ နာရီကျော် ကြာမြင်ခဲ့သည့် ထားဝယ်မြို့ ဆီတင်သင်္ဘောမီးလောင်မှု ရှစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိပြီး တစ်ဦးပျောက်ဆုံးနေကြောင်း ထားဝယ်မီးသတ်တပ်ဖွဲ့ သတင်းထုတ်ပြန်သည်။

မီးလောင်မှုမှာ အောက်တိုဘာ ၁၄ ရက် ညနေ ၄ နာရီခွဲခန့်တွင် ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ကမ်းနားလမ်း၊ ဆိပ်ကမ်းမြေနေရာရှိ မီချီလီဆီသင်္ဘာမီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုတွင် အမျိုးသား ခုနစ်ဦး၊ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကာ အမျိုးသားတစ်ဦး ပျောက်ဆုံးနေကြောင်း ထားဝယ်မီးသတ်တပ်ဖွဲ့က ဆိုသည်။

အဆိုပါ ဆီသယ်သင်္ဘောမှတစ်ဆင့် အလျား (၂၄၀) ပေ၊ အနံ (၂၄) ပေ၊ အမြင့် (၉) ပေခန့်ရှိ B29 ဆီသိုလှောင်ကန်အတွင်းသို့ စက်သုံးဆီထည့်နေစဉ် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်ဟု သိရကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

ထို့အပြင် ဆီသယ်သင်္ဘောပေါ်ရှိ ဒီဇယ်ဆီလီတာ ၅၀၀၀၀ နှင့် ဓာတ်ဆီလီတာ ၅၀၀၀၀ မီးလောင်ဆုံးရှုံးခဲ့ရသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

စက်သုံးဆီသယ်ဆောင်သည့် သင်္ဘောဖြစ်သည့်အတွက်ကြောင့် ယမန်နေ့(အောက်တိုဘာ ၁၄ ရက်) ညနေပိုင်းအချိန်မှ ယနေ့ (အောက်တိုဘာ ၁၅ ရက်) မနက်ပိုင်းအထိ မီးငြှိမ်းသတ်ခဲ့ရကြောင်း ထားဝယ်မြို့အခြေစိုက် လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်များအရ သိရသည်။

“သင်္ဘောက စက်သုံးဆီသယ်တဲ့သင်္ဘောဆိုတော့ မီးလောင်မှုစဖြစ်တဲ့ကို မနေ့ညနေပိုင်းကစလို့ တစ်ညလုံးငြှိမ်းသတ်ခဲ့ရတာပါ။ ဒီနေ့မနက်ပိုင်းမှဘဲ မီးငြိမ်းသွားပါတယ်။ လူရှစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ လေးဦးလောက်ကို ထားဝယ်ပြည်သူ့ဆေးရုံကြီးကိုတင်ပို့ပေးထားရပါတယ်။ အမျိုးသားတစ်ဦးကတော့ ပျောက်ဆုံးနေပါတယ်။ တခြားကို မီးကူးစက်မှုမရှိပါဘူး။ ဆီသယ်သင်္ဘောတစ်စီးတည်း မီးလောင်မှုဖြစ်သွားတာပါ” ဟု ၎င်းတာဝန်ရှိသူက ပြောကြားသည်။

မီးလောင်မှုအား နယ်စပ်ရေးရာဝန်ကြီးမှ အနီးကပ်ကွပ်ကဲ၍ ဒုတိယတိုင်းဒေသကြီးမီးသတ်ဦးမှူးဦးဆောင်ကာ ခရိုင်မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လှုမှုကူညီရေးအသင်းများ၊ ပြည်သူလူထုများနှင့် ပူးပေါင်းကာ မီးသတ်စက်ယာဉ် ၁၂ စီးဖြင့် Foam အမြုပ်ဆေးရည်အသုံးပြုကာ ငြိမ်းသတ်ခဲ့ရာ အောက်တိုဘာ ၁၅ ရက် နံနက် ၉ နာရီခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent